Thursday, March 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဖာပွန်ခရိုင် သံလွင်ငြိမ်းချမ်းရေးဥယာဉ်အတွင်းရှိ ကျေးရွာများ လေယာဉ်ဗုံးကြဲခံရပြီး ရွာသားထောင်ချီထိုင်းနယ်မြေသို့ထွက်ပြေး

    ဖာပွန်ခရိုင် သံလွင်ငြိမ်းချမ်းရေးဥယာဉ်အတွင်းရှိ ကျေးရွာများ လေယာဉ်ဗုံးကြဲခံရပြီး ရွာသားထောင်ချီထိုင်းနယ်မြေသို့ထွက်ပြေး

    -

    မွန်သတင်းအေဂျင်စီ (၃၀ မတ် ၂၀၂၁)

    မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော (၇၆) ကြိမ်မြောက် တပ်မတော်နေ့မှစတင်၍ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေရှိ ဖာပွန်ခရိုင် သံလွင်ငြိမ်းချမ်းရေးဥယာဉ်အတွင်းရှိ ကျေးရွာများ ၃ ရက်ဆက်တိုက် လေယာဉ်ဗုံးကြဲခံရပြီး ထောင်နှင့်ချီသော ရွာသားများ ထိုင်းနယ်မြေသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

    ထိုင်းနယ်စပ်အနီး တပ်စွဲထားသည့် သီးမူးထာ မြန်မာတပ်စခန်းတစ်ခုကို မတ်လ ၂၇ ရက် နံနက်စောစောပိုင်းအချိန်က KNU တပ်ဖွဲ့ဝင်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ညနေပိုင်းတွင် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပေါ်လာပြီး  အရပ်သား တစ်သောင်းနီးပါးခန့် သံလွင်မြစ်ကူး၍ ထိုင်းနယ်မြေသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။

    ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ပြောခွင့်ရ စောသူးဘီးက “တပ်မတော်နေ့လုပ်တဲ့ ညနေ ၅ နာရီလောက်မှာ သူတို့(စစ်တပ်) လေယာဉ်နဲ့လာပြီးတော့မှ ပတ်ရှာပြီး ၇ နာရီခဲ့လောက်မှာ စပြီးပစ်တာပေါ့နော် ၂၈ မနက်မှာလည်းပစ်တယ် တစ်နေကုန်ပတ်ခြာလည်ပြီးပစ်တယ် အဲဒီ ဒေဘူနိုရွာတင်မကပဲနဲ့ တခြားအပြင်ရွာကိုလည်း သူတို့ပစ်တာပေါ့နော် ပြီးတော့ ၂၉ ရက်နေ့ထပ်ပစ်တော့ လူတစ်ယောက်သေတယ် လူတစ်ယောက်ဒဏ်ရာရတာပေါ့နော် ဆိုတော့ ခုနကနော်ပြောတဲ့ ၂၇ ညကပစ်တဲ့ ထိခိုက်ဒဏ်ရာရတဲ့ လူ ၈ ယောက်က တော်တော်ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ် သေမလား ရှင်မလားဆိုတာ ကျနော်တို့ခုထက်ထိ မသိရသေးဘူးပေါ့နော် ပြီးတော့ သူတို့ Medical Tension ပေါ့နော် ဆေးဝါးကုသမှုကလည်း ဒီတိုက်ပွဲဖြစ်နေတဲ့ပုံစံမျိုးမှာက ကျနော်ထင်တာက သိပ်ပြီးတော့ ရနိုင်တဲ့အခြေအနေ နည်းတယ်လို့ ကျနော်တို့မြင်တယ်၊ ဒီသံလွင်မြစ်တလျှောက်နေတဲ့ရွာတွေက ထိုင်းဖက်ကို ကူးပြီးနေနေကြတာပေါ့ ပြီးတော့လူထုအထဲမှာ CDM လုပ်တဲ့ လူကြီးတချို့တွေလည်း ပါလာကြတာပေါ့နော်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အတူ ဒေပူးနို၊ တနေးလူတောင်ကုန်းကျေးရွာ၊ ကလိုဘောထာကျေးရွာ၊ မောယူနီကျေးရွာ၊ သယ်ဘိုးပလောကျေးရွာ၊ သီးကောထာကျေးရွာ၊ ဟိုကေကျေးရွာ ကျေးရွာပေါင်း ခုနစ်ရွာခန့် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း KNU ဗဟိုဌာနချုပ် သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

    သို့ရာတွင် နစကကောင်စီ ထိန်းချုပ်ထားသော မြန်မာ့အသံရုပ်မြင်သံကြား MRTV မှ “အခုဖြစ်စဉ်မှာ NCA သဘောတူညီမှုများနှင့်အညီ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိတဲ့ တပ်မတော်စခန်းများကို ထိခိုက်ဆုံးရှုံးအောင် တပ်မဟာ ၅ အနေနဲ့ NCA ကိုလိုက်နာမှုမရှိဘဲ တိုက်ခိုက်လာမှုဟာ သည်းခံနိုင်မှုအတိုင်းအတာအထိ ကျော်လွန်လာသည့်အတွက် မတ်လ ၂၇ ရက်နေ့ကစတင်ကာ ပြုလုပ်သင့် ပြုလုပ်ထိုက်တာများကို တပ်မတော်အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု သတင်းထုတ်လွှင့်ခဲ့သည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၄၉ တပ်စွဲထားသည့်တပ်စခန်းတည်ရှိရာ သီးမူထာတပ်စခန်းကို ၂၀၂၁ ခုနှစ် မတ်လ (၂၇) ရက် နံနက် ၀၆း ၁၅ အချိန်ခန့်တွင် စတင်ဝင်ရောက်ပြီး အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မြန်မာစစ်တပ်ဘက်က ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်သား ၁၀ ဦး ကျဆုံး၍ ၈ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မူတြော်ခရိုင်- အမှတ် ၅ တပ်မဟာ KNU ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks