spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်နိုင်ငံရေးပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အတွက်ဖြစ်ရမည်ဟု ၉ ကြိမ်မြောက် မွန်လူငယ်များနေ့ ကြေညာချက်ထုတ်ပြန်

    မွန်နိုင်ငံရေးပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အတွက်ဖြစ်ရမည်ဟု ၉ ကြိမ်မြောက် မွန်လူငယ်များနေ့ ကြေညာချက်ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ( ၂၈ ဒီဇင်ဘာ ၂၀၂၀)

    မွန်လူငယ်တို့အင်အားသည် မွန်ပြည်သူ မွန်နိုင်ငံရေးပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အတွက်ဖြစ်ပါကြောင်း၊ မွန်ဘုရင်ရာဇာဓိရာဇ်၏ “သွားလျှင်ရောက်မြဲ ယူလျှင်ရမြဲ လုပ်လျှင်ဖြစ်မြဲ” အဆိုအမိန့်ကို ယုံကြည်ပါကြောင်း ယနေ့ကျရောက်သည့် ၉ ကြိမ်မြောက်မွန်လူငယ်များနေ့တွင် မွန်-ဗမာနှစ်ဘာသာဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

    ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးအတွက် တိုက်ပွဲဝင်နေသည့် မွန်ပြည်သစ်ပါတီ NMSP နှင့် မွန်ညီညွတ်ရေးပါတီ MUP သို့ သမိုင်းပေးတာဝန်အရ မွန်လူငယ်တို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြရန်နှင့် အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်ပညာသင်ကြား၍ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သို့ ဝင်ရောက်အမှုထမ်းရန် တိုက်တွန်းထားသည်။

    အလားတူ တိုင်းရင်းသားများတို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးရရှိရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရာတွင် မျိုးဆက်သစ်ခေါင်းဆောင်များအား လက်ဆင့်ကမ်း၍ တာဝန်လွှဲအပ်ရမည်မှာ မလွဲဧကန်ဖြစ်ပါသောကြောင့် လူငယ်များအနေဖြင့် နိုင်ငံရေးနှင့် အမျိုးသားရေးတွင် ထဲထဲဝင်ဝင်ပါဝင်ပြီး လက်တွေ့နိုင်ငံရေးကို သင်ယူလေ့လာခြင်းဖြင့် ခေါင်းဆောင်မှုအရည်အချင်း ပြည့်ဝရေးအတွက် မိမိကိုယ်မိမိ ပြုစုပျိုးထောင်ကြရန် ၉ ကြိမ်မြောက်မွန်လူငယ်များနေ့သို့ မွန်ညီညွတ်ရေးပါတီ ပေးပို့သောသဝဏ်လွှာတွင် ရေးသားဖော်ပြသည်။

    ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကူညီထောက်ခံဝန်းရံပေးခဲ့သော မြို့နယ်အသီးသီးရှိ လူငယ်များအား မွန်ညီညွတ်ရေးပါတီမှ ဂုဏ်ပြုပါကြောင်းနှင့် လူငယ်တို့၏ မျိုးချစ်စိတ်နိုးကြားမှုကို ချီးကျူးထောပဏာပြုပါကြောင်း၊ လူငယ်များသည် နိုးကြားတက်ကြွခြင်း၊ စွန့်လွှတ်ခြင်း၊ ပေးဆပ်အနစ်နာခံခြင်း အရည်အချင်းများနှင့် ပြည့်စုံသူများဖြစ်သည့်အားလျော်စွာ အမျိုးသားရေးတွင် အကျိုးရှိရှိအသုံးချနိုင်ရန်နှင့် အယူအဆရေးရာတွင် လမ်းမလွဲမိစေရန် လူငယ်ထုအနေဖြင့် နိုင်ငံရေးဦးဆောင်မှုအတိုင်း စုစည်းညီညွတ်စွာလိုက်ပါနိုင်ရန်လည်း အရေးကြီးသည်ဟု MUP သဝဏ်လွှာက တိုက်တွန်းသည်။

    ထို့အတူ အမျိုးသားလွတ်မြောက်ရေးအတွက် ခေတ်အဆက်ဆက်က အသက်ထက်ဆုံး တိုက်ပွဲဝင်ခဲ့သူများ တာဝန်ကျေပွန်ခဲ့ကြပြီးဖြစ်သကဲ့သို့ အနာဂတ်ကို ဆက်လက်တာဝန်ယူသွားကြရမည့် ယနေ့လူငယ်များအနေဖြင့် အတွေ့အကြုံနှင့် အသိအမြင်များရယူ၍ အနာဂတ်အမျိုးသားရေးတာဝန်ကို ပါဝင်ထမ်းဆောင်ကြရန် မွန်ပြည်သစ်ပါတီက မွန်ဘာသာဖြင့် သဝဏ်လွှာရေးသား ပေးပို့သည်။ 

    မိမိတို့ကြမ္မာ မိမိတို့ဖန်တီးနိုင်ခွင့်မရှိပါက အမှန်တကယ်လူမျိုးပျောက်ကွယ်သွားနိုင်သည့်အနေအထားကို ရောက်ရှိနေသည်ဖြစ်ရာ ပစ္စုပ္ပန်ကာလတွင် မိမိကြမ္မာဖန်တီးခွင့်ရှိရေး မွန်တစ်မျိုးသားလုံး စုစည်းညီညွတ်စွာဖြင့် တိုင်းရင်းသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန်တိုက်တွန်းပါကြောင်း၊ ရဲဝံ့ညီညွတ်စွာ ကြိုးပမ်းသွားပါက မိမိတို့ရည်မှန်းချက်ပန်တိုင်ကို မလွဲမသွေရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း NMSP သဝဏ်လွှာတွင် ဖော်ပြသည်။

    ဆက်လက်၍ နိုင်ငံတကာတက္ကသိုလ်များတွင် ပညာဆည်းပူးကြပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် အခြားကိစ္စရပ်များတွင် ဝင်ရောက်အမှုထမ်းပါမှ မွန်အမျိုးသားတို့တောင်းဆိုတိုက်ပွဲဝင်နေကြသည့် မွန်အမျိုးသားအခွင့်အရေးတို့ကို ရရှိနိုင်မည်ဟု မွန်လူငယ်များ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ရေးသားသည်။

    သို့ရာတွင် မူးယစ်ဆေးဝါးပြဿနာသည် မွန်တစ်မျိုးသားလုံး၏ အနာဂတ်ကိုခြိမ်းခြောက်နေသည့်အတွက် မွန်လူငယ်များနှင့် ပြည်သူလူထုတစ်ရပ်လုံးအင်တိုက်အားတိုက် တိုက်ဖျက်ကြပါရန် ၎င်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

    ၉ ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို ကိုဗစ်ကာလကျန်းမာရေးစည်းကမ်းချက်နှင့်အညီ သဘာပတိအဖွဲ့နှင့် အခမ်းအနားမှူးတို့က ရေးမြို့နယ်တစ်နေရာမှ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ Mon Youth Forum- MYF facebook online live streaming အစီအစဉ်ဖြင့် အခမ်းအနားကျင်းပခဲ့သည်။

    မွန်နိုင်ငံရေးလောကတွင် ခေတ်အဆက်ဆက်က တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ခေါင်းဆောင်ကြီးများကို ဂါရဝပြုခြင်း၊ လူငယ်များ၏ ခေါင်းဆောင်နိုင်မှုစွမ်းရည်ကို မြှုင့်တင်ခြင်းနှင့် လူငယ်များအချင်းချင်း ချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ နှစ်စဉ် မြို့နယ်တစ်ခုစီအလိုက် အလှည့်ကျကျင်းပခဲ့သည်။

    ပထမအကြိမ် မော်လမြိုင် မွန်လူငယ်နှီးနှောဖလှယ်ပွဲကို ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီးနောက် မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း စတင်ပေါ်ပေါက်လာရခြင်းကိုအစွဲပြု၍ မွန်လူငယ်များနေ့အဖြစ် သတ်မှတ်ကျင်းပခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks