spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများအကြောင်းမပြန်ကြားမှု အများအပြားရှိ

    မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများအကြောင်းမပြန်ကြားမှု အများအပြားရှိ

    -

    စိုင်းထွန်းစံ(၁၈ ဇန်နဝါရီ ၂၀၂၁)

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းအတွင်း တိုင်ကြားစာများနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သော်လည်း သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပြီးကြောင်း အကြောင်းမပြန်မှု အများအပြားရှိကြောင်း တိုင်ကြားစာကော်မတီ ဥက္ကဌ မွန်ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးအောင်ကျော်သူက ဆိုသည်။

    ဦးအောင်ကျော်သူက “တင်ပြတိုင်ကြားလာတဲ့စာတွေကို သက်ဆိုင်ရာ ခရိုင်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနတွေ အကုန်အသီးသီးကို ပူးပေါင်းဆောင်ရွက်ဖို့စာတွေ ထွက်ခဲ့တယ်။ သူတို့ဆီကနေ ဆောင်ရွက်ပြီးစီးမှုတွေ ပြန်တောင်းခဲ့တယ်။ အဲ့ဒီမှာ ကျနော်တို့ဘက်ကသာ အကြွေးမကျန်တာ လက်ရှိကတော့ သက်ဆိုင်ရာဌာနတွေ ပေးပို့လိုက်တဲ့စာတွေ ပြန်မရောက်တဲ့စာတွေ အများကြီးတော့ ကျန်သေးတယ်။ ၁၀၀ ရာခိုင်နှုန်းလုပ်ငန်း မပြီးပျက်ဘူး ကော်မတီအနေနဲ့ လုပ်ရမဲ့လုပ်ငန်းကို ပြီးပြတ်တယ်လို့ ဆိုလိုတာပါ” ဟု ပြောကြားခဲ့သည်။

    မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီထံသို့ ၂၀၁၆ ခုနှစ်မှ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ တိုင်ကြားစာ စုစုပေါင်း ၁၇၈၂ စောင် ရှိပြီး ထိုထဲတွင် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေ ကိစ္စရပ်များ ပါဝင်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းဆောင်ရွက်ပေးရန် ပေးပို့ထားသည့် စောင်ရေ စုစုပေါင်း ၂၄၅ စောင်ရှိပြီး ပြန်ကြားလာသည့် စောင်ရေ ၈၇ စောင်နှင့် ပြန်ကြားခြင်းမရှိသေးသည့် စောင်ရေ ၁၅၈ စောင်ရှိကြောင်း ၎င်းထံမှ သိရသည်။

    “တစ်ပတ်မှာ အစည်းဝေးထိုင်ရင် အနိမ့်ဆုံး တိုင်ကြားစာက ၁၅ စောင်နဲ့ အစောင် ၂၀ အနိမ့်ဆုံးရတယ်။ များလို့ရှိရင် အစောင် ၃၀ လောက်ရတယ်။ အဲ့ဒီမှာ ဘာတွေတွေ့ရလဲဆိုတော့ ကော်မတီမှာ အားနည်းချက် အားသာချက်မှာ အားသာချက်ကတော့ အပတ်စဉ်အစည်းဝေးလုပ်တယ် နောက်ဆုံး တတိယအကြိမ် လွှတ်တော်ကိုလွဲတော့မယ်ဆို အကြွေးတော့ မကျန်ခဲ့ဘူး ဒီတိုင်းကြားစာနဲ့ ပတ်သက်ပြီးတော့”ဟု ဦးအောင်ကျော်သူက ဆိုသည်။

    တိုင်ကြားလာသည့်စာများကို လွှတ်တော်အနေဖြင့် အဆုံးအဖြတ်ပေးနိုင်သည့် အဖွဲ့အစည်းမဟုတ်သည့်အတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တို့မှ ဌာနဆိုင်ရာများကို ပူပေါင်းဆောင်ရွက်ပေးရန် စာပို့ထားကြောင်း ၎င်းကဆက်ပြောသည်။

    အလားတူ မွန်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် ဌာနဆိုင်ရာများကို ညှိနှိုင်းဆောင်ရွက် ပေးရန် ပေးပို့ထားသည့် စောင်ရေ စုစုပေါင်း ၉၄ စောင်ရှိပြီး ပြန်ကြားလာသည့် စောင်ရေ ၅၁ စောင်နှင့် ပြန်ကြားခြင်းမရှိသည့် စောင်ရေ ၄၃ စောင်ရှိကြောင်း ၎င်းထံမှ သိရသည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းအတွင်း တိုင်ကြားစာကော်မတီမှ အစည်းဝေး အကြိမ်ရေ ၂၀၀ ခန့် ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းစစ်ဆေးမှု ၆၈ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မော်လမြိုင်မြို့ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



    မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီအစည်းအဝေး (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks