spot_img
Thursday, July 31, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်နယ်က ဆရာဝန် ၇ ဦး ရခိုင်ပြည်နယ်သို့ ပြောင်းရွေ့ခံရ

    မွန်ပြည်နယ်က ဆရာဝန် ၇ ဦး ရခိုင်ပြည်နယ်သို့ ပြောင်းရွေ့ခံရ

    -

    စိုင်းထွန်းစံ (၂၁ ဇန်နဝါရီ ၂၀၂၁)

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ (၁၄-၁-၂၀၂၁) ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ဆုံးဖြတ်ချက်အရ မွန်ပြည်နယ်က လက်ထောက်ဆရာဝန် ၇ ဦးကို ရခိုင်ပြည်နယ်သို့ တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး အမိန့်ကြေငြာစာဖြင့် ပြောင်းရွေ့ခံရကြောင်း သတင်းရရှိသည်။

    အဆိုပါ လက်ထောက်ဆရာဝန်များကို မွန်ပြည်နယ် အစိုးရအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်အရ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုအစိုးရထံ တောင်းခံပြီး လျှောက်လွှာခေါ်ယူခန့်အပ်ထားသူများ ဖြစ်ကြောင်း၊ ၎င်းလက်ထောက်ဆရာဝန် ၇ ဦးကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ အမ်းမြို့၊ ရမ်းဗြဲမြို့၊ မောင်တောမြို့တို့ရှိ ပြည်သူ့ဆေးရုံတို့တွင် တာဝန်ထမ်းဆောင်ရန် ပြောင်းရွေ့ခံရခြင်း ဖြစ်သည်။

    ပြောင်းရွေ့ခံရသည့် ဆရာဝန် တစ်ဦးက “ရခိုင်ဆိုတာက ဘယ်သူမှ မသွားချင်တဲ့နေရာလေ။ ဘယ်သူမှ မသွားချင်တဲ့နေရာကို ဘာမူနဲ့သူတို့က ပို့လိုက်တာလဲ ဘယ်လိုအကြောင်းကြောင့်လဲ။ ဒီမှာရှိတဲ့ အပို့ခံရတဲ့သူက တစ်ခုခုပြစ်ချက်ရှိလို့ ပို့လိုက်တဲ့ သဘောမျိုးလား။ တစ်ယောက်မှ အတိုက်ခံလုပ်တဲ့ သဘောမျိုးရှိတာမဟုတ်ဘူး။ များသောအားဖြင့် ဌာနဆိုင်ရာတွေ ပို့တယ်ဆိုတာက ဥပမာ တစ်ခုခု မကြည်ဖြစ်တဲ့ဟာတွေ၊ ပြသနာဖြစ်တဲ့ဟာတွေ ရခိုင်ကိုပို့လိုက်တဲ့ဟာ။ ဆရာတို့ကျမှ ဘယ်လိုဖြစ်တာလဲဆိုတာ စဥ်းလည်းစဉ်စားလို့မရဘူး။ ဘာလို့ဒီကိုပို့တာလဲ ဆိုတာကို” ဟု ပြောသည်။

    အထက်ပါ ပြောင်းရွေ့ခံရသည့် ဆရာဝန်များတွင် မော်လမြိုင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူ ၃ ဦး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသူ ၃ ဦး၊ ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသူ ၁ ဦးတို့ ဖြစ်ကြောင်း အမိန့်ကြေငြာစာတွင် ပါရှိသည်။

    “မွန်ပြည်နယ်အတွင်းမှာလည်း ဆရာဝန်တွေ လိုအပ်တဲ့နေရာတွေ အများကြီးရှိတယ် ပို့လို့ရပါတယ်။ မသိလို့ရှိရင် အပြစ်တစ်စုံတစ်ခု လုပ်ထားပြီးမှ ရခိုင်ကို ပို့ခံရတဲ့ သဘောမျိုးဖြစ်နေတယ်။ ရခိုင်မှာက ဆရာဝန်မရှိဘူး ဆရာဝန်လိုအပ်နေတယ် ဆိုရင် ဒီလောက်ဆရာဝန်တွေ အများကြီးထဲမှာမှ ကျနော်တို့ကိုပဲ မြင်တာလား အခြားလူတွေရော မပါဘူးလား။ ဘာလို့ မွန်ပြည်နယ်ဘက်က လူတွေပဲခေါ်သွားရတာလဲပေါ့၊ ဒီမှာက လုပ်သက်နှစ်ကြာပြီးပေါ့နော် အခုရွေ့တဲ့အထဲမှာလည်း အကုန်လုံးက ငါးနှစ်ပြည့်ပြီးသာ လူတွေကြီးပဲ။ လုပ်သက်လည်း တော်တော်လေးရနေပြီးဆိုတော့ ရခိုင်မဟုတ်ပဲနဲ့ တခြားတစ်နေရာပေါ့နော် လိုအပ်တဲ့နေရာတွေ အများကြီးပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်မာရေးဝန်ထမ်း အပြောင်းအရွေ့မူများကို ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ လုပ်သက်နှစ်အလိုက် အပြောင်းအရွေ့တင်ရန် တိကျသည့် မူဝါဒမရှိသဖြင့် တိတိကျကျ ချမှတ်ပေးစေလိုကြောင်း ၎င်းကဆက်ပြောသည်။

    “ရခိုင်ပြည်နယ်ကနေပြီးတော့ လိုမယ်ဆိုရင် ရခိုင်ကနေ ဆရာဝန်တွေကို ခေါ်ပြီးခန့်ပေါ့။ ဒီမှာရှိတဲ့ သူတွေက နဂိုထဲကမှ မလောက်နေပါဘူးဆိုမှ သွားပြီးတော့ ပို့တဲ့အခါမှာ ဟိုမှာလည်းအဆင်မပြေ ဒီမှာလည်း လစ်လပ်တဲဟာတွေ ဖြစ်ပေါ်ပြီးတော့ ဒီရောဂါတွေကို ဘယ်လိုလုပ်သွားထိန်းတော့မလဲ။ ပိုမှားယွင်းတဲ့ အချက်က မွန်ပြည်နယ်အစိုးရမှ ပြည်ထောင်စုအစိုးရကနေ တောင်းခံပြီးတော့ ခေါ်ခန့်ထားတဲ့သူတွေပါ သူတို့တွေက” ဟု တိုင်းဒေသကြီး အစီစဉ်ဖြင့် တာဝန်ထမ်းဆောင်ဖူးသူ ဆရာဝန်တစ်ဦးမှ ဆိုသည်။

    သို့ရာတွင် အစိုးရအဖွဲ့သက်တမ်းကုန်ခါနီးအတွင်း မွန်ပြည်နယ်မှ ဆရာဝန်များအား ရခိုင်ပြည်နယ်သို့ အစုလိုက်ပြောင်းရွှေ့လိုက်သည့်ကိစ္စရပ်ကို အနီးကပ်လေ့လာလျှက်ရှိကြောင်း ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့်မြောက်လျှင် ဆန္ဒပြုလျှောက်ထားရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၌ အနီးစပ်ဆုံး နေရာဒေသများတွင် ပြန်လည်ပြောင်းရွေ့ပေးမည်ဖြစ်ကြောင်း ထိုအမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts