Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်း၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ အမတ်ဦးရေပိုမိုအနိုင်ရရှိလာ

၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ အမတ်ဦးရေပိုမိုအနိုင်ရရှိလာ

-

မွန်သတင်းအေဂျင်စီ (နိုဝင်ဘာ ၉)

ကျင်းပပြီးစီးခဲ့သော နိုဝင်ဘာ ၈ ရက်နေ့ ၂၀၂၀ ပြည့် အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ MUP ပါတီက ပြည်နယ်လွှတ်တော်အမတ် ၆ ဦး၊ အမျိုးသားလွှတ်တော်အမတ် ၂ ဦးနှင့် ပြည်သူ့လွှတ်တော်အမတ် ၁ ဦး ရရှိသဖြင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲထက် အမတ်ဦးရေပိုမိုအနိုင်ရရှိလာကြောင်း ပါတီ၏မဲစာရင်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီ MDP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP အနေဖြင့် အမျိုးသားလွှတ်တော် ၁ ဦးနှင့် ပြည်နယ်လွှတ်တော် ၃ ဦးသာ ကိုယ်စားလှယ်ရရှိခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ကျိုက်မရောမြို့နယ် မဲစာရင်းများကို အပြီးသတ် ရေတွက်နိုင်ခြင်းမရှိသေးသဖြင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာများအတွက် ယခုသတင်းရေးသားနေချိန်တွင် သီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

မွန်ပြည်နယ်တစ်ခုလုံးအနေဖြင့် ယခုဖော်ပြပါ MUP ပါတီအနိုင်ရရှိသည့်နယ်မြေမှအပ ကျန်ရှိသည့်မဲဆန္ဒနယ်မြေအားလုံးတွင် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လုံးဝအနိုင်ရရှိကြောင်း သတင်းရရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာမှသာ အတည်ပြုနိုင်မည် ဖြစ်မည်။

မွန်သတင်းအေဂျင်စီမှ လက်ခံရရှိသောသတင်းအချက်အလက်အရ ပြည်နယ်လွှတ်တော်နေရာများတွင် ၁- Dr အောင်နိုင်ဦး(ချောင်းဆုံ ၁)၊ ၂- Dr မင်းလှအောင် (ကျိုက်မရော ၂)၊ ၃- နိုင်မွန်ရာဇာ(မုဒုံ ၂)၊ ၄- နိုင်လယိတမ (သံဖြူဇရပ် ၂)၊ ၅-နိုင်ခင်စိုး(ရေး ၁)၊ ၆-မင်းအောင်ထူး(ရေး ၂) တို့ အသီးသီးအနိုင်ရရှိထားသည်ဟု သိရသည်။

ထို့အတူ ရေးမြို့နယ် ပြည်သူ့လွှတ်တော် ဒေါက်တာဗညားအောင်မိုး၊ အမျိုးသားလွှတ်တော် အမှတ်(၆) နိုင်သီဟနှင့် အမှတ်(၇) မဲဆန္ဒနယ်မြေ မိလဝီဟန် တို့အသီးသီး အနိုင်ရရှိကြောင်း သိရှိရသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်ကို စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

ယခုကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲရုံ (၉၇၃) ရုံရှိပြီး မဲပေးခွင့်ရှိသူ (၁,၈၄၇,၇၈၀) ဦးအနက် လာရောက်မဲပေးသူ (၁,၀၆၉,၆၅၆) ဦးရှိသဖြင့် မဲပေးသူ ၅၈ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းရသည်။ ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးသူ (၅၁.၃၃)ရာခိုင်နှုန်းရှိသည်။

မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၇ ပါတီအပြင် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts