Monday, March 9, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် မွန်တိုင်းရင်းသား ဒုဝန်ကြီး ၂ ဦးပါဝင်

    အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် မွန်တိုင်းရင်းသား ဒုဝန်ကြီး ၂ ဦးပါဝင်

    -

    မွန်သတင်းအေဂျင်စီ (၂၁ ဧပြီ ၂၀၂၁)

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဖွဲ့စည်းခဲ့သည့် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့တွင် ဝန်ကြီးဌာန ၁၁ ခု ပါဝင်ပြီး အချို့သော ဝန်ကြီးနှင့် ဒုဝန်ကြီးတို့သည် NLD ပါတီမဟုတ်သည့် ကချင်၊ ကရင်၊ ချင်းနှင့် မွန်တိုင်းရင်းသား ဒုတိယဝန်ကြီး ၂ ဦး ခန့်အပ်ခံရကြောင်း သတင်းရရှိသည်။

    ဧပြီလ ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်သည့် NUG အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းဇေယျာဦးတို့အား ရွေးချယ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

    နိုင်ငံတကာ မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Overseas Mon Coordination Committee- OMCC) ဦးဆောင်ကော်မတီဝင် နိုင်သီရိမွန်ချမ်းက “ အခုလို NUG အစိုးရဖွဲ့စည်းနိုင်ခဲ့တာကို ကောင်းမွန်တဲ့ပထမခြေလှမ်းတစ်ရပ်လို့ မြင်မိတယ်၊ ပြီးတော့ ကျနော်တို့ မွန် ၂ ဦးပါဝင်လာပြီး ဒီလိုထောက်ခံရပ်တည်ပေးခဲ့ကိုလည်း ဝမ်းသာပါတယ်။ NUG အစိုးရအဖွဲ့ရဲ့ The End Result ရည်ရွယ်ချက်ကောင်းကိုတော့ ကျနော်တို့လက်ခံသင့်တယ်” ဟု ပြောသည်။

    နိုင်းကောင်းရွက်သည် မွန်ပြည်သစ်ပါတီတွင် ဗဟိုကော်မတီဝင်ဟောင်း ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဦးစီးကော်မတီဝင်မှ အငြိမ်းစားယူခဲ့သူဖြစ်သည့်အလျောက် တော်လှန်ရေးနယ်မြေတွင် အနှစ် ၄၀ ဝန်းကျင်ခန့်အတွေ့အကြုံရှိခဲ့သူတစ်ဦး ဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့ဖူးသူ မင်းဇေယျာဦးသည်လည်း မကြာသေးမီက မွန်ညီညွတ်ရေးပါတီ MUP မှ နုတ်ထွက်ခဲ့ပြီးနောက် မွန်အမျိုးသားကွန်ရက်ကို ဦးဆောင်ဖွဲ့စည်းခဲ့သူဖြစ်ကြောင်း သိရသည်။

    “NUG အစိုးရအဖွဲ့က အခုမှအသစ်ဖွဲ့စည်းထားတဲ့အတွက် ပြည့်စုံမှုမရှိသေးပါဘူး၊ သို့သော် စစ်အာဏာရှင်ကို ရေရှည်တိုက်ထုတ်ဖို့အတွက် ပြည်သူတွေတောင်းဆိုထားတဲ့ Federal Army အဆင့်ထိရောက်ရင်တော့ ပိုပြီးကောင်းမယ်လို့မြင်တယ်၊ ဒါကြောင့် အကောင်းဆုံးဖြစ်လာဖို့အတွက် တိုင်းရင်းသားအားလုံးပါဝင်လာအောင် ဆွဲဆောင်နိုင်ရင်တော့ ပိုပြီးတော့ကောင်းမယ်လို့မြင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

    သို့ရာတွင် နစကစစ်ကောင်စီက CRPH အား တရားမဝင်အသင်းအဖြစ် သတ်မှတ်ကြေညာထားသဖြင့် NUG အစိုးရအဖွဲ့သည်လည်း တရားမဝင်အသင်းအဖြစ် သတ်မှတ်ခံထားရသည်။ 

    လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG အား နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းအသီးသီးတို့မှ ထောက်ခံကြိုဆိုကြောင်း သဘောထားထုတ်ပြန်ချက်စာများသည်လည်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိရသည်။

    တစ်ဖက်တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီ MUP မှ ဒေါက်တာဗညားအောင်မိုးနှင့် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်လယိတမတို့က ပါဝင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks