spot_img
Tuesday, March 3, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဖာပွန် – မဲဝိုင်ဒေသ တပ်မတော်နှင့် ထိတွေ့ပစ်ခတ်မှုအကြောင်း KNU ရှင်းပြီ

    ဖာပွန် – မဲဝိုင်ဒေသ တပ်မတော်နှင့် ထိတွေ့ပစ်ခတ်မှုအကြောင်း KNU ရှင်းပြီ

    -

    မွန်သတင်းအေဂျင်စီ- (၁၇ ဒီဇင်ဘာ ၂၀၂၀)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် NCA စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို တပ်မတော်မှချိုးဖောက်ကာ သတ်မှတ်နယ်မြေကိုကျော်လွန်၍ ခမရ ၃၃၉- တပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်မဲဝိုင်ဒေသ၌ တပ်မဟာ(၅) နှင့် ထိပ်တိုက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာန သူးလေသတင်းစဉ်က ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်ရှင်းလင်းခဲ့သည်။

    ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်အား မျှော်ရည်၍ အစိုးရတပ်မတော်၏လုပ်ရပ်များကို အောက်ခြေအထိ စနစ်တကျ ပြန်လည်သုံးသပ်လေ့လာပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် လုံးဝ (လုံးဝ) ဆန့်ကျင်နေသာ ကိစ္စရပ်များကို ရပ်တန့်စေလိုကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅) အနေဖြင့် သက်ဆိုင်ရာဌာန၊ အစုအဖွဲ့များထံ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် နေ့စွဲပါ စာဖြင့် ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

    မဲဝိုင်စခန်းသို့ တာဝန်လွှဲပြောင်းရောက်ရှိလာသော ခမရ-၃၃၉ တပ်ရင်းမှူးက “မင်းတို့လည်း စစ်သား၊ ငါတို့လည်း စစ်သား၊ ငါတို့ လုပ်ချင်တာ လုပ်မယ်၊ သွားချင်တဲ့နေရာ သွားမယ်” ဟု KNU နယ်မြေခံတို့အား ပြောဆိုခဲ့ကြောင်း သူးလေသတင်းစဉ်က ဖော်ပြသည်။

    မောင်းသူမဲ့လေယာဉ် Drone များဖြင့် တပ်မဟာ(၅) နယ်မြေများအတွင်း ထောက်လှမ်းခြင်း၊ ဒေသခံ ရွာသူရွာသားများကို ခြိမ်းခြောက်ပြောဆိုခြင်း၊ လက်နက်ကြီး လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်ခြောက်လှန့်ခြင်း၊ ဒေသခံများ၏ စပါးရိတ်သိမ်းခွင့်ကို တားဆီးပိတ်ပင်ခြင်း၊ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုမဟုတ်သော သွားလာမှုကန့်သတ်ခြင်းတို့ကို တပ်မတော်မှ ပြုလုပ်ခဲ့သည်ဟု KNU က ထောက်ပြသည်။

    ခမရ-၄၀၉ မှ တပ်ဖွဲ့ ဝင် ၂ ဦးက ပိုလိုထရွာသူ နော်မုနော်အား ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ပစ်သတ်ခဲ့ပြီး နားကွင်း ၁ ရံ၊ ရွှေဆွဲကြိုး ၁ ကုံး ဆွဲဖြုတ်ယူဆောင်သွားသည့်အပြင် ရွာသူရွာသားများကို ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းသည်ဟု ဆိုသည်။

    ထို့ပြင် မဲဝိုင်စခန်းတွင် အခြေချလှုပ်ရှားခဲ့သော ခမရ-၃၃၈ တပ်ဖွဲ့ဝင်အချို့သည် ဒေသခံ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေးအဖွဲ့ဝင် စောမောင်အေးသန်းအား ၂၀၂၀ ခုနှစ် မတ်လ (၅) ရက်နေ့က အကြောင်းမဲ့ပစ်ခတ်သေဆုံးစေခြင်း၊ ယင်းဖြစ်စဉ်အား အထက်အရာရှိများထံ လိမ်လည် တင်ပြခဲ့သည်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက အမှန်တရားကိုမသိရှိဘဲ မီဒီယာများတွင် ရှင်းလင်းပြောကြားခြင်းသည် နှစ်ဘက်ယုံကြည်မှု တည်ဆောက်ခြင်းကို လွန်စွာထိခိုက်စေပြီး ပြဿနာများ ပိုမိုကြီးထွားလာစေနိုင်သည်ဟု KNU က ထောက်ပြသည်။

    Photo- မဲဝိုင်အစိုးရတပ်စခန်း(သူးလေသတင်းစဥ်)

    မဲဝိုင်၊ ကိုင်းကုတ်၊ လှဂွန်းပျို၊ ဝင်းမောင်၊ ဖာပွန်နှင့် ကမမောင်း တပ်မတော်တပ်စခန်းများမှ ခြိမ်းခြောက်ပြောဆိုခြင်း၊ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြောက်လှန့်ခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း၊ ညမှောင်ချိန်များ၌ စစ်ကြောင်းအသွင်ဆောင်ကာ လှည့်လည်သွားလာခြင်း၊ အပြစ်မဲ့ ရွာသူရွာသားများအား သတ်ဖြတ်ခြင်း၊ ရွာသူရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များနှင့် သစ်၊ ဝါးများကို အတင်းအဓမ္မ ခိုးယူသယ်ဆောင်သွားခြင်း စသည့်လုပ်ရပ်များ ဒေသခံများအပေါ် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

    အဆိုပါလုပ်ရပ်များကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့်အပေါ် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဒေသခံပြည်သူလူထု (၄၀၀၀) ကျော် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်း ၂ ကြိမ်ပြုလုပ်ခဲ့သော်လည်း အစိုးရတပ်မတော်မှ အလေးမထားဘဲ လျစ်လျူရှုထားခဲ့သည်ဟု KNU က ထောက်ပြသည်။

    ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၅) နယ်မြေ ၌ အစိုးရတပ်မတော် ၏ ပြုမူလုပ်ဆောင်လျက်ရှိသော အထက်ပါ လုပ်ရပ်များသည် NCA ကို ချိုးဖောက်ခြင်းမှ စတင်ခဲ့သည်ဟု KNU မှ ထောက်ပြခဲ့ပြီး ၎င်းလုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း သူးလေသတင်းစဉ်က ရေးသားထားသည်။

    သို့ရာတွင် KNLA တပ်မဟာ(၅)အဖွဲ့အနေဖြင့် ဒီဇင်ဘာလအတွင်း မဲဝိုင်အနီး သတ်မှတ်နယ်မြေ ကျော်လွန်၍ မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ်နှင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    တပ်မတော်အနေဖြင့် စစ်မှန်သောထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် NCA စာချုပ်ပါ သဘောတူညီချက်များကို လေးစားစောင့်ထိန်းလျက်ရှိပြီး KNLA တပ်မဟာ(၅)၏ NCA သဘောတူစာချုပ် ချိုးဖောက်မှုများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(ပြည်နယ်အဆင့်) Joint Ceasefire Monitoring Committee – State Level သို့ ၃၉ ကြိမ် ကန့်ကွက်ခဲ့ကြောင်းနှင့် နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေး အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    အဆိုပါဒေသတွင် အခြေချလှုပ်ရှားလျှက်ရှိသော တပ်မတော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက် အောက်ခံ ခြေမြန်တပ်ရင်းနှင့် KNU တပ်မဟာ (၅) လက်အောက်ခံ KNLA (၁၀၂) တပ်ရင်းတို့ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ နှစ်ဖက်စတင်ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ရာနှင့်ချီသည့် ဒေသခံရွာသားများက မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်ရှိ နီးစပ်ရာ ဆွေမျိုးနေအိမ်များသို့ ထွက်ပြေးခိုလှုံနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks