Monday, March 9, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလက်ရှိအခြေအနေကို သတိကြီးစွာထားရန် လက်အောက်ခံအဖွဲ့အစည်းများအား မွန်ပြည်သစ်ပါတီမှာကြား

    လက်ရှိအခြေအနေကို သတိကြီးစွာထားရန် လက်အောက်ခံအဖွဲ့အစည်းများအား မွန်ပြည်သစ်ပါတီမှာကြား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဧပြီ ၂၂)

    လက်ရှိနိုင်ငံရေးအခြေအနေအရ မိတ်ဖက်/ဆက်စပ်အဖွဲ့အစည်းများတွင် ဝင်ရောက်ပါဝင်ခြင်းသည် အန္တရယ်ကျရောက်နိုင်သည့်အနေအထားရှိနိုင်သောကြောင့် သတိကြီးစွာထားဖို့လိုအပ်ကြောင်း လက်အောက်ခံအဖွဲ့အစည်းများအား မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ မှာကြားလိုက်သည်။

    မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက “ အခုလိုအခြေအနေမျိုးမှာ သတိကြီးကြီးထားရပါမယ်၊ မိတ်ဖက်အဖွဲ့ဖြစ်ဖြစ် ဆက်စပ်အဖွဲ့အစည်းတွေမှာပါဝင်တာဖြစ်ဖြစ် ၂ ခုစလုံး အန္တရယ် ရှိနိုင်ပါတယ် အန္တရယ်ကြီးကြီးရော သေးသေးပါ ၂ မျိုးစလုံးရှိနိုင်ပါတယ် ဒါကြောင့် ကျနော်တို့ပြည်သူများအနေနဲ့ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်တတ်ဖို့ လိုပါတယ်။ ဆုံးဖြတ်ချက်မှားတာနဲ့ မိမိရဲ့အန္တရယ်နဲ့အတူ တစ်မျိုးသားလုံးအတွက် အန္တရယ်ပါ ထိပ်တိုက်တိုးမှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်၊ ဒါကြောင့် ဘယ်လိုမျိုးနည်းနာတွေနဲ့ လိမ္မာပါးနပ်စွာ ကျော်လွှားရမယ်ဆိုတာကို မိမိတို့ဖာသာ လေ့လာပါ၊ အန္တရယ်လည်း သိပ်ကိုကြီးမားလှပါတယ်၊ တဖက်မှာက အပြောင်းအလဲတွေ သိပ်ကိုမြန်ဆန်နေတဲ့အတွက် စေ့စပ်သေချာစွာ လေ့လာနေရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီလက်အောက်ခံအဖွဲ့အစည်းများဖြစ်သည့် ရဲဘော်ဟောင်းများအဖွဲ့၊ လူငယ်များအဖွဲ့အစည်း၊ အမျိုးသမီးများအဖွဲ့၊ တောင်သူစိုက်ပျိုးရေးအသင်း၊ ကျောင်းဆရာအသင်းနှင့် ဆေးဆရာအသင်း တို့အား ပြီးခဲ့သည့် သီတင်းပတ်က မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနနှင့် တွေ့ဆုံဆွေးနွေးပွဲများကျင်းပခဲ့အပြီး ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေး၏ ရှင်းလင်းပြောကြားချက်ဗီဒီယိုကလစ်ကို မွန်ပြည်သစ်သတင်းစဉ်က ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

    “ နေ့ရက်တွေအလိုက် အချိန်တိုင်းလိုလိုမှာ အပြောင်းအလဲတွေ သိပ်ကိုမြန်ဆန်နေတဲ့အပေါ်မှာ လေ့လာသုံးသပ်ကြပြီးတော့ လိမ္မာပါးနပ်မှုရှိစွာ ရှောင်ရှားတတ်ဖို့လိုပါတယ် မိမိကိုယ်ကို လုံခြုံအောင်နေပါ၊ တစ်ဖက်မှာလည်း မိမိရည်မှန်းချက်ပန်းတိုင် အောင်မြင်ဖို့ မွန်အမျိုးသားတို့ရဲ့ မိမိတို့ကြမ္မာဖန်တီးခွင့်ရရှိဖို့အတွက် မွန်တွေဖန်တီးနိုင်ဖို့ နည်းလမ်းရှာကြံသွားကြရဖို့ မှာကြားချင်ပါတယ်” ဟု ဆိုသည်။

    လက်ရှိ စစ်အာဏာသိမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် မြန်မာ့တပ်မတော်အကြား နိုင်ငံရေးပြဿနာသာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ရှုမြင်ခဲ့ပြီး အင်အားသုံး၍ အကြမ်းဖက်ဖြေရှင်းသည့်နည်းလမ်းကို အားမပေးကြောင်းနှင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ ထွက်ပေါက်ရှာဖွေရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျရောက်သည့် (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီက သဘောထားထုတ်ပြန် တိုက်တွန်းခဲ့သည်။

    သို့ရာတွင် နိုင်ငံတကာ မွန်အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Overseas Mon Coordination Committee- OMCC) မှ နိုင်သီရိမွန်ချမ်းက “ လမ်းမပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူတွေ လူငယ် အမျိုးသမီးငယ်တွေ ခွေးလိုဝက်တွေလို အသတ်ခံနေရတာ နေ့စဉ်နေတိုင်းဖြစ်ပေါ်နေတာ အိမ်ထဲမှာရှိနေတဲ့လူတွေလည်း သေနတ်ပစ်သတ်ခံနေရတာ ကျနော်တို့နိုင်ငံတကာရောက်နေတဲ့ မွန်အဖွဲ့အစည်းတွေ လက်ပိုက်ကြည့်မနေသင့်ဘူး အခုကိုအကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာက လုံးဝလက်မခံပါဘူး အခုဖြစ်ပေါ်နေတဲ့ပြဿနာဟာ NLD နဲ့ စစ်အစိုးရကြား ပြဿနာမဟုတ်တော့ဘူး ဒီလောက်တောင်အသေအပျောက်တွေများလာမှတော့ ပြည်သူလူထုနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ပြဿနာဖြစ်သွားပါပြီ၊ ဒါကြောင့် ကျနော်တို့ OMCC အနေနဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက် ချမှတ်သင့်ပြီ” ဟု မကြာသေးမီက ထုတ်လွှင့်ခဲ့သည့် Online ဗီဒီယိုကလစ်တစ်ခုတွင် တိုက်တွန်းပြောကြားခဲ့သည်။

    လက်ရှိစစ်အာဏာသိမ်းမှုတွင် ဧပြီလ ၂၁ ရက်ညပိုင်းအထိ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၇၃၉) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP Website တွင် ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks