မွန်သတင်းအေဂျင်စီ (နိုဝင်ဘာ ၂၄)
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေး တက်ကြွစွာ ပူးပေါင်းပါဝင်ရေး တိုင်းရင်းသားပါတီများအား ပေးပို့လိုက်သည့်စာမှာ နှိုးဆော်စာသဘောသာဖြစ်သည့်အတွက် မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် ကြိုဆိုအသိအမှတ်ပြုသော်လည်း အကြောင်းပြန်ကြားရန်လိုအပ်လိမ့်မည်မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။
“ NLD ပေးပို့လာတဲ့စာကို ကျနော်တို့သုံးသပ်တဲ့အခါမှာ ဒီစာက ကမ်းလှမ်းတဲ့သဘောလည်း မဟုတ်ဘူး ဖိတ်ကြားတဲ့သဘောလည်း မသက်ရောက်ဘူး နှိုးဆော်စာသဘောလောက်ပဲ သက်ရောက်တယ်လို့ ကျနော်တို့ သုံးသပ်တဲ့အခါကျတော့ ဒီအပေါ်မှာ အကြောင်းပြန်ဖို့ မလိုအပ်ဘူးလို့ ကျနော်တို့ ယူဆတယ် သို့သော်လည်းပဲ ဒီစာကို ကျနော်တို့ကြိုဆိုအသိအမှတ်ပြုပါတယ်”ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ဆိုသည်။
နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုမည့် ပြည်ထောင်စုအရေးနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၁၇ ရက်နေ့တွင် NLD ပါတီက မော်လမြိုင်မြို့ရှိ မွန်ညီညွတ်ရေးပါတီ MUP ရုံးသို့လာရောက်ပေးပို့ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့က ကျင်းပခဲ့သည့် MUP ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၌ သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ဥက္ကဌ ဦးငိုင်ဆာခ့်က “အစိုးရဖွဲ့စည်းတဲ့အပိုင်းကို သူတို့(NLD) အပိုင်းကလည်း ကမ်းလှမ်းထားတာမရှိတော့ ကျနော်တို့အနေနဲ့ အဲဒါကိုတော့ မှတ်ချက်ပေးဖို့က တော်တော်ခက်တယ် နောက်ပိုင်းမှာတွေ့ဆုံမယ်လို့လည်း မပြောသေးဘူး တွေ့ဆုံမယ်လို့ပြောလို့ တွေ့ဆုံတဲ့အခါမှာ သူတို့တခုခုပြောလာရင်တော့ တမျိုးပေါ့လေ အခုအထိတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာသူတို့ဘက်က “ဟ”တာမရှိသေးဘူးပေါ့နော်” ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ရှေးရှုမည့် ပြည်ထောင်စုအရေးဆောင်ရွက်ရာတွင် ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော် ပေါ်ထွန်းရေးအတွက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပူးပေါင်းကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က NLD ပါတီသို့ စာဖြင့်အကြောင်းကြားခဲ့ကြောင်း တွေ့ရှိရသည်။
သို့ရာတွင် ရွေးကောက်ပွဲ မတိုင်မီက သတင်းကြီးခဲ့သည့် “အမျိုးသား ညီညွတ်ရေး အစိုးရ” ဆိုသည့်ကိစ္စအတွက်ဆိုပါက ယခုပေးပို့ခဲ့သောစာအရ လုံလောက်မှုမရှိကြောင်း၊ အနိုင်ရပါတီအနေဖြင့် တိုင်းရင်းသားအပေါ် ထားရှိသော သဘောထား မပြောင်းလဲသေးသည်ကို အကြောင်းကြားလိုက်ခြင်းသာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုဥက္ကဌ စိုင်းညွန့်လွင်က မဇ္ဇျိမသတင်းဌာနနှင့် အင်တာဗျူးတွင် သုံးသပ်ခဲ့သည်။
“တိုင်းရင်းသားပါတီတွေကို NLD က ဖိတ်ခေါ်လိုက်တယ်ဆိုတဲ့ စာနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကျွန်တော့် အနေနဲ့ကတော့ ထူးခြားဖြစ်စဉ်လို့ မမြင်ပါဘူး။ အနိုင်ရပါတီရဲ့ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ သဘောထားကို အသိပေး အကြောင်းကြားတဲ့ စာလို့ဘဲ မြင်မိပါတယ်။ ဒီလို သဘောထားတွေက နဂိုကတည်းကလည်း ပြောနေကြပါပဲ။ အရင့်အရင် ကာလတွေတုန်းကလည်း တိုင်းရင်းသားပါတီတွေနဲ့ ပတ်သက်တဲ့ ဒီ/ချုပ်ရဲ့ ကြိုးပမ်းချက်တွေလဲ ရှိခဲ့ဖူးတာပါပဲ။ ဖြတ်သန်းခဲ့ဖူးသူတွေဆိုရင် မှတ်မိကြပါလိမ့်မယ်။ အတော်များများက အဲ့ဒီစာကို အစိုးရဖွဲ့စည်းရေးနဲ့ ဆက်စပ်ပြီး တွေးတောခဲ့ကြလို့ ထူးခြားတယ်လို့ မြင်နေ ကြတာ ဖြစ်ပါတယ်” ဟု စိုင်းညွန့်လွင်က ပြောကြားခဲ့သည်။
နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားများ၏ ရည်မှန်းချက်သည် အဖွဲ့ချုပ်၏ ရည်မှန်းချက်နှင့်တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်ကဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်အရေးကို တက်တက်ကြွကြွပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျော်လင့်ကြောင်း NLD ဒုဥက္ကဌ ဒေါက်တာဇော်မြင်မောင် လက်မှတ်ရေးထိုး၍ နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့် တိုင်းရင်းသားပါတီ ၄၈ ခုသို့ စာရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။