spot_img
Saturday, January 31, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်အစိုးရ၏ အုပ်ချုပ်ရေးကောင်စီကမ်းလှမ်းချက် MUP လက်ခံ

    စစ်အစိုးရ၏ အုပ်ချုပ်ရေးကောင်စီကမ်းလှမ်းချက် MUP လက်ခံ

    -

    မွန်သတင်းအေဂျင်စီ (၇ ဖေဖော်ဝါရီ ၂၀၂၁)

    လက်ရှိစစ်အစိုးရ ဖွဲ့စည်းလျှက်ရှိသည့် “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်ဖို့ ကမ်းလှမ်းချက်ကို မွန်ညီညွတ်ရေးပါတီ MUP လက်ခံကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အရေးပေါ် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်လိုက်သည်။

    မိမိတို့၏ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်ရာတွင် သွေးထွက်သံယိုဖြစ်စေသည့် လမ်းကြောင်းကို မရွေးချယ်သင့်ဘဲ တွေ့ဆုံဆွေ‌နွေးညှိနှိုင်းအဖြေရှာသည့် လမ်းကြောင်းကို ပါတီကရွေးချယ်ပေးလိုက်သည့်အတွက် “နိုင်ငံတော် စီမံအုပ်ချုပ်ရေး‌ ကောင်စီ” တွင် မွန်ညီညွတ်ရေးပါတီတာဝန်ရှိသူတစ်ဦး ထည့်သွင်းလိုက်ခြင်းဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    ‌ဒေါက်တာဗညားအောင်မိုးက ““စစ်အာဏာရှင်ဝါဒကို ဘယ်သူမှလည်း လက်မခံပါဘူး၊ ဒါပေမယ့် ကျနော်တို့ဟာ နိုင်ငံရေးသမားတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ပါတီရဲ့ နိုင်ငံရေးမူဝါဒ၊ တိုင်းရင်းသားတွေမျှော်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို နိုင်ငံရေးစားပွဲဝိုင်းမှာ နိုင်ငံရေးနည်းနဲ့ ဆွေး‌နွေးအဖြေရှာဖို့လိုအပ်တယ်လို့မြင်တယ်၊ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ကျနော်တို့ မွန်တိုင်းရင်းသားအပေါ် ထားရှိခဲ့တဲ့သဘောထား လုပ်ဆောင်ချက်တွေအပေါ် ကိုယ်တိုင်ခံစားကြုံံတွေ့ခဲ့ရတာကို ပြန်လည်သုံးသပ်ကြပြီးတော့ ပါတီက ခုလိုဆုံးဖြတ်ချက် ချရတာလည်းပါတယ်ဆိုတာ နားလည်သဘောပေါက်မယ်လို့ ယူဆပါတယ်” ဟု ဆိုသည်။

    ထို့အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင်ပါဝင်သွားရန် MUP က မိမိကိုရွေးချယ်တာဝန်ပေးလိုက်ကြောင်း ၄င်းက မွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

    ဒေါက်တာဗညားအောင်မိုးက “အခုလိုမျိုးကမ်းလှမ်းချက်မျိုး ဘယ်အဖွဲ့အစည်းကမှ ဖိတ်ခေါ်ခဲ့တာမရှိခဲ့ဘူး၊ ဒီကိစ္စအပေါ် အဖက်ဖက်ကနေ ထောင်စုံစဉ်းစားသုံးသပ်ကြပြီးတော့ လက်ခံလိုက်တာဖြစ်ပါတယ်၊ ကျနော်တို့ပြည်သူတွေကို ပါတီက ကတိပေးခဲ့တဲ့အတိုင်း ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေး စာပေယဉ်ကျေးရေးရာကိစ္စတွေ ဒေသဖွံ့ဖြိုးရေးအတွက် အခုလိုနေရာကို ကျနော်တို့လက်ခံလိုက်တာပါ” ဟု ဆိုသည်။

    လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်အချို့ပါဝင်ကြောင်း တွေ့ရသည်။

    သို့ရာတွင် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ တိုင်းရင်းသား ၅ ပါတီနှင့်အတူ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အတွက် မွန်ညီညွတ်ရေးပါတီအနေဖြင့် သီးခြားထုတ်ပြန်တော့မည်မဟုတ်ပေ။

    အလားတူ လက်ရှိ စစ်အာသိမ်းမှုအပေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့တွင် ကြေညာချက်ပူးတွဲထုတ်ပြန်ပြီးဖြစ်သည့်အတွက် မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် ကြေညာချက်သီးသန့် ထုတ်ပြန်တော့မည်မဟုတ်ကြောင်း သိရသည်။

    MUP EC အရေးပေါ်အစည်းအဝေး (၆-၂-၂၀၂၁)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks