spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးအား ပစ်သတ်ခဲ့မှုဖြင့် လက်နက်ချအလင်းဝင်မွန်ပြည်သူ့စစ်ကို ရဲစခန်းက အမှုဖွင့်ဖမ်းဆီး

    မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးအား ပစ်သတ်ခဲ့မှုဖြင့် လက်နက်ချအလင်းဝင်မွန်ပြည်သူ့စစ်ကို ရဲစခန်းက အမှုဖွင့်ဖမ်းဆီး

    -

    မွန်သတင်းအေဂျင်စီ (အောက်တိုဘာ ၁၆)

    ရေးမြို့နယ် စုံနံ့သာကျေးရွာအနီး သံဖြူဇရပ် -ရေး ကားလမ်းဘေးရှိ လက်နက်ချအလင်းဝင်မွန်ပြည်သူ့စစ်ဂိတ်စခန်းနေရာတစ်ခုတွင် ယမန်နေ့ည (၇) နာရီအချိန်ခန့်က အငြင်းပွားကြရာမှ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့်ပတ်သတ်ခဲ့မှုအား ရေးမြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

    ရေးမြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးတာဝန်ခံ နိုင်တိုင်းပကောင်းက “ညအချိန် သူတို့ဂိတ်က လမ်းပေါ်ထွက်တားပြီး ထိုင်ခိုင်းရာကနေ အငြင်းပွားကြလို့ ကျနော်တို့တပ်ဖွဲ့ဝင်ကို ပစ်သတ်လိုက်တာပါ၊ ကျန်တစ်ယောက်က ထွက်ပြေးနိုင်လို့ လွတ်မြောက်သွားတယ်၊ ဒီဖြစ်စဉ်မှာ ဘာတိုက်ပွဲမှ မရှိပါဘူး၊ တစ်ချို့က တိုက်ပွဲဖြစ်သလိုလို လိမ်ညာပြီးသတင်းဌာနအချို့ သတင်းရေးထားတာ တွေ့ရတယ် ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ ပြစ်မှုကျူးလွန်သူ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့အမည်ခံ မွန်ပြည်သူ့စစ်အဖွဲ့မှ နိုင်ရာဇာကို ယနေ့မွန်းလွဲပိုင်းအချိန်တွင် ရေးမြို့မရဲစခန်းက ဖမ်းဆီးရမိထားပြီး ရာဇသတ်ကြီးပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က သတင်းဌာနများသို့ အတည်ပြုပြောကြားခဲ့သည်။

    ယင်းကဲ့သို့ အလင်းဝင်မွန်ပြည်သူ့စစ်ဂိတ်စခန်း၌ အခင်းဖြစ်ပွားစဉ်တွင် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ရုံးလက်အောက်ခံ သုတေသနဌာနခွဲမှ ခရိုင်ကော်မတီဝင်အဆင့်ရှိ မင်းဇော်လတ် သေနတ်ထိမှန်သေဆုံးသဖြင့် ၎င်း၏မိသားစုနှင့်အတူ မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်က ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က “ဒီလိုလက်နက်အတိုတစ်လက်နဲ့ သူတို့ဂိတ်နေရာဝင်ပစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပါ၊ သေဆုံးတဲ့ကျနော်တို့တပ်ဖွဲ့ဝင်ရဲ့ သေနတ်မှာ ကျည်ဆံ တစ်တောင့်မှလည်း မလျော့ခဲ့ပါဘူး၊ အပြန်အလှန်ပစ်ကြခတ်ကြတာ မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။

    ယင်းဖြစ်စဉ်ကို မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လိပ်မူ၍ မွန်ပြည်နယ် လုံ/နယ် ဝန်ကြီးထံ မိတ္တူဖြင့် အောက်တိုဘာ ၁၅ ရက် ည ၁၁ နာရီအချိန်က ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ပေးပို့ခဲ့သောကြေးနန်းစာတစ်စောင်တွင် “၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၅ ရက် ၁၉၃၀ အချိန်ခန့်က ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်စု စုံနံ့သာကျေးရွာ၊ ခံသင်းတံတားအနီး မွန်ပြည်သူ့စစ်အဖွဲ့မှ တာဝန်ခံ နိုင်ရာဇာ (၃၉) နှစ်အပါအဝင် (၅) ဦးအဖွဲ့နှင့် အမည်မသိအဖွဲ့မှ အမည်မသိ လူ(၇) ဦးခန့်တို့ (၅) မိနစ်ခန့် ပစ်ခတ်ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားကြောင်း မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

    “အမည်မသိအဖွဲ့မှ အမည်မသိလူ (၇) ဦးခန့်တို့မှာ ဆိုင်ကယ် (၃) စီးဖြင့် လာရောက်ပြီး လက်နက်ငယ်များဖြင့် ၃ ချက်ခန့် စတင်ပစ်ခတ်ရာ နိုင်ရာဇာဦးစီးအဖွဲ့မှလည်း လက်နက်ငယ်များဖြင့် (၃) ချက်ပြန်လည်ပစ်ခတ်ခဲ့ရာ အမည်မသိလက်နက်ကိုင်အဖွဲ့မှ အမည်မသိ(စိစစ်ဆဲ) လူ(၁) ဦးမှာ ဝဲကျောဘက်ကျည်ဖောက်ဝင်ပြီး ယာနံရိုးကြားကျည်ဖောက်ထွက် ဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာအနီး၌ပင် လဲကျသေဆုံးခဲ့ပါကြောင်း၊ သေနတ်ထိမှန်သေဆုံးသူ အမည်မသိ(စိစစ်ဆဲ) လူ(၁) ဦးထံမှ မောင်းတင်လျက် ဘီလာရုနိုင်ငံထုတ် သေနတ်နံပါတ် (T4-88824) 9MM အမျိုးအစား သေနတ်(၁) လက်နှင့် ၎င်းကျည်အိမ်(၁) ခု၊ ၎င်းကျည်(၁၄) တောင့်တို့နှင့်အတူ တွေ့ရှိရပြီး နိုင်ရာဇာ ဦးစီးအဖွဲ့အား စစ်ဦးစီးပထမတန်း ဒုဗိုလ်မှူးကြီး ဝင်းမင်းသန့်  ဦးစီး (၂+၁၅) ဦးအဖွဲ့မှ ရေးမြို့နယ် အာယုတောင်အခြေပြု ခမရ (၅၈၇) တပ်ရင်းသို့ ခေါ်ဆောင်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ထပ်မံစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း”ဟု ရေးမြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးကံဝင်း (ပ/၄၃၀၈) အစီရင်ခံတင်ပြထားသည်ကြေးနန်းစာမိတ္တူကို မွန်သတင်းအေဂျင်စီက လက်ခံရရှိထားသည်။

    အလားတူ အဆိုပါဖြစ်စဉ်ကို အစိုးရလုံခြုံရေးအဖွဲ့အစည်းတစ်ခုနှင့် နီးစပ်သည့် မွန်ပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုက စုံနံသာကျေးရွာရှိ ဗိုလ်မှူးအဆင့်ရှိ နိုင်ရာဇာ ဦးစီးသော မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဂိတ်ကို အမည်မသိ မူးယစ်ဆေးဝါးဖြန့်ဖြူးသည့်လက်နက်ကိုင်အဖွဲ့မှ ဆိုင်ကယ် ၃ စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ လာရောက်ပစ်ခတ်သည့်အဖွဲ့မှ တစ်ဦးသေဆုံးသွားကြောင်း အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်း သတင်းထူးသတင်းဦးအဖြစ် Facebook တွင် ယမန်နေ့ညက ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

    အဆိုပါ နိုင်ရာဇာဦးဆောင်သည့် မွန်ပြည်သူ့စစ်အဖွဲ့ကို သက်ဆိုင်ရာ နယ်မြေခံတပ်မတော်တပ်ရင်းတပ်ဖွဲ့တို့က ဂိတ်ဖွင့်လှစ်ခွင့်ပြုထားကြောင်း၊ ရေးမြို့နယ်တွင် ခံသင်းဌာနေပြည်သူ့စစ်အဖွဲ့ ၊ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ အမည်ဖြင့် လှုပ်ရှားလျက်ရှိရာ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းဘေးတွင် တရားဝင်ကဲ့သို့ ဂိတ်စခန်းဖွင့်လှစ်ကာ ကုန်တင်ကားများထံမှ ငွေကြေးကောက်ခံနေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

    အလားတူ ၂၀၀၉ ခုနှစ်ကလည်း မော်လမြိုင်မှ သံဖြူဇရပ်မြို့သို့အလာ မော်တော်ကားလမ်းတစ်နေရာတွင် မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင် “နိုင်မင်းနောင်”အား တပ်မတော်ထံအလင်းဝင်လက်နက်ချခဲ့သည့် မွန်ခွဲထွက်အဖွဲ့ဝင် ၃ ဦးတို့က လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် မော်လမြိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks