spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းအင်တာနက်ကန့်သတ်လိုက်ခြင်းကြောင့် လူငယ်များအခွင့်အလမ်း ဆုံးရှုံးနေရဟုဆို

    အင်တာနက်ကန့်သတ်လိုက်ခြင်းကြောင့် လူငယ်များအခွင့်အလမ်း ဆုံးရှုံးနေရဟုဆို

    -

    ဗညားပိုင် (၈ မတ် ၂၀၂၁)

    အင်တာနက်လိုင်းများ အချိန်ကန့်သတ်ထားခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာများ ပိတ်ပင်ထားခြင်းသည် လူငယ်များအတွက် အနာဂတ်အခွင့်အလမ်းများ ဆုံးရှုံးစေသည်သာမက လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အနေအထားမျိုးဖြစ်နေသည်ဟု မွန်ပြည်နယ် လူငယ်များက ယူဆပြောဆိုနေကြသည်။

    တပ်မတော်မှ အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းများကို အချိန်ကန့်သတ် ပိတ်ပင်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာကို ပိတ်ခြင်း၊ အင်တာနက်လိုင်းမြန်နှုန်း လျှော့ချခြင်းများ လုပ်ဆောင်လာသည့်အတွက် စာသင်ကြားရာတွင် အခက်အခဲဖြစ်နေရသည်ဟု Online မှ ပညာသင်ကြားနေသည့် သင်တန်းသားလူငယ်များက ဆိုသည်။

    မော်လမြိုင်နေ သင်တန်းသူတစ်ဦးက “သင်တန်းကတော့ ၆ လတက်ရတာပေါ့၊ သင်တန်းက Zoom နဲ့ သင်တယ်၊ ပြီးတော့ စာသင်တဲ့အချိန်က ဟိုဘက်နိုင်ငံကဆိုရင် ၂ နာရီခွဲ ဒီမှာဆိုရင် မနက် ၈ နာရီပေါ့၊ ခုစစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အင်တာနက်လိုင်းကလဲ မကောင်း၊ ပြီးတော့ ၈ နာရီဆို အင်တာနက်ပိတ်နေတုန်းဆိုတော့ သင်တန်းကိုလဲ join လို့လဲမရတော့ နားလိုက်ရတယ် လေးလကျော် ပုံမှန်တက်ခဲ့တာ ခုတော့ သဲထဲရေသွန်သလို ဖြစ်သွားတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်၍ ၂၈ ရက်နေ့အထိ နံနက် ၁ နာရီမှ နံနက် ၉ နာရီအချိန်ထိ အင်တာနက်လိုင်းများကို ယာယီဖြတ်တောက်ထားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသော်လည်း ယနေ့(မတ်လ ၈ ရက်) အထိ ယခင်အတိုင်း ဆက်လက်ပိတ်ထားဆဲပင် ဖြစ်သည်။

    မော်လမြိုင်နေ လူငယ်တစ်ဦးက “ခု Facebook ဆို ပိတ်ထားတယ် VPN နဲ့ကျော်သုံးရတာပေါ့၊ အင်တာနက်နှုန်းလဲ နှေးသွားတယ် နှေးသွားတော့ စကားပြောတဲ့အခါ အစည်းအဝေးလုပ်တဲ့အခါမှာ အဆင်ပြေမှု မရှိဘူး။ အဓိကကတော့ အရင်ကလို လွတ်လွတ်လပ်လပ်နဲ့ ကိုယ်လိုချင်တဲ့အချိန်မှာ တခြားနိုင်ငံတွေနဲ့ တပြေးညီအလုပ်လုပ်လို့ မရတာတွေ ရှိလာတယ်၊ ဒါကတော့ လူ့အခွင့်အရေး သတင်းအချက်အလက် စီးဆင်းမှုကို အာဏာနဲ့ ကန့်သတ်လိုက်တဲ့သဘော ဖြစ်သွားတယ် လူငယ်တွေအတွက်ဆို မတရားမှုလို့ ပြောလို့ရတာပေါ့” ဟု ဆိုသည်။

    ယခုကဲ့သို့ အင်တာနက်ကန့်သတ်ပိတ်ပင်လိုက်ခြင်းကြောင့် လူငယ်များအတွက် ပညာရပ်များဆိုင်ရာလေ့လာသင်ကြားမှုများကို ထိခိုက်စေသည်သာမက လွတ်လပ်မှု၊ ပျော်ရွှင်မှုရှိသည့် အချိန်များကိုလည်း ဆုံးရှုံးစေသည်ဟု လူငယ်များက ပြောသည်။

    သို့ရာတွင် အများပြည်သူ၏ အကျိုးကို ထိခိုက်ပျက်ပြားစေရန်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများကို အထင်အမြင်လွဲမှားစေရန် သွေးထိုးလှုံ့ဆော်မှုများ၊ မဟုတ်မမှန်ကန်သည့် သတင်းအချက်အလက်များကို လူမှုကွန်ယက်စာမျက်နှာများနှင့် ဝက်ဆိုက်ဒ်များတွင် ရေးသားဖြန့်ဝေနေသည့်အတွက် ယာယီပိတ်ပင်ထားခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks