HomeCovid 19မွန်ပြည်နယ်အဝင်အထွက် စစ်တောင်းတံတားတွင် အိမ်စီးယာဉ်နှင့် Express ယာဉ်များသွားလာခွင့်မပြု

မွန်ပြည်နယ်အဝင်အထွက် စစ်တောင်းတံတားတွင် အိမ်စီးယာဉ်နှင့် Express ယာဉ်များသွားလာခွင့်မပြု

-

စိုင်းထွန်းစံ(မော်လမြိုင်၊ အောက်တိုဘာ ၅)

COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်တက်လာသဖြင့် မွန်ပြည်နယ်အတွင်းသို့ အောက်တိုဘာလ ၃ ရက်နေ့မှစတင်ပြီး မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်တွင် အိမ်စီးယာဉ်များနှင့် Express ယာဉ်များကို အောက်တိုဘာ ၃ ရက်နေ့မှစတင်၍ သက်ဆိုင်ရာမှာ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း သတင်းရရှိသည်။

“အိမ်စီးယာဉ်တွေကို စစ်တောင်းတံတားဂိတ်ကနေပြီး အသွားအလာခွင့်မပြုတော့ဘူး၊ လောလောဆယ်တော့ ရန်ကုန်တို့ အခြားပြည်နယ်တိုင်းတွေကနေပြီးတော့ မွန်ပြည်နယ်ထဲကိုပဲလာတာ၊ ကရင်ပြည်နယ်ကို သွားမယ့်ကားပဲဖြစ်ဖြစ် တနင်္သာရီကိုသွားမယ့်ကားဖြစ်ဖြစ် အဲတာတွေအားလုံးကိုအဝင် မခံတော့ဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက SKY NET သို့ ပြောကြားခဲ့သည်။

သို့ရာတွင် ကုန်စည်စီးဆင်းမှုမပျက်စေရန်အတွက် ကုန်တင်ယာဉ်များကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း၊ သို့ရာတွင် ကုန်တင်ယာဉ်နှင့်အတူလိုက်ပါလာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID-19 Antigen Test Kit ဖြင့် ရောဂါပိုးအမြန်စစ်ဆေးပြီးမှသာ ဖြတ်သန်းခွင့်ပြုကြောင်း၊ ထို့အပြင် အရေးပေါ်လူနာယာဉ်ပေါ်ပါ လူနာ၊ လူနာစောင့်များကိုလည်း Emergency Cases မသွားမဖြစ်အခြေအနေရှိမှသာ သွားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“Serious Cases လူနာ အရေးပေါ်အခြေအနေဆိုရင် သွားခွင့်ပြုတာပေါ့ မဟုတ်ဘဲနဲ့ သာမန်ဝေဒနာခံစားရတဲ့ လူနာမျိုးဆိုရင် သူတို့နဲ့ပါလာတဲ့အဖွဲ့ကို လူနာနဲ့လူစောင့်ဆိုရင် Hospital Quarantine ထားမယ်ပေါ့၊ အခြားပါလာတဲ့ မိသားစုဝင် ဆွေမျိုးတွေကိုတော့ မြို့နယ်ထဲမှာ စီစဉ်ထားတဲ့ Quarantine မှာထားမယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူးက ဆိုသည်။ 

ယင်းသို့ ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်နေရာတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား (၂) ရက်အတွင်းလူဦးရေ ၈၀၀ ခန့်ကို COVID-19 Test Kit ဖြင့်စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူ ၄  ဦးထိရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန ထံမှသိရသည်။

“ဆက်တိုက်တော့ စစ်ဆေးနေတာပေါ့ ဝင်လာတဲ့ကားတွေကို ဒါပေမယ့် တစ်ယောက်ယောက်ကို ရောဂါပိုးစစ်ဆေးရင် အနည်းဆုံး ၁၅ မိနစ်တော့ ကြာတာပေါ့။ ၂ ရက်ခွဲရှိပြီးစစ်ဆေးနေတာ ပြည်သူလူထုကို ကိုဗစ် ရောဂါပိုးကူးစက်မှာစိုးရိမ်တဲ့အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေနဲ့ ဝိုင်းဝန်ပြီးတော့ လုပ်ဆောင်ကြတာပေါ့ ” ဟု ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာစောကလျာက ဆိုသည်။

ယခုအခါတွင် စစ်တောင်းတံတားသစ်တွင် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုကယ်ဆယ်ရေးအသင်းများစုပေါင်းပြီး အဆိုင်း ၃ ဆိုင်းဖြင့် ကုန်တင်ယာဉ်များကို နေစဉ်စစ်ဆေးလျှက်ရှိကြောင်း ၎င်းထံမှသိရသည်။

အလားတူ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးသို့ ဆက်သွယ်သွားလာလျှက်ရှိသည့် မွန်ပြည်နယ်လမ်းတံတားဂိတ်များတွင်လည်း ကုန်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုထားကြောင်း သတင်းရရှိသည်။

မော်လမြိုင်မြို့နှင့် ဘီးလင်းမြို့တို့တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts