spot_img
Wednesday, February 4, 2026
More
    spot_img
    HomeCovid 19ထိုင်းနိုင်ငံတွင်ကိုဗစ်ကူးစက်ခံရသူ တစ်ရက်အတွင်း လူတစ်သောင်းဝန်းကျင် စံချိန်တင်ရောဂါပိုးတွေ့ရှိ

    ထိုင်းနိုင်ငံတွင်ကိုဗစ်ကူးစက်ခံရသူ တစ်ရက်အတွင်း လူတစ်သောင်းဝန်းကျင် စံချိန်တင်ရောဂါပိုးတွေ့ရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၇)

    ထိုင်းနိုင်ငံတွင် ယနေ့ (မေလ ၁၇) တစ်ရက်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ တစ်သောင်းဝန်းကျင် (၉၆၃၅ ဦး) စံချိန်တင်ရောဂါပိုးတွေ့ရှိခဲ့ရာတွင် အကျဉ်းသား ၆၈၅၃ ဦးပါဝင်ကြောင်း Coronavirus (COVID-19) Information Centre က သတင်းဖော်ပြသည်။

    ယမန်နှစ် ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်မှ လက်ရှိကာလအထိ ထိုင်းတစ်နိုင်ငံလုံးတွင်  ရောဂါပိုးကူးခံရသူ ၁၁၁,၄၄၇ ကျော်၊ သေဆုံးသူ ၅၈၉ ဦးရှိပြီဖြစ်သည်။

    အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Aryut Sinthoppan က “ကိုဗစ်ပထမဆုံး ကူးစက်ခဲ့တုန်းက ထောင်ထဲမှာ လူနည်းနည်းပဲကူးစက်ခံရပါတယ်။ ဒုတိယလှိုင်းကူးစက်တော့ ပိုးကူးခံရသူလူ ဆယ်ချီဖြစ်လာပြီး အခုတတိယလှိုင်းနဲ့ ကြုံနေရတဲ့ အချိန်မှာတော့ ပိုးကူးခံရသူ ရာဂဏန်းကနေ ထောင်ဂဏန်းထိဖြစ်လာတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

    ချင်းမိုင်ပြည်နယ်အကျဉ်းထောင်တွင် အကျဉ်းသား ၆၀ ရာခိုင်နှုန်းကျော် ရောဂါကူးစက်ခံထားရသဖြင့် အဆိုးဆုံးအခြေအနေတွင်ရှိနေပြီး အကျဉ်းထောင် ၈ ခုရှိ အကျဉ်းသား ၂ သောင်းခွဲတွင် တစ်ဝက်နီးပါးခန့် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

    “အကျဉ်းသားတိုင်း၂၄ နာရီလုံးလုံး နှာခေါင်းစည်း ဝတ်ထားကြဖို့ အကျဉ်းသားများ လေ့ကျင့်ပညာပေးရေးဌာန ညွှန်ချုပ်က အမိန့် ထုတ်ပြန်ထားပေမဲ့လည်း အကျဉ်းသားတွေက ရေချိုး အစာစားတဲ့ အချိန်တွေ ရှိနေတာမို့ လက်တွေ့မှာ ဒီလို လုပ်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ တချို့ဆိုရင်လည်း တရားရုံးတွေကို သွားရတာမျိုး၊ အဲဒီမှာ အစာစားရတာမျိုးတွေ ရှိနေပါတယ်။ နှာခေါင်းစည်း ဝတ်ပြီး အစာစားလို့မှ မရတာ” ဟု လို့ အကျဉ်းဦးစီးဌာန ဒုညွှန်ချုပ်က ပြောသည်။

    ထို့ပြင် အသစ်ရောက်ရှိလာသည့်အကျဉ်းသားများ ကွာရန်တင်းဝင်ရမည့်ကာလကို ၂၁ ရက်အထိ တိုးချမှတ်လိုက်ပြီး ရောဂါစစ်ဆေးမှုကိုလည်း အရှိန်အဟုန်တိုးမြှင့်လုပ်နေကြောင်း သိရသည်။

    မျိုးဗီဇပြောင်း ပိုးသစ်ကူးစက်မှုကြောင့် အိန္ဒိယတွင် ပိုးကူးစက်မှု အပြင်းထန်ဆုံး ရင်ဆိုင်နေရပြီး တစ်ရက်အတွင်းပိုးကူးသူ ၄ သိန်းကျော်ထိရောက်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

    အမေရိကန် Johns Hopkins တက္ကသိုလ်ကိုဗစ်သုတေသနဌာန စစ်တမ်းအရ ယနေ့အထိ ကမ္ဘာတဝှမ်းပိုးကူးသူ ၁၆၂ သန်းကျော်ရှိသည့်အနက် ပိုးကူးသူ ၃၃ သန်းနီးပါးရှိသည့် အမေရိကန်နိုင်ငံက ကမ္ဘာပေါ်တွင် ပိုးကူးသူအများဆုံးနိုင်ငံ ဖြစ်နေသည်။

    Photo- ချင်းမိုင်ပြည်နယ် ကိုဗစ်ရောဂါကူးစက်မှုအခြေအနေ ရှင်းလင်းပြောကြားစဉ်( Bangkok Post)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks