Homeသတင်းမုဒုံမြို့မ ၄ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါး ၁၀၆ ပြားဖမ်းဆီးရမိ

မုဒုံမြို့မ ၄ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါး ၁၀၆ ပြားဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (မုဒုံ၊ ဒီဇင်ဘာ ၁၅)

မုဒုံမြို့ မြို့မ(၄)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းအချိန်က မူးယစ်ဆေးဝါး စုစုပေါင်း ၁၀၆ ပြားဖမ်းဆီးရမိခဲ့သည်ဟု မုဒုံမြို့မရဲစခန်းထံမှ သိရသည်။

မြို့မ(၄)ရပ်ကွက် ထိန်ကုန်းရပ် ချယ်ရီ ၁၆ လမ်းတွင် နေထိုင်သည့် ဂျလာ(ခ)အောင်ခန့်ထူး(၃၉)နှစ်၏ နေအိမ်ကို သတင်းအရ မုဒုံမြို့မရဲတပ်ဖွဲ့ဝင်က ဝရမ်းနှင့် ဝင်ရောက်ရှာဖွေခဲ့ရာ အရိုးအသွား(၁၄) လက်မခန့်ရှိ သံရိုးတပ်ဓားမြောင်၏ ဓားရိုးနောက်ပိတ်အတွင်းမှ WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၆၆)ပြား၊ R ပန်းရောင်းစိတ်ကြွရူးသွပ်ဆေးပြား(၃၈)ပြား၊ R အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂)ပြား စုစုပေါင်း(၁၀၆)ပြားကို ရှာဖွေဖမ်းဆီးခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

“ကျနော်တို့ သတင်းအရ ဝရမ်းနဲ့ဝင်ဖမ်းတာပေါ့၊ မူးယစ်ဆေးကိုတော့ ကျနော်တို့အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တောက်လျှောက်ဖမ်းနေမှာပါ၊ ဒီနှစ်ထဲမှာ ကျနော်မြို့မစခန်းအနေနဲ့  မူးယစ်မှု(၉၀)မှုဖမ်းဆီးခဲ့တယ်၊ ဆက်လည်းဖမ်းနေမှာပါ”ဟု မုဒုံမြို့မစခန်းမှူး ဒုရဲမှူးအောင်မျိုးထွန်းက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသုံးစွဲရောင်းချခဲ့သူ ဂျလာ(ခ)အောင်ခန့်ထူးအပေါ် မုဒုံမြို့မရဲစခန်းမှ မယ(ပ)၉၀/၂၀၂၀၊ မူး/စိတ်ပြောင်းပုဒ်မ- ၁၉ (က)/၂၀(က)/၂၂(ခ)ဖြင့် အမှုဖွင့်လှစ်ပြီး အရေးယူထားရှိသည်ဟု သိရသည်။

“မူးယစ်ဆေးဝါးတွေ ဖမ်းတာကောင်းတာပေါ့၊ အထည်ကြီးလုပ်တဲ့လူတွေမိရင် ပိုကောင်းတာပေါ့၊ တနိုင်လုံးအတိုင်းအတာနဲ့ မဟုတ်ရင်တောင် ကိုနေတဲ့မြို့လေး မူးယစ်ကင်းစင်သွားရင် တော်တော်ဝမ်းသာမိမှာ၊ ဖမ်းပါ များများဖမ်းပေးပါ၊ ကြိုဆိုပါတယ်”ဟု မုဒုံမြို့ခံ ကိုထွန်းမော်က ဆိုသည်။

မုဒုံမြို့နယ်၌ လက်ရှိ ၂၀၂၀ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း(၁၄၈)မှုဖမ်းဆီးရမိခဲ့ရာ မုဒုံမြို့မရဲစခန်းမှ(၉၀)မှုနှင့် ကမာဝက်နယ်မြေရဲစခန်းမှ (၅၈)မှု ဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts