မွန်သတင်းအေဂျင်စီ (၀၂ မတ် ၂၀၂၁)
လူမှုကွန်ရက်များတွင် မြင်တွေ့နေရသော ရုပ်သံမှတ်တမ်းများအရ အဓိကရုဏ်းဖြေရှင်းသည့် နည်းစနစ်များထက်ကျော်လွန်နေ၍ ရန်သူများကိုတိုက်ခိုက်ချေမှုန်းနေသည့်အသွင်များကို ဝမ်းနည်းဖွယ်မြင်တွေ့နေရပြီး မိမိတို့နိုင်ငံသားအချင်းချင်းအပေါ် အလွန်အကျွံအကြမ်းဖက်နှိမ်နင်းနေခြင်းအား ပြင်းထန်စွာကန့်ကွက်တယ်ရှုတ်ချကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက မတ်လ ၁ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။
UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က “အတော်လေး အင်အားသုံးတယ်ပေါ့နော်၊ အမှန်ကတော့ အပြစ်မဲ့ ပြည်သူတွေ လူငယ်တွေ အမျိုးသမီးတွေ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်တာလေ။ အဲတာကို ဖြိုခွင်းတယ်ဆိုတဲ့ အခါမှာ သာမန်ဆန္ဒဖော်ထုတ်တဲ့ ဟာတွေကို သုံးနေကြ လက်နက်တွေမကဘူး တကယ့် ကျည်အစစ်တွေနဲ့ ပစ်တာ ခတ်တာတို့ ဖြစ်တဲ့အထဲမှာဆိုရင် တစ်နိုင်ငံလုံးမှာဆိုရင် လူပေါင်း ၂၀ ကျော်လောက် အမျိုးသမီးတွေ၊ ကလေးတွေ၊ ပစ်ခတ်ခံပြီးတော့ သေကြတယ်ပေါ့ဗျာ ဒါတွေကတော့ အင်အားကို အလွန်အကျွံသုံးတယ်လို့ယူဆတယ်။ အဲဒါကြောင့် ဒါမျိုးတော့ မဖြစ်သင့် အကုန်လုံးက ကျွန်တော်တို့ နိုငိငံသားတွေပဲဆိုပြီးတော့ အဲဒီရပ်တည်ချက်အနေနဲ့ ကျနော်တို့ UNA နဲ့ မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ပါတီနှင့် မိတ်ဖက်ဖြစ်သည့် ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစုများအပါအဝင် အသင်းအဖွဲ့ ၁၃၀ ကျော်ကိုယ်စားပြုသည့်မဟာမိတ်တပ်ပေါင်းစုတစ်ခုဖြစ်ပြီး မကြာမီက အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးကို သပိတ်မှောက်၍ တက်ရောက်ခဲ့ခြင်းမပြုကြပေ။
“ရှေ့မှာလည်း ကျွန်တော်တို့ နိုင်ငံမှာ အဲလို ဒီဆန္ဒပြပွဲတွေ၊ လူထုအုံကြွမှုတွေ လူထုတော်လှန်ရေးတွေ အများကြီး ဖြစ်ခဲ့တယ်။ သူတို့တွေက အင်အားသုံးပြီး ဖြေရှင်းခဲ့တာတွေပဲ ရှိတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ နိုင်ငံဟာ အတော်လေး နာတယ်ပေါ့ဗျာ။ ဆိုလိုတာက ထိခိုက်ခံစားရတဲ့ လူတွေ၊ သူတို့ရဲ့ အရိုးတွေတွန်ကြတယ်ပေါ့ဗျာ။ အဲဒီဟာကြောင့်လည်း မကြာမကြာ ကျွန်တော်တို့နိုင်ငံမှာ အုပ်ချုပ်မှု အမှားတွေ၊ ပြဌာန်းထားတဲ့ ဥပဒေအလွဲတွေကြောင့် အဲလိုဟာမျိုးတွေ ဖြစ်တာပေါ့။ ဒီတော့ ဒီလိုဟာတွေကြောင့် အကောင်းဆုံးနည်းကတော့ စေ့စပ်ညှိနှိုင်းပြီးတော့ အဖြေရှာခြင်းသည်သာ အကောင်းဆုံးလို့ကျနော်တို့ မြင်ပါတယ်” ဟု ဦးမျိုးကျော်က ဆက်ပြောသည်။
အလားတူ NLD နှင့် တပ်မတော်အကြား လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းဖြေရှင်းသည့်နည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင့် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းထားသည်။
မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှက “မူလအခြေခံလာတာက နိုင်ငံရေးပြဿနာကြောင့်ပါ ဒါကြောင့်မို့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ အေးအေးဆေးဆေးဖြေရှင်း စေချင်ပါတယ် ဆန္ဒဖော်ထုတ်တာက ပြည်သူတစ်ရပ်လုံးရဲ့ အခွင့်အရေးပါ ဆန္ဒပြတဲ့နေရာမှာလည်း နည်းမှန်လမ်းမှန်ရှိဖို့၊ ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း စည်းကမ်းတကျရှိစေချင်တယ် ကျနော်တို့ပါတီအနေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းတဲ့နည်းလမ်းကိုပဲ ဖြစ်စေချင်တယ် လက်ရှိကျနော်တို့နိုင်ငံရဲ့ အနေအထားမှာက ညှိနှိုင်းဖြေရှင်းနိုင်မှသာ ပြေလည်မှုရနိုင်မယ်လို့ ယူဆတယ်”ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ (၉၁၃) ဦးရှိကြောင်း၊ အကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရသဖြင့် ကျဆုံးသွားခဲ့သူ (၃၀) ဝန်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။