Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးချောင်းဆုံနှင့် ပေါင်မြို့နယ်တို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်

    ချောင်းဆုံနှင့် ပေါင်မြို့နယ်တို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်

    -

    ဗညားပိုင် (၈ မတ် ၂၀၂၁)

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့ညနေပိုင်းက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်။

    အလားတူ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးနှင့် ဘီးလင်း စသည့်မြို့နယ်တို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဖြစ်သည်။

    ယင်းထုတ်ပြန်ချက်အရ လူ ၅ ဦး သို့မဟုတ် ၅ ဦးအထက်ပိုသောသူများသည် မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည (၈)နာရီအချိန်မှ နံနက် (၄) နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ဆင့်လိုက်ကြောင်း၊ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ယနေ့ မတ်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

    ယခုအခါ ချောင်းဆုံမြို့နယ် နယ်နိမိတ်အတွင်း လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန်နှင့် စိုးရိမ်ဖွယ်ရာရှိသည့်အပြုအမူများကို ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်ဟု အထက်ပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ချောင်းဆုံမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။

    အလားတူ ပေါင်မြို့နယ်အတွင်း လူ ၅ ဦးနှင့် ၅ ဦးအထက်ပိုမစုရနှင့် ညမထွက်ရအမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း တွေ့ရှိရသည်။

    ထို့အပြင် မြန်မာနိုင်ငံတဝန်းလုံး ဆန္ဒပြပွဲများအရှိန်မြင့်လာသဖြင့် တိုင်းနှင့်ပြည်နယ်အသီသီးရှိ မြို့နယ် ၁၀၀ ကျော်တွင် အလားတူ ညမထွက်ရအမိန့်နှင့် လူစုလူဝေးမပြုရ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks