Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် အရေးပေါ်လူနာများပို့ဆောင်ရန်အခက်အခဲဖြစ်ပေါ်

ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် အရေးပေါ်လူနာများပို့ဆောင်ရန်အခက်အခဲဖြစ်ပေါ်

-

မွန်သတင်းအေဂျင်စီ (၁၆ မတ် ၂၀၂၁)

မွန်ပြည်နယ် မြို့နယ်အချို့တို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် ည ၈ နာရီနောက်ပိုင်း အရေးပေါ်လူနာများကို သွားရောက်ကူညီကယ်ဆယ်ရန်အတွက် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

မော်လမြိုင်ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းမှ ကိုဘိုဘိုဝင်းက “ကျနော်တို့က ခုလက်ရှိ ၈ နာရီမထိုးခင်မှာ လူနာကိုသွားပို့မယ် အမှီပြန်ရောက်အောင်ပြန်မယ့် ခရီးစဉ်လူနာမျိုးတွေကိုပဲ ကျနော်တို့ ပို့ဆောင်ပေးတော့တယ်။ တကယ်လို့ ၇ နာရီခွဲကျော်ကျော်လောက်မှာ ကျနော်တို့ပို့ရမယ်ဆိုရင် ၈ နာရီပြန်မရောက်နိုင်ဘူးဆိုရင် ဘယ်လူနာခရီးစဉ်မှ မပို့တော့ပါဘူး။ ခုဆို ညပိုင်းမှာ မွေးလူနာတွေ အများဆုံးအကူညီတောင်းတာများတယ် ဒါပေမယ့် ကျနော်တို့တွေ မကူညီနိုင်ခဲ့ဘူး၊ အဲ့ဒါလေးတွေ ကျနော်တို့ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်” ဟု ဆိုသည်။

မော်လမြိုင်၊ ကျိုက်ထို၊ ပေါင်၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၁၀၀ ကျော်တို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

“လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ကျနော်တို့အသင်း ရန်ကုန်ကိုလူနာ ပို့ပြီးအပြန် ၈ နာရီ ၂၀ လောက်မှာပဲ ဒီကညနအဝိုင်း (မော်လမြိုင်) မှာ ကျနော်တို့အဖွဲ့တွေ အစစ်ဆေးခံရတယ်။ ကားတစ်စီးလုံးလဲ အစစ်ဆေးခံရတယ်၊ ယာဉ်မောင်းတွေရဲ့ ဖုန်းတွေလဲ အစစ်ဆေးခံရတယ်” ဟု ကိုဘိုဘိုဝင်းက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ် ၁၀ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်တွင်  လူနာပို့ပြီးအပြန်၌ ဖမ်းဆီးခံခဲ့ရသည့် ကျိုက်ခမီ ဟိတကာရီ ပရဟိတအသင်းမှ ယာဉ်မောင်း ၂ ဦးဖြစ်သည့် ကိုတရုတ်နှင့် ကိုဝတုတ်တို့အား ပုဒ်မ ၁၈၈ ဖြင့် ယမန်နေ့က သံဖြူဇရပ်မြို့နယ် တရားရုံး၌ စွဲချက်တင်ခဲ့ပြီး ထောင်ဒဏ် (၁) လ ချမှတ်ခံခဲ့ရကြောင်း သိရသည်။

လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေနေကြောင့် ဆန္ဒပြမှုများမဖြစ်ပေါ်စေရန် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း တပ်မတော်အာဏာသိမ်းမှုကို လက်မခံကြသဖြင့် နိုင်ငံတဝန်း မြို့ပေါ်အသီးသီး၌ နေ့စဉ်ဆက်တိုက်လူထုဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။

ယင်းသို့ဆန္ဒပြပွဲများကို စစ်သားနှင့် ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် မတ်လ ၁၄ ရက်နေ့ တစ်ရက်အတွင်း မြန်မာနိုင်ငံအနှံ့၌ ကျဆုံးခဲ့ရသည့် ပြည်သူ (၃၈) ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း သတင်ဌာနများက ခန့်မှန်းတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပ စုစုပေါင်း (၆) မြို့နယ်တို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ထုတ်ပြန်လိုက်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts