spot_img
Tuesday, March 3, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်လူငယ်များ စစ်ပညာတတ်မြောက်ထားသင့်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌမှာကြား

    မွန်လူငယ်များ စစ်ပညာတတ်မြောက်ထားသင့်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌမှာကြား

    -

    မွန်သတင်းအေဂျင်စီ (ဒီဇင်ဘာ ၁၈)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်ရှိကာလတွင် မိမိတို့နယ်မြေအတွင်း စစ်မက်ဖြစ်ပွားခြင်းမရှိသဖြင့် မွန်လူငယ်များစစ်ထဲမဝင်လိုကြသော်လည်း အခြေခံစစ်ပညာကို တတ်မြောက်ထားသင့်ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ဟံသာ မှာကြားလိုက်သည်။

    လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်သည့် ၉ ကြိမ်မြောက် မွန်လူငယ်များနေ့အစီအစဉ်အတွက် မကြာသေးမီက မွန်သတင်းအေဂျင်စီ ရုပ်သံအင်တာဗျူးတစ်ရပ်တွင် နိုင်ဟံသာက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။  

    “ခုလိုအပစ်ရပ်စဲထားချိန် မိမိတို့နယ်မြေမှာ စစ်မက်ဖြစ်ပွားနေတာလည်းမရှိတော့ လူငယ်တွေ စစ်ထဲမဝင်ကြတာ ထားလိုက်ပါ၊ စီးပွားရေးကိုသာ လုပ်ကြပါ ဒါပေမယ့် အခြေခံစစ်ပညာကိုတော့ တတ်မြောက်ထားသင့်တယ် အရေးကြုံလာတဲ့အခါ တာဝန်ယူနိုင်ဖို့ပါ” ဟု နိုင်ဟံသာ ပြောသည်။

    ကမ္ဘာ့တိုင်းပြည်များတွင် အရွယ်ရောက်သူတိုင်း စစ်ပညာသင်ကြားရသည့် ဥပဒေပြဌာန်းထားကြောင်း၊ ထိုင်းနိုင်ငံတွင် အသက် ၂၁ နှစ်ပြည့်သည့် ယောကျ်ားလူငယ်တိုင်း စစ်မှုထမ်းရန်စာရင်းပေးသွင်းရကြောင်း၊ ရှေးယခင် ရှင်ဘုရင်ခေတ်တွင်လည်း စစ်မက်ဖြစ်ပွားလာသည့်အခါ အရွယ်ရောက်သူယောက်ျားတိုင်း စစ်မှုထမ်းရကြောင်း၊ စစ်မှုထမ်းသူမရှိသဖြင့် စစ်ရှုံးပါက မိမိတိုင်းပြည်နှင့်လူမျိုး တပါးကျွန်ဘဝရောက်ရှိသွားမည်ဖြစ်သည့်အတွက် ကာကွယ်ရေးအတွက် လူတိုင်းကိုယ်စီတာဝန်ရှိကြောင်း ၎င်းကဆိုသည်။

    “ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေရဲ့အခန်းက အရေးကြီးသလို ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍမှာလည်း အရေးကြီးပါတယ် လက်နက်ကိုင်တပ်ဖွဲ့အင်အားမရှိရင် အစိုးရဘက်ကလည်း မိမိတို့ကို အသိအမှတ်ပြုပြီး အရေးတယူဆက်ဆံမှာ မဟုတ်ပါဘူး၊ လက်နက်အင်အားတွေနဲ့သာ အခုလိုအဆုံးအဖြတ်ပေးနေကြတဲ့ကာလတွေမှာ မိမိတို့အင်အားချိနဲ့လို့ ခုခံကာကွယ်နိုင်စွမ်းမရှိခဲ့ရင် သူများတကာတွေကြားမှာ ကျနော်တို့တတွေ ညက်ညက်ကြေမွသွားပါလိမ့်မယ်” ဟု နိုင်ဟံသာက သုံးသပ်သည်။ 

    ယခင်ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်က ပြည်နယ်သတ်မှတ်ပေးခြင်းမရှိခဲ့သော်လည်း ထောင်ဂဏန်းနှင့်ချီသော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင် အင်အားစုစည်းလာသည့် ၁၉၇၄ ခုနှစ်တွင် အစိုးရက မွန်ပြည်နယ်အဖြစ်အသိအမှတ်ပြုပေးခဲ့ရသည်ကို လူငယ်များ သိရှိထားဖို့လိုအပ်ကြောင်း ၎င်းက ဆိုသည်။

    ထို့အတူ “မွန်လူငယ်များ မွန်နိုင်ငံရေး ပါဝင်ဆောင်ရွက်ကြ” ကြွေးကျော်သံဖြင့် (၉) ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းနားကို ရေးမြို့နယ်တွင်ကျင်းပမည်ဖြစ်ရာ မွန်လူငယ်ဆုံရပ် Mon Youth Forum- MYF facebook ၌ online live streaming တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    MYF အတွင်းရေးမှူး မင်းဇာနည်ဦးက “အမျိုးသားရေးတာဝန် သမိုင်းပေးတာဝန်တွေကို မိမိတို့ကျွမ်းကျင်ရာကဏ္ဍတွေမှာ ကျနော်တို့ လူငယ်တွေ ပါဝင်လှုပ်ရှားမယ်လို့ သံဓိဌာန်ချထားပါတယ်”ဟု ပြောသည်။

    ခေတ်အဆက်ဆက်က တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ခေါင်းဆောင်ကြီးများအား အလေးအမြတ်ထားဂါရဝပြုခြင်း၊ လူငယ်များ၏ ခေါင်းဆောင်နိုင်မှုစွမ်းရည်ကို မြှုင့်တင်နိုင်ရန်နှင့် လူငယ်များအချင်းချင်း ချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မွန်လူငယ်များနေ့ကို နှစ်စဉ်မြို့နယ်အလိုက် အလှည့်ကျ လှည့်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။

    မြန်မာ့လွတ်လပ်ရေးအကြိုခေတ် ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မော်လမြိုင်မြို့တွင် မွန်လူငယ်နှီးနှောဖလှယ်ပွဲတစ်ရပ်စတင်ကျင်းပခဲ့ပြီးနောက် နိုင်ငံရေးတွင် လူငယ်များအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သူ့တပ်ဦးနှင့် မွန်ပြည်သစ်ပါတီတို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks