spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင်မြို့နယ် ညမထွက်ရအမိန့် ည ၁၀ နာရီ အချိန်ပြောင်းလဲသတ်မှတ်

    မော်လမြိုင်မြို့နယ် ညမထွက်ရအမိန့် ည ၁၀ နာရီ အချိန်ပြောင်းလဲသတ်မှတ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၃)

    မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ည ၈ နာရီမှ နံနက် ၄ နာရီအချိန်ထိအစား ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်ထိ ယမန်နေ့ (မေ ၁၂) ရက်စွဲဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်ပြောင်းလဲပြင်ဆင်လိုက်သည်။

    ထို့ကြောင့် လူ ၅ ဦး သို့မဟုတ် ၅ ဦးအထက် ပိုသောသူများသည် မော်လမြိုင်မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည (၁၀) နာရီမှ နံနက် (၄) နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ပြင်ဆင်ထုတ်ဆင့်လိုက်ကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရထုတ်ပြန်လိုက်သည်ဟု ဆိုသည်။

    မော်လမြိုင်မြို့နယ် နယ်နိမိတ်အတွင်း တည်ငြိမ်အေးချမ်းခြင်းနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်းခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် မော်လမြိုင်မြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ ဖျက်စီးခြင်း၊ ရုန်းရင်းဆန်းခတ်ပြုမူခြင်းများကို မပြုလုပ်ရန် တားမြစ်ခဲ့ရာမှ ယင်းမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပိုမိုရရှိလာခြင်း၊ သွားလာနေထိုင်မှု ပိုမိုကောင်းမွန်လာခြင်းတို့ကို တွေ့ရှိရသည်ဟု အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့အတူ လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်ရာရှိသည့် အပြုအမူများဆောင်ရွက်နေကြောင်း တွေ့ရှိရသည်ဟု ယင်းအမိန့်စာက ဆိုထားသည်။

    သို့ရာတွင် မော်လမြိုင်မြို့နယ် ညမထွက်ရအမိန့်အချိန် ပြောင်းလဲသတ်မှတ်လိုက်သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ညနေ ၆ နာရီမှစတင်ကာ ပြည်သူများ သွားလာမှုကို မြို့အနှံ ပိတ်ဆို့ စစ်ဆေးမှု ဆောင်ရွက်နေကြကြောင်း တွေ့ရှိရသည်။

    မွန်ပြည်နယ်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်ကာလအတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ကျဆုံးခဲ့သူ ၈ ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၃၀၀ ကျော်ရှိကြောင်း သိရသည်။

    စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက်ပိုင်း မော်လမြိုင်မြိုနယ်အပါအဝင် မြို့နယ်ပေါင်း ၉၀ ကျော်ခန့်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ကာဖျူး-ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် ကုန်တင်ကားများ ညပိုင်းသွားလာမရဖြစ်နေပြီး ကုန်ပစ္စည်းပို့ဆောင်ရေး အခက်အခဲဖြစ်ပေါ်လာသလို ပရဟိတလူနာတင်ယာဉ်များလည်း ညပိုင်းသွားလာလှုပ်ရှားမှုများကို ရပ်နားထားကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks