spot_img
Tuesday, February 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမူးယစ်ဆေးလာဖြတ်သူ လစဉ်တိုးများလာသဖြင့် မွန်ပြည်သစ်ပါတီသထုံခရိုင်တွင် စားနပ်ရိက္ခာနှင့်နေရာအခက်အခဲဖြစ်

    မူးယစ်ဆေးလာဖြတ်သူ လစဉ်တိုးများလာသဖြင့် မွန်ပြည်သစ်ပါတီသထုံခရိုင်တွင် စားနပ်ရိက္ခာနှင့်နေရာအခက်အခဲဖြစ်

    -

    ဗညာစိုင်း (နိုဝင်ဘာ ၂၅)

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အခြေစိုက် မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်ရုံးသို့ ဆေးလာဖြတ်ကြသည့် မူးယစ်ဆေးစွဲလူငယ်များ လစဉ်အရေအတွက် တိုးများလာသဖြင့် စားနပ်ရိက္ခာနှင့် နေစရာနေရာ အခက်အခဲဖြစ်ပေါ်လာကြောင်း တွေ့ရှိရသည်။

    မိဘအုပ်ထိန်းသူများကိုယ်တိုင်လာရောက်အပ်နှံသည့် မူးယစ်ဆေးလာဖြတ်သူ လစဉ်ပုံမှန် ၅၀ ဦးဝန်းကျင်ခန့်ရှိနေသည့်အပြင် ခရိုင်ဌာနချုပ်တွင် လက်ရှိဖမ်းဆီးထိန်းသိမ်းထားသည့် တဆင့်ခံမူးယစ်ဆေးဝါးလက်လီရောင်းချသူ လူငယ် ၄၀ ဦးခန့်မှာလည်း အမျိုးသမီးများပါဝင်နေသဖြင့် သီးသန့်ထားရှိရန် နေရာလုံလောက်မှုမရှိကြောင်း မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်းရေးမှူး နိုင်ကွန်းစိုက်က ဆိုသည်။

    “ဆေးစွဲသူတွေကို သူတို့လာအပ်တဲ့အခါ ကျနော်တို့မှာ အခက်အခဲရှိလာတယ်၊ အချို့သူတွေက ပုံမှန်ထက် အခြေအနေဆိုးနေတဲ့အတွက် သူတို့ကိုသီးသန့်ထားဖို့နေရာ ပြဿနာတွေရှိနေတယ်။  တချို့ဆေးစွဲတဲ့သူတွေကိုတာ့ ဆေးဝါးတွေနဲ့ စံနစ်တကျ ဖြတ်သွားရမယ့်အဆင့်ဖြစ်နေတယ်။ အဲဒီလို လူနာမျိုး ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ဆေးခန်းကို ပြဖို့လိုအပ်လာတယ်”ဟု နိုင်ကွန်းစိုက်က ပြောသည်။

    ထို့အတူ မူးယစ်ဆေးဝါးတဆင့်ခံဖြန့်ဖြူးရောင်းချသည့်အမှုအခင်းဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီးများအတွက် လုံခြုံစွာသီးသန့်ထားရှိရမည့်နေရာ တည်ဆောက်နိုင်ရန် အလှူရှင်များထံ တောင်းခံထားသည်ဟု သိရသည်။

    ကော့ကရိတ်မြို့နယ် ပေါ့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်စန်းရီက “မွန်ပြည်သစ်သထုံခရိုင်ကို ဟင်းသီးဟင်းရွက်တွေ တတ်နိုင်သလောက်တော့ ကျနော်တို့ရွာက အကူအညီပေးပါတယ်၊ မူးယစ်ဆေးလာဖြတ်သူတွေ စားဖို့ရိက္ခာဆန်နဲ့ ဟင်းချက်စရာတွေအတွက် မွန်ပြည်သစ်မှာ တာဝန်ပိုပိလာတယ်လို့ သိရတယ်၊ မွန်ပြည်သစ်ပါတီဘက်ကလည်း ရံပုံငွေလုံလုံလောက်လောက် ရှိတာမဟုတ်ဘူးလေ”ဟု ဆိုသည်။ 

    အဆိုပါ မူးယစ်ဆေးလာဖြတ်သူများနှင့် မူးယစ်ဆေးဝါးအမှုအခင်းဖြစ်သူများအား ၎င်းတို့၏ အနာဂတ်ဘဝကောင်းမွန်လာစေရေး စိတ်ပိုင်းဆိုင်ရာနှင့် လူမှုကျင့်ဝတ်ပိုင်းဆိုင်ရာများ ပြုပြင်ရေးအတွက် မွန်ပြည်သစ်ပါတီ တရားရေးဌာနမှ နှစ်ပတ်တစ်ခါ လာရောက်၍ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။ 

    သို့ရာတွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေးမြို့နယ် ဝယ်ဇင်ရွာအနီး တည်ဆောက်ပြီးဖြစ်သည့် မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစခန်းမှာလည်း ကိုဗစ်ကပ်ရောဂါဖြစ်ပေါ်သဖြင့် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

    အစိုးရအထောက်အပံ့လုံးဝမပါသော အဆိုပါစခန်းကို ၂၀၁၉ နှစ်ဦးပိုင်းက စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးစွဲသူများအား လက်ခံကုသပေးရေးနှင့် ဘဝသစ်တဖန်ပြန်လည်ထူထောင်ရေးအစီအစဉ်များ ကူညီပေးနိုင်ရေး ရည်ရွယ်ခြင်းဖြစ်သည်။

    အလားတူ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နှင့် ထားဝယ်ခရိုင်ဌာနချုပ်အသီးသီးတွင် မူးယစ်ဆေးဝါးအမှုအခင်းနှင့် ဆေးလာဖြတ်သူများပြားလာသည့်အတွက် ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် နေထိုင်စရာနေရာအခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိသည်။

    Photo- ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစခန်း (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks