ဖြူကေသာ (၇ နိုဝင်ဘာ ၂၀၂၀)
ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ပြဌာန်းချက် တိတိကျကျမပါနေတဲ့ ၂၀၀၈-ခြေ/ဥအောက်မှာ ရွေးကောက်ပွဲလွန် အခင်းအကျင်းကိုဘယ်လိုခင်းကြမလဲ?
ပါတီအနေနဲ့သော်လည်းကောင်း နိုင်ငံရေးသမားတစ်ယောက်အနေနဲ့သော်လည်းကောင်းဒီကိစ္စကို ကြိုကြိုတင်တင် စစဉ်းစားထာဖို့လိုပြီလို့ ယူဆပါတယ်–ဒါမှသာ ပါတီအနေနဲ့ရော ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ပါ ညွန့်ပေါင်းမူဝါဒကိုဆုပ်ကိုင်ကာ ရွေးကောက်ပွဲအလွန်ကာလကို ဖြတ်သန်းအကောင်အထည်ဖော်ရာမှာ အဖုအထစ်နည်းစေမှာဖြစ်ပြီး မိမိတို့၏ပါတီက စေလွှတ်တာဝန်ပေးမည့် ကိုယ်စားလှယ်များကို ဂိုက်လိုင်းချမှတ်အကောင်အထည်ဖော်ရာမှာ ချောမွေ့စေမှာဖြစ်ပါတယ်။
တဆက်တည်းမှာလည်, ပြည်နယ်လွှတ်တော်တွင်းအခန်းကဏ္ဍနှင့် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရေးအတွက် မိမိတို့၏ပါတီမှ ညွန့်ပေါင်းအတွက်အပေးအယူပြူလုပ်ထားသည့်ရလာဒ်များအရ ပါဝင်ရာတွင်ထားရှိရမည့် မူဝါဒများအသေးစိတ်ကိုလည်း စတင်စဉ်းစားထားဖို့လိုပြီလို့ ယူဆပါတယ်။
၂၀၂၀ မဲရလာဒ်ဟာ
NLD ….. ၄၅%
တပ်…….၂၅%
USDP …..၁၀%
အခြား ..၂၀% ဆိုပါစို့ ၅၀% ကျော်သူ မရှိလို့ ညွန့်ပေါင်းဖွဲ့ကြမယ်ဆိုပါစို့။

၄၅% ရထားတဲ့ NLD က ညွန့်ပေါင်းကို ဦးဆောင်ဖွဲ့ရမှာလား
သို့တည်းမဟုတ် NLD မှ အပ ကျန် ၅၅% က (သို့မဟုတ်) စစ်တပ်က ညွှန့်ပေါင်းအစိုးရကိုဦးဆောင်ပြီး ဖွဲ့ခွင့်ရမှာလား ဝိဝါဒကွဲလွဲမှုတွေ အရမ်းများနေပါတယ်။
ညွန့်ပေါင်း ညွန့်ပေါင်းနဲ့ ပြောပြော နေကြတော့ ကြားရတဲ့သူက ဝန်ကြီး ချုပ်စနစ်နဲ့ အုပ်ချုပ်တဲ့ ပါလီမန်စနစ် (သို့) Westminster democracy စနစ်ရဲ့ ညွန့်ပေါင်းအစိုးရကို သွားမြင်ကြတယ်။
တချို့ကလည်း ၂၀၀၈ အခြေခံ ဥပဒေ အောက်မှာ ညွန့်ပေါင်းအစိုးရမဖွဲ့နှိုင်ပါ၊ မရှိနှိုင်ပါလို့ ငြင်းချက် ထုတ်ကြတယ်။ ဘာဖြစ်လို့အဲလိုပြောကြလည်းဆိုတော့ ပါလီမန်ဒီမိုကရေစီစနစ်မှာ လုပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ချိန်ထိုး ကြည့်ပြီးပြောကြတာမို့ပါ။
၂၀၀၈ အခြေခံ ဥပဒေအရ အစိုးရ ဖွဲ့ဖို့ ပထမဆုံးလိုအပ်တာက သမ္မတ တယောက်ရွေးချယ်ဖို့ပါ။ သမ္မတ ရွေးချယ်ရေးအဖွဲ့လို့လည်းခေါ်တဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက သမ္မတ တစ်ယောက်ကို ရွေးချယ်ပေးပြီးတဲ့နောက်မှာ သူက အစိုးရအဖွဲ့ဝင်စာရင်းကို လွှတ်တော် ကိုတင်ပြီး အတည်ပြုချက်ရယူမှာပါ။
ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ၂ ခု လုံးမှာ USDP နဲ့ NLD က တလှည့်စီလွှတ်တော်ကို လွှမ်းမိုးထားခဲ့တော့ သမ္မတ ရွေးချယ်ရေးပြဿနာ ထူးထူး ခြားခြားမပေါ်ခဲ့ပါဘူး။
အကယ်၍
NLD ….. ၄၅%
တပ်…….၂၅%
USDP…..၁၀%
အခြား ..၂၀% ဆိုပါစို့
NLD က စိတ်ကြိုက်သမ္မတ တယောက်တင်မြှောက်နှိုင်ဖို့ ၅၀% ကျော် ထောက်ခံမဲရဖို့လိုပါတယ်။ သူ့မှာ ၄၅% သာရှိတာကြောင့် လိုအပ်တဲ့ ၅% ကျော်မဲ ပေးခွင့် ပိုင်ဆိုင်ကြတဲ့ မည်သည့် ပါတီ၊ ပုဂ္ဂလိက အမတ် ကို မဆို စည်းရုံးခွင့်ရှိသလို တပ် ၂၅% ကိုလည်း စည်းရုံးခွင့်ရှိပါတယ်။
ထို့အတူ အတိုက်အခံပါတီကလည်း ၅၀% ကျော်ထောက်ခံမဲရအောင် စည်း ရုံးနှိုင်သမျှ စည်းရုံးမှာပါ။ ဒီကိစ္စ တွေကို လွှတ်တော်ပြင်ပမှာ ဘဲလုပ်ကြရမှာ ဖြစ်ပြီး လွှတ်တော်တွင်း တရားဝင် လုပ်ထုံးလုပ်နည်းအရ မဲခွဲတဲ့ ဖြစ်စဉ် နဲ့ဘဲ အဆုံးအဖြတ်ပေးကြရမှာပါ။
သို့သော် ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာတာနဲ့ ဒီကိစ္စအတွက် ကြိုတင်ညှိနှိုင်းကြဖို့ အချိန်အများကြီး ရှိပါတယ်။ ရွေးကောက်ခံပြည်သူ့လွှတ်တော်၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်နဲ့ လွှတ်တော်နှစ်ရပ်ထဲက တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ တို့က အသီးသီးရွေးပေးလိုက်တဲ့ ဒုသမ္မတ ၃ ဦးကို သမ္မတရွေးချယ်ရေးအဖွဲ့လို့ အမည်ပေးထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်လိုက်တဲ့အခါ မဲအများဆုံးရတဲ့သူက သမ္မတဖြစ်ပြီး ကျန်နှစ်ယောက်က ဒုသမ္မတများဖြစ်ကြမှာပါ။
ပါတီတရပ်ဟာ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုနဲ့ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုတို့မှာ ၅၀% ကျော်ကျော် ထောက်ခံမဲရှိလို့ ဒုသမ္မတ ၂ ယောက်ရွေးနှိုင်ရုံနဲ့တော့ ပြည်ထောင်စုလွှတ်တော်မှာ ၅၀% ကျော်မဲရဘို့ မသေချာပါ။
အဲဒီဖြစ်စဉ်မှာ ၄၅% အမတ်နေရာသာရှိတဲ့ NLD ဟာ တခြားမည်သည့်ပါတီအဖွဲ့အစည်းကိုမှ မစည်းရုံးနှိုင်ရင် ကိုယ်တင်လိုက်တဲ့ သမ္မတလောင်းက မဲအများဆုံးရသူ ဖြစ်လာဖို့ မသေချာပါ။
အတိုက်အခံ USDP ပါတီကလည်း တပ်နဲ့ပေါင်းနှိုင်ရင်တောင် ၃၅% သာ ရှိသေးလို့ တခြားပါတီ နဲ့ ပုဂ္ဂလိက အမတ်ကို မစည်းရုံးနှိုင်ရင် ၅၀% ကျော်မဲ ရဖို့မသေချာပါ။
အဲသလို ကြိုတင်ညှိနှိုင်းမရတဲ့ ဖြစ်စဉ်မျိုးနဲ့ သမ္မတရွေးပွဲဖြစ်လာခဲ့ရင် လွှတ်တော် တွင်းမဲခွဲမှုဟာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းပါလိမ့်မယ်။
အဲသလိုမဟုတ်ဘဲ ကြိုတင်ညှိနှိုင်း လို့ရကြတယ်ဆိုရင်တော့ အဖြေက မဲမခွဲခင် သိနှင့်ပြီးဖြစ်မှာပါ-အဲသလို သေချာပေါက် ၅၀% ကျော်ရအောင်ညှိနှိုင်းကြတဲ့အခါ နိုင်ငံရေးအရ အပေးအယူတွေလုပ်ကြ ရပါလိမ့်မယ်။
ကိုယ့်ပါတီနဲ့ပူးပေါင်းတဲ့ပါတီဝင်ကို ပြည်ထောင်စုအဖွဲ့အစည်းဝင်နေရာ ပေးတာ သို့မဟုတ် သက်ဆိုင်ရာပါတီထဲက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တယောက်ကို ပြည်နယ်ဝန်ကြီးချုပ် လျာထားတာ စတာတွေဖြစ်နှိုင်သလို တိုင်းရင်းသားပါတီတွေလိုလားတဲ့ ပုဒ်မ ၂၆၁ အခြေခံဥပဒေပြင်ဆင်ရေး လိုကတိကဝတ်ပေးတာစတာတွေလည်း ပါဝင်နှိုင်ပါတယ်။
၄၅% လောက်နေရာရှိထားတဲ့ NLD က အဲဒီလိုကတိကဝတ်တွေနဲ့ စည်းရုံးကာ သမ္မတတင်အစိုးရဖွဲ့နှိုင်တာဘဲ ဖြစ်ဖြစ်-၁၀% လောက်သာနေရာရထားတဲ့ USDP က ၅၀% ကျော်ရအောင် တပ်နဲ့ အခြားပါတီတွေကို စည်းရုံးပြီး သမ္မတတင် အစိုးရဖွဲ့နှိုင်တာဘဲဖြစ်ဖြစ်-NLD နဲ့ တပ် ပေါင်းပြီး သမ္မတတင် အစိုးရဖွဲ့ နှိုင်တာဘဲဖြစ် ဖြစ် -သက်ဆိုင်ရာ ပါတီနဲ့ အဖွဲ့ ခေါင်းဆောင်တွေကြိုတင်ညှိနှိုင်းအပေးအယူ တွေလုပ်ကြရမှာ ဖြစ်လို့ တပါတီထဲ က သမ္မတမတင်နှိုင် အစိုးရမဖွဲ့နှိုင်လို့ အဲဒါကို ညွန့်ပေါင်း ဖွဲ့တာပဲပြောပြောသို့တည်းမဟုတ် အမျိုးသားညီညွတ်ရေးအစိုးရပဲဆိုဆို သုံးနှုန်းကြတာဘဲဖြစ်ပါတယ်။
(*U Ye Tun Si Pawမှ အချက်အလက်များရယူပါသည်)