Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ညီညွတ်ရေးပါတီမှ CEC အပါအဝင် ဗဟိုကော်မတီဝင် ၅ ဦးနှင့် ပါတီဝင်အချို့ တစ်ပြိုင်တည်းနုတ်ထွက်

မွန်ညီညွတ်ရေးပါတီမှ CEC အပါအဝင် ဗဟိုကော်မတီဝင် ၅ ဦးနှင့် ပါတီဝင်အချို့ တစ်ပြိုင်တည်းနုတ်ထွက်

-

မွန်သတင်းအေဂျင်စီ (၂၅ မတ် ၂၀၂၁)

မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင် CEC အပါအဝင် ဗဟိုကော်မတီ ၅ ဦးနှင့် မြို့နယ်အဆင့် ပါတီဝင်အချို့ ယမန်နေ့က တစ်ပြိုင်တည်းနုတ်ထွက်စာတင်ထားကြောင်း လူမှုကွန်ရက်ပေါ်မှ မိတ္တူစာများတွင် တွေ့ရှိရသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ထွန်းဖေ(ဘားအံ) နိုင်ထောရော့(ပေါင်) မိကျဲကျဲညီ(ပေါင်) ဗဟိုကော်မတီဝင်များဖြစ်ကြသော နိုင်ချစ်သိန်း(ဘားအံ) နှင့် မိစန္ဒာမွန်(မုဒုံ) တို့နုတ်ထွက်ကြောင်း လူမှုမီဒီယာများတွင် ၎င်းတို့ဖြန့်ဝေထားသော မိတ္တူစာအရ သိရသည်။

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဗညားအောင်မိုးနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် MUP တွဲဖက်အတွင်းရေးမှူး(၁) နိုလယိတမတို့က ပါတီ၏တာဝန်ပေးအပ်ချက်အရ ပါဝင်နေသည်။

အာဏာသိမ်း စစ်အစိုးရ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီက အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ပါတီမူဝါဒလမ်းစဉ်များအား သွေဖီနေသည်ဟုဆိုကာ နုတ်ထွက်စာတင်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့၏နုတ်ထွက်စာအချို့တွင် ရေးသားဖော်ပြသည်။

ထို့အတူ ပြီးခဲ့သည့်မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်နေ့က MUP ဗဟိုအလုပ်အမှုဆောင်အဖြစ်မှနုတ်ထွက်စာတင်ခဲ့ပြီးနောက် ချောင်းဆုံမြို့နယ် MUP အဖွဲ့ဝင်အဖြစ်သာ ဆက်လက်ပါဝင်လျက်ရှိကြောင်း သိရသည်။

လက်ရှိ မွန်ညီညွတ်ရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၁ ဦး၊ ဗဟိုကော်မတီဝင် ၁၄၀ ဖြင့်ဖွဲ့စည်းထားပြီး ဥက္ကဌမှာ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း နိုင်တင်အောင် ဖြစ်သည်။

မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, မွန်ကိုယ်စားပြုပါတီတည်ထောင်လိုသူများအဖွဲ့နှင့် အရပ်ဖက်မွန်လူထုအခြေပြုအဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့တို့ ပေါင်းစည်း၍ မွန်ညီညွတ်ရေးပါတီအဖြစ် ၂၀၁၉ ခုနှစ်တွင် အသစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နုတ်ထွက်စာများ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts