မွန်သတင်းအေဂျင်စီ (၁၄ ဇွန် ၂၀၂၁)
မွန်ပြည်သစ်ပါတီဝင်ဟောင်း တစ်ဦးဖြစ်သူ စာရေးဆရာမွန်စောနွယ် (ခ) ဦးခင်မောင်ထွေးကို ဒလန်ဟု မှားယွင်းဖော်ပြထားသည်ကို ကာယကံရှင်ကိုယ်တိုင် ဒလန်မဟုတ်ကြောင်း ပြောသည်။
ဦးခင်မောင်ထွေးသည့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလက ကြားဖြတ်ရွေးကောက်ပွဲကတည်းက မုဒုံမြို့နယ် နိုင်လှုံကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ခဲ့ပြီး ယခုအစိုးရ အပြောင်းအလဲတွင်လည်း ဆက်လက်တာဝန်ယူခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၀ ရက်ကတည်းက ကြားဖြတ်ရွေးကောက်ပွဲမှာ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့တယ်၊ ဒီအစိုးရ အပြောင်းအလဲမှာလည်း ဆက်လက်တာဝန်ယူခဲ့တာပေါ့နော်၊ ဒီကြားထဲမှာ ရဲဝန်ထမ်းတွေက သတင်းရလို့ ရွာကိုလာရှာဖွေ စုံစမ်းမှုတစ်ခုလုပ်ခဲ့တယ်၊ ကိုယ်က ရပ်ရွာအုပ်ချုပ်ရေးမှူးဆိုတော့ သူတို့သွားချင်တဲ့နေရာကို လိုက်ပို့ရတဲ့ သဘောပဲလေ၊ အဲတာပဲ အဲတာပြီးတော့ နောက်ပိုင်း ၃၊ ၄ ရက် ၅ ရက်အကြာမှာ ကျွန်တော်ပုံကို တင်ပြီးတော့ ရွာက အုပ်ချုပ်ရေးမှူးပါ၊ ကျောင်းကိုလည်း ဖွင့်ထားတယ်၊ ပြီးတော့ ဒီရွာက CDM ဆရာမတွေ မရှိဘူး။ ပြီးတော့ မီတာခကောက်တယ်၊ အဲလိုပြောပြီးတော့ ဒီလူဟာ ဒလန်ပဲ ဆိုပြီးတင်တယ်” ဟု ဦးခင်မောင်ထွေးက ပြောသည်။
ဦးခင်မောင်ထွေးကို လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဒလန်ဟု စွပ်စွဲကာ တွေ့သည့်နေရာတွင် ရှင်းပစ်ရန် ခြိမ်းခြောက်မှုများရှိနေပြီး မိမိအနေဖြင့် ဒလန်မဟုတ်ဟု ရှင်းလင်းပြောဆိုသည်။
“အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြဖို့လိုတယ် ရွာက သူတို့ဆန္ဒအရပဲ ကျွန်တော်တို့က တိုက်တွန်းခြင်းမရှိဘူး၊ CDM လုပ်တာမလုပ်တာက သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲလေ၊ ပြီးတော့ မီတာကောက်တာကျတော့ ကျွန်တော်တို့ရွာမှာ လက်တက်အုပ်စုရှိတယ်၊ နိုင်လှုံအုပ်စုရှိတယ်၊ မီးလင်းတဲ့ကော်မတီက သူ့ကော်မတီနဲ့သူပဲ သူတို့ဆုံးဖြတ်ချက်နဲ့သူပဲ ကျွန်တော် ဝင်စွက်ဖက်လို့ မရဘူးလေ” ဟု ၎င်းက ဆိုသည်။
မွန်ကျောင်းသားခေါင်းဟောင်းတစ်ဦးဖြစ်သည့် ဦးခင်မောင်ထွေးသည် မည်သည့် နိုင်ငံရေးပါတီမှ အဖွဲ့ဝင်မဟုတ်ပဲ မွန်လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် မွန်စာရေးဆရာအသင်း၊ မွန်ဂီတအစည်းအရုံးအလုပ်အမှုဆောင်ဝင်တစ်ဦးနှင့် အနုသုခုမဆိုင်ရာများတွင် တာဝန်ယူဆောင်ရွက်မှုများရှိပြီး ကျေးရွာတွင်လည်း လူငယ်အဖွဲ့ဖြစ်မြောက်ရေး၊ သာရေးနာရေးအသင်းအဖွဲ့များ၊ ကျေးရွာဖွံ့ဖြိုးရေးအပိုင်းတွင် ပါဝင်လုပ်ဆောင်ပေးကာ မွန်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်ဟု သိရသည်။
မွန်ညီညွတ်ရေးပါတီ (MUP)မှ ပြောခွင့်ရပုဂ္ဂိုလ် နိုင်တလညီက အုပ်ချုပ်ရေးမှူးတိုင်း၏ တာဝန်မှာ သက်ဆိုင်ရာက ပေးအပ်သည့်တာဝန်ကို ဆောင်ရွက်ရမှာဖြစ်ပြီး ကျောင်းဖွင့်နိုင်ရန် စည်းရုံးပေးရသည်ကို ဒလန်ဟု ထည့်သွင်းထားသည်မှာ မဖြစ်သင့်သည့် ကိစ္စဟု ဆိုသည်။
“အဓိကတော့ နိုင်မွန်စောနွယ်ပေါ့နော် ကျောင်းဖွင့်ရေး ကျောင်းသားတွေကို ကျောင်းတက်အောင် ဖိအားပေးတာတွေဘာတွေ အဲလိုပေါ့နော်၊ အဲလိုအတွက်ကြောင့် ဒလန်ထည့်တာပေါ့နော်၊ ဘာလဲဆိုတော့ အုပ်ချုပ်ရေးမှူးတိုင်းက သက်ဆိုင်ရာက ပေးအပ်တဲ့တာဝန်ကို ဆောင်ရွက်ရမှာပဲလေ သူတို့က ကျောင်းသားတွေ ကျောင်းဖွင့်နိုင်ဖို့၊ ကျောင်းတက်နိုင်ဖို့ စည်းရုံးပေးရမယ်၊ ပြောဆိုပေးရမယ်ဆိုတာက အုပ်ချုပ်ရေးမှူးတိုင်းရဲ့ တာဝန်ပဲလေ၊ ဒီထဲမှာမှ မွန်စောနွယ်ကို ဒလန်ဆိုပြီး ထည့်ထားတာတော့ အဆင်မပြေဘူးပေါ့နော်” ဟု နိုင်တလညီက ပြောသည်။
စာသင်ကျောင်းဖွင့်သည့် ကိစ္စနှင့် ပတ်သက်ပြီး မွန်စောနွယ်(ခ)ဦးခင်မောင်ထွေးကိုဒလန်ဟု စွပ်စွဲသည်မှာ သင့်လျော်မှုမရှိပဲ ကျောင်းဖွင့်နေသည့် အခြားအုပ်ချုပ်ရေးမှူးများလည်း ရှိနေပြီး NLD နှင့် ဆက်စပ်သည့် အုပ်ချုပ်ရေးမှူးများရှိနေသော်လည်း ၎င်းအုပ်ချုပ်ရေးမှူးများကို ဒလန်ဟု ခြိမ်းခြောက်ခံရမှု မကြားမိကြောင်း နိုင်တလညီက ထောက်ပြသည်။
“နိုင်ငံရေးမှာကျတော့ ဒီအမြင်မတူတဲ့ အပိုင်းတွေတော့ ရှိတာပေါ့နော်၊ နိုင်ငံရေးအရ ခံယူချက်မတူတဲ့အပိုင်းကို ဒလန်စာရင်းတွေ သွတ်သွင်းမယ် နောက်ပြီးတော့ ဆန့်ကျင်ဘက် အုပ်စုတစ်ခုအနေနဲ့ အကြမ်းဖက်မှုတွေက မလုပ်သင့်ဘူးလို့ မြင်တယ်၊ နိုင်ငံရေးဆိုရင်တော့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆန်ဆန် လုပ်သင့်တယ်လို့ပဲ မြင်တယ်”ဟု နိုင်တလညီက ပြောသည်။
မွန်ပြည်သစ်ပါတီဝင်ဟောင်း စာရေးဆရာ မွန်စောနွယ် (ခ) ဦးခင်မောင်ထွေးကို ကျောင်းဖွင့်သည့် ကိစ္စ၊ CDM ကိစ္စနှင့် မီတာခ ကောက်ခံသည့်ကိစ္စများနှင့် ပတ်သက်ပြီး ဒလန်ဟု စွပ်စွဲကာ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခြင်း ဖြစ်သည်။
အလားတူ အများတကာလေးစားခံခြင်းခံရသည့် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးအား ချောင်းဆုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဆိုသူများက ဒလန်အဖြစ် Facebook ပေါ်တွင် နံပါတ်စဥ်နှင့်တကွစွပ်စွဲရေးသားခဲ့ပြီး ဝေဖန်ပြောဆိုမှုများလာသည့်အတွက် နောက်ပိုင်းတွင် စားရင်းမှပြန်လည်ဖြုတ်ချပေးခဲ့သည်။