Thursday, March 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတပ်မတော်၏စစ်ရေးလှုပ်ရှားမှုအားလုံး ဧပြီတစ်လတိတိရပ်ဆိုင်းကြောင်း ကြေညာ

    တပ်မတော်၏စစ်ရေးလှုပ်ရှားမှုအားလုံး ဧပြီတစ်လတိတိရပ်ဆိုင်းကြောင်း ကြေညာ

    -

    မွန်သတင်းအေဂျင်စီ (၁ ဧပြီ ၂၀၂၁)

    မြန်မာနိုင်ငံတဝန်း တပ်မတော်၏စစ်ရေး လှုပ်ရှားမှုများအားလုံးကို ယနေ့ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လတိတိ ရပ်ဆိုင်းကြောင်း ယမန်နေ့ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့သည်။

    “နိုင်ငံတော်ကာကွယ်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ ကျန်သည့်အချိန်များတွင် စစ်ရေးရပ်ထားမည်” ဟု ကြေညာချက်တွင် ဖော်ပြသည်။

    သို့ရာတွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ က မိမိတို့၏နယ်မြေ၊ ကရင်လူထုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် မြန်မာ့တပ်မတော်၏ရန်ကို ရင်ဆိုင်ခြင်းမှတပါး မိမိတို့အဖို့ အခြားရွေးချယ်စရာလမ်းမရှိတော့ကြောင်း မတ်လ ၃၀ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်ထားသည်။

    ထိုင်းနယ်စပ်အနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၄၉ ၏ သီးမူထာတပ်စခန်းကို မတ်လ (၂၇) ရက် နံနက်ပိုင်းက KNLA တပ်မဟာ ၅ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်ဖြစ်တွင် မြန်မာစစ်တပ် ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်သား ၁၀ ဦး ကျဆုံးပြီး ၈ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ညပိုင်းတွင် စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပေါ်လာကြောင်း သတင်းများက ဖော်ပြသည်။

    ယင်းသို့ တပ်မတော်စစ်လေယာဉ်ဖြင့် မတ်လ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ဗုံးကြဲပစ်ခတ်မှုကြောင့် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ ကျေးရွာများတွင် အရပ်သား ၃ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ရွာသားနှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း၊ ကရင်စစ်ပြေးဒုက္ခသည် အများအပြား တောတောင်များတွင် ခိုလှုံနေကြရပြီး သုံးထောင်ကျော်ခန့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရာတွင် ပြန်လည်မောင်းထုတ်ခံရကြောင်း ကရင်အရပ်ဖက်လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများက ဆိုသည်။

    ထို့အတူ ပဲခူးတိုင်းအတွင်းရှိ KNU တပ်မဟာ ၃ နယ်မြေတွင် မတ်လ ၃၀ ရက် နေ့လယ်ပိုင်းက တပ်မတော်စစ်လေယာဉ်နှစ်စင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ကြောင်း၊ ရွှေကျင်မြို့နယ် မဒမချောင်းဖျားက ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီဝန်ထမ်း ၁၁ ယောက် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    တဖက်တွင်လည်း ဆန္ဒပြပြည်သူတွေအပေါ် စစ်တပ်နှင့့်ရဲတပ်ဖွဲ့ အင်အားသုံးနှိမ်နှင်းမှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ရာနှင့်ချီသောပြည်သူများသေဆုံးနေရသည်ကို အပြင်းအထန် ရှုတ်ချကြောင်း ရခိုင်လက်နက်ကိုင် AA ၊ကိုးကန့်လက်နက်ကိုင် MNDAA နှင့် တအာင်းလက်နက်ကိုင် TNLA တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က လတ်တလော ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကို မရပ်ပါက နွေဦးတော်လှန်ရေး ဆင်နွှဲနေကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံများဘက်က မိမိကိုယ်ကို ခုခံကာကွယ်ရေး အတွက် ရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP သတင်းထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှု  ၂ လအတွင်း အရပ်သားပြည်သူ ၅၃၆ ဦးထက်မနည်းသေဆုံးကြောင်း ဖော်ပြထားသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဘက်တွင် တိုက်ပွဲများပြင်းထန်လာချိန်အတွင် တပ်မတော်၏ တပ်မတော်၏စစ်ရေးလှုပ်ရှားမှုအားလုံး ဧပြီတစ်လတိတိရပ်ဆိုင်းကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks