Monday, March 16, 2026
More
    spot_img
    Homeသတင်းမွန်ညီညွတ်ရေးပါတီနုတ်ထွက်သူအချို့ မွန်ရေးရာအဖွဲ့ ဖွဲ့စည်းမည်ဟုဆို

    မွန်ညီညွတ်ရေးပါတီနုတ်ထွက်သူအချို့ မွန်ရေးရာအဖွဲ့ ဖွဲ့စည်းမည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဧပြီ ၂၉)

    မွန်ညီညွတ်ရေးပါတီ MUP နုတ်ထွက်လာသူအချို့ စုပေါင်းပြီး မွန်ရေးရာအဖွဲ့ အဖွဲ့သစ်တစ်ခု ဖွဲ့စည်းရန် စတင် ဆောင်ရွက်နေကြောင်း ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သည့် နိုင်မွန်ရာဇာက ပြောဆိုသည်။

    လက်ရှိတွင် နိုင်ငံရေးအင်အားစုမှ အနားယူထားသူများ ဦးဆောင်ဖွဲ့စည်းခြင်းဖြစ်ပြီး အဖွဲ့အနေဖြင့် ကွဲပြားနေသည့် မွန်အင်အားစုများကို စုစည်း၍ မွန်တိုင်းရင်းသားရေရာများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    နိုင်မွန်ရာဇာက “ကွဲပြားနေတဲ့ မွန်တွေအားလုံးကို စုစည်းပြီးတော့ အလုပ်တစ်ခုထဲ လုပ်ဖို့ ဖွဲ့စည်းသွားမှာ ဖြစ်တယ်။ အဲ့ဒီတော့ ဘာလုပ်မလဲဆိုတော့ မွန်စာပေ ယဉ်ကျေးမှုကော်မတီကို ဗဟိုအဆင့် ဖွဲ့နိုင်အောင်လုပ်မယ်။ မွန်အမျိုးသားနေ့ ဗဟိုကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်မယ်” ဟု ပြောကြားခဲ့သည်။

    ထို့အပြင် မွန်စာပေယဉ်ကျေးမှု အနုပညာများနှင့် ပတ်သက်၍ စင်တာကဲ့သို့ လုပ်ဆောင်သွားရန်ရှိကြောင်း၊ အဖွဲ့စည်းအနေဖြင့် စာပေသင်ကြားရေး၊ မွန်စာပေယဉ်ကျေးမှု၊ ကျန်းမာရေး၊ သုတေသန လုပ်ဆောင်မှုများ၊ အခြား လူမှုရေး ပရဟိတ လုပ်ငန်းများ စသည်တို့ လုပ်ဆောင်သွားရန်ရှိကြောင်း ၎င်းထံမှ သိရသည်။

    “ကျနော်တို့မှာ နိုင်ငံရေးက နားသွားတဲ့ အင်အားစုရှိတယ်။ ဒီလူတွေက နဂိုထဲက စာပေယဉ်ကျေးမှုတို့ အမျိုးသားနေ့တို့၊ စာပေသင်ကြားရေးတို့ လုပ်နေကြတယ်။ အခြားလူမှုရေးအဖွဲ့တွေမှာလုပ်နေတဲ့ သူတွေပဲ ဖြစ်တယ်။ အခုဟာက မကွဲပဲနဲ့ တစ်စုတစ်စည်းထဲ ဖြစ်အောင် အားလုံး မွန်ရေးရာအဖွဲ့ တစ်ဖွဲ့အနေနဲ့ ဖွဲ့စည်းဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ပထမ အဆင့်နေဖြင့် မွန်ရေးရာအဖွဲ့ ဖွဲ့စည်းရန်အတွက်သာ ဆွေးနွေးထားပြီး ဦးဆောင်လုပ်ဆောင်နိုင်မည့် အခန်းကဏ္ဍများအထိ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

    “ဘယ်သူတွေ ပါဝင်မလဲဆိုရင် အားလုံးကို ဖိတ်ခေါ်တာပေါ့ လုပ်နိုင်တဲ့သူတွေရှိရင်။ ခုလက်ရှိအနေနဲ့ ပြောရင်တော့ နိုင်ငံရေးအုပ်စုကနေ နားထားတဲ့သူတွေက အားနေတယ်ပေါ့နော် သူတို့တွေကနေပြီးတော့ ဦးဆောင်ပြီးတော့ လုပ်မည့် အခန်းကဏ္ဍကို သွားမှာပေါ့နော်။ မြို့နယ် ရပ်ကျေးအထိ ဖွဲ့သွားဖို့ ဆက်လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်” ဟု ၎င်းက ပြောသည်။

    အာဏာသိမ်းစစ်ကောင်စီအဖွဲ့တွင် MUP ကိုယ်စားလှယ်ပါဝင်ခဲ့သည့် ဗဟိုကော်မတီဝင်အများစု၏ ဆုံးဖြတ်ချက်မှာ ပါတီ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုမရှိသည်ဟုဆိုကာ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင်၊ မြို့နယ်အလုပ်အမှုဆောင် စုစုပေါင်း ပါတီဝင် ၆၀ ဦးဝန်းကျင်ခန့် ပြီးခဲ့သည့်မတ်လထဲတွင် အစုလိုက်နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

    ထို့အတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မွန်အမျိုးသားကွန်ရက် MNN နှင့် မွန်ပြည်နယ်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ Mon State Interim Coordination Committee- MSICC စသည့် အဖွဲ့အစည်းများလည်း ပေါ်ပေါက်ခဲ့ကြောင်း တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks