မွန်သတင်းအေဂျင်စီ ( ၁၄ ဇွန် ၂၀၂၁)
မော်လမြိုင်ဆေးရုံကြီး၌ ဆေးကုသခံယူလျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာ၂ ဦး ယနေ့တစ်ရက်ထည်းတွင် သေဆုံးခဲ့ကြောင်း ကိုဗစ်ကာကွယ်ရေးဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့များမှသိရသည်။
မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသခံယူနေသော လှိုင်ရပ်ကွက် အုတ်ဖိုလမ်းနေ အသက် ၆၁ နှစ်အရွယ်ရှိသည့်အမျိုးသားတစ်ဦးနှင့် မွန်းလွဲပိုင်းတွင် ဒိုင်းဝန်းကွင်း လမ်းသစ်ရပ်မှ အသက် ၇၆ နှစ်အရွယ်ရှိသည့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
လူမှုကယ်ဆယ်ရေးအသင်းမှ ကိုဇင်မိုးက “မနက်ပိုင်းက သေဆုံးတဲ့လူနာရဲ့ သမီးဖြစ်သူလူနာစောင့်က ပိုးတွေ့တော့ ဆေးရုံမှာ ဆေးကုသမှုဆက်လက်ခံယူနေတယ်၊ မွန်းလွဲပိုင်းသေဆုံးတဲ့လူနာကိုတော့ ဆက်လက်စစ်ဆေးနေဆဲ သဂြိုလ်တဲ့အခါမှာလည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျွန်တော်တို့အဖွဲ့ကပဲ လုပ်ဆောင်ပေးတယ်” ဟု ဆိုသည်။
ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်အထိ မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုးအတည်ပြုလူနာ ၃ ဦး ဆက်တိုက်သေဆုံးခဲ့ပြီး လူနာတိုးမြင့်လာသည်နှင့်အမျှ ကိုဗစ်ကာကွယ်ကုသရေးလုပ်ဆောင်နေသည့် ကျန်းမာရေးအင်အား မလုံလောက်မှုများလည်းဖြစ်လာနိုင်ကြောင်း ၎င်းကပြောသည်။
ထို့အပြင် ဇွန်လ ၁၃ ရက်နေ့တွင် သံဖြူဇရပ်မြို့ ကြံခိုင်ရေးရပ်ကွက်မှ အမျိုးသမီးနှစ်ဦး အနံ့ပျောက်စစ်ဆေးရာမှ ကိုဗစ်ပိုးတွေ့ရှိရသဖြင့် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာပေါင်း ၁၄ ဦးရှိပြီးဖြစ်ကြောင်းလည်းသိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာနေဖြင့် ၂၀၂၁ခုနှစ် ဇွန်လ ၁၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၃၂၄၄ ဦးရှိပြီးဖြစ်ကြောင်း ကျန်းမားရေးဌာနက ထုတ်ပြန်ထားသည်။
![](https://i2.wp.com/burmese.monnews.org/wp-content/uploads/2021/06/FB_IMG_1623670921101.jpg?resize=696%2C522&ssl=1)