spot_img
Monday, February 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်နယ်မြို့တော်နှင့် အခြားမြို့နယ်တို့တွင် စစ်ဆေးမှုပိုမိုလုပ်ဆောင်လာ

    မွန်ပြည်နယ်မြို့တော်နှင့် အခြားမြို့နယ်တို့တွင် စစ်ဆေးမှုပိုမိုလုပ်ဆောင်လာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဧပြီ ၂၇)

    မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့နှင့် အခြားမြို့နယ်တို့တွင် မြို့တွင်းသွားလာနေသည့် ဆိုင်ကယ်နှင့် ကားများကို မြို့ဝင်မြို့ထွက်များအပြင် မြို့တွင်းနေရာများမှာလည်း လုံခြုံရေးစစ်ဆေးမှု ပိုမိုလုပ်ဆောင်လာကြောင်း တွေ့ရှိရသည်။

    မော်လမြိုင်မြို့အတွင်း ယခင်ကဗုံးဟုယူဆရသည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြို့အတွင်း ဗုံးတွေ့ရှိမူများလည်းတွေ့ရှိခဲ့သလို သထုံမြို့ သိမ်ကုန်းရပ်ကွက် ရွှေချောင်းလမ်းတွင် ပြီးခဲ့သည့်ညပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

    “ဈေးကြိုအဝိုင်းနား မြိုင်သာယာဘက်အဝင် မြို့ရှောင်လမ်းအစမှာ နှစ်ဖက်စစ်နေတယ်။ နေ့တိုင်းစစ်ဆေးမှုတွေ ပြုလုပ်တာကြုံရတယ်။ နောက်ပြီးတော့ ဒိုင်းဝန်ကွင်းက အိမ်တစ်အိမ်နဲ့ ညဘက် ဈေးအရှေ့လမ်းဘေးမှာ ဗုံးတွေ့တယ်ဆိုပြီး လာရှာနေကြတာတွေရှိတယ်။ တိတိကျကျတော့ မသိရဘူး သူတို့ဘာကိုရှာလဲဆိုတာတော့၊ နောက် လုံခြုံရေးကားတန်းတွေနဲ့ မြို့အနှံ့ပတ်တယ်၊ စစ်တပ်ကား ၂ စီး ရဲကား ၂ စီး အချုပ်ကား၊ ထရပ်ကား တွေနဲ့ ဘီးလှိမ့်ရုံပတ်မောင်းနေတာမျိုးက နေ့တိုင်းလိုလိုပဲ” ဟု မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

    မြို့အဝင်အထွက်နေရာများနှင့် မြို့အတွင်း နေရာအချို့တို့တွင် တပ်နှင့် ရဲတို့က နံနက်ပိုင်းမှ ည ၈ နာရီ မထိုးခင်အထိ ရှာဖွေစစ်ဆေးမှုပြုလုပ်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

    ထို့ပြင် မော်လမြိုင်-ရန်ကုန်ကားလမ်းမတွင် တပ်နှင့် ရဲများ၏ ရှာဖွေစစ်ဆေးရေးဂိတ် များရှိနေပြီး မွန်ပြည်နယ် အဝင် စစ်တောင်းတံတား၊ သိမ်ဇရပ်မြို့အဝင်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၊ ဘီးလင်မြို့အဝင် တို့တွင် စစ်ဆေးရေးဂိတ်များ ထားရှိကြောင်းသိရသည်။

    “မော်လမြိုင်ကနေ ရန်ကုန်ဘက်ကို သွားမယ်ဆိုရင်တော့ မွန်ပြည်နယ်အတွင်းမှာပဲ နှစ်ခါလောက် စစ်ဆေးခံရတယ်။ စစ်တောင်းတံတားကျော်လို့ ပဲခူတိုင်းအဝင် တိုးဂိတ်နားမှာတစ်ခါပေါ့။ ဒီက အသွားတွေဆိုရင် ဘီးလင်မြို့မရောင်ခင် တိုးဂိတ်အဟောင်းမှာ ဂိတ်တစ်ခုရှိတယ်။ သိမ်ဇရပ် အဝင်လမ်းနားက စစ်ဆေးရေးဂိတ်မှာတော့ ကားပေါ်ကနေဆင်းရတယ်။ မှတ်ပုံတင်နံပါတ်နဲ့ အိတ်တွေကို ဖွင့်ပြီး စစ်ဆေးတာမျိုးတွေ ရှိတယ်” ဟု ရန်ကုန်သို့သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို မပြုလုပ်နိုင်အောင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တင်းကြပ်စွာ စစ်ဆေးဆောင်ရွက်နေသော်လည်း နည်းမျိုးစုံဖြင့် အာဏာရှင်ဆန့်ကျင်သော လှုပ်ရှားမှုများ ဆက်လက်ဆောက်ရွက်လျက် ရှိကြောင်း တွေ့ရှိနေရသည်။

    မြို့အတော်များများတွင် ဗုံးတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်လာသည့်အတွင်း မြို့အတွင်း လုံခြုံရေးအရ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည့် အပြင် မော်လမြိုင်မြို့ အနှံတွင် CCTV များ တပ်ဆင်ရန် မွန်ပြည်နယ် စစ်ကောင်စီက စီစဉ်ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရသည်။


    မော်လမြိုင် ကမ်းနားလမ်းတွင် လုံခြုံရေးကားတန်းကို မြင်ခဲ့ရပုံ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks