spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းလေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ် ငါးမျှားစခန်းတွင် ငါးလှန်းစင်များနှင့် နေအိမ်အချို့ပျက်စီး

    လေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ် ငါးမျှားစခန်းတွင် ငါးလှန်းစင်များနှင့် နေအိမ်အချို့ပျက်စီး

    -

    ဗညားပိုင် (မော်လမြိုင်၊ စက်တင်ဘာ ၂၀)

    ရေးမြို့နယ်မြောက်ပိုင်း အံဒင်ကျေးရွာအုပ်စု ငါးမျှားစခန်းကျေးရွာ၌ စက်တင်ဘာ ၂၀ ရက်နေ့ နံနက်စောစောအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုနှင့် ဒီရေတိုက်စားမှုတို့ကြောင့် ငါးလှန်းစင်များနှင့် နေအိမ်အချို့ ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

    နံနက် ၁ နာရီအချိန်ခန့်တွင် လေပြင်းစတိုက်ခတ်ခဲ့ပြီး ငါးလှန်းစင် ၂၀ ကျော် ပြိုကျပျက်စီးသွားကြောင်း ငါးမျှားစခန်းကျေးရွာ အတွင်းရေးမှူး နိုင်ဝင်းက ပြောသည်။

    “ဒီ ၁၉ ရက်နေ့၊ ည ၁ နာရီကျော်လောက်မှာ ဒီရေလည်းတက်တယ် လေပြင်းလည်းတိုက်တော့ ငါးလှန်းစင် ၂၀ စင်လောက်တော့ ပျက်စီးသွားတယ်၊ ဆုံရှုံးမှုတန်ဖိုးကတော့ စင်တစ်စင်ဆိုရင် သိန်း ၂၀၊ ၃၀ လောက်ကျမယ်။ ခုကျနော်တို့ စာရင်းလိုက်ကောက်နေတယ် ခန့်မှန်းခြေအရဆို ဆုံးရှုံးမှုတန်ဖိုးအားလုံး သိန်း ၂၀၀ ဝန်းကျင်လောက်ရှိမယ်” ဟု နိုင်ဝင်းက ဆိုသည်။

    ယင်းလေပြင်းတိုက်ခတ်ဖြစ်ပွားရာသို့ ကျေးရွာရှိ လူငယ်ပရဟိတများက လာရောက်ကူညီ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။

    ငါးမျှားစခန်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး၊ တံငါလုပ်ငန်းများ လုပ်ကိုင်နေကြသော အလုပ်သမားများသည် နေအိမ်နှင့် ငါးလှန်းစင် တွဲကပ်လျက်ပြီးနေထိုင်ကြကြောင်း၊ ယင်းကျေးရွာ၌ ငါးလှန်းစင် စုစုပေါင်း ၅၀ စင်ကျော်ရှိကြောင်း သိရသည်။

    လေပြင်းတိုက်ခတ်မှု၌ ငါးလှန်းစင်ပျက်စီးသွားသူ မိဇာလေးက “ခုဆိုမိုးလည်းကုန်ခါနီးပြီးဆိုတော့ ရေမလာတော့ဘူးထင်လို့ ငါးလှန်းစင်တွေထုတ်ကြတာပေါ့ ခုတော့အားလုံးကုန်သွားတာ ရေကတော့ ထပ်ပြီးတော့ စိုးရိမ်နေရသေးတယ်။ ပင်လယ်ကလည်း ငါးဖမ်းခွင့်ပိတ်ထားတာဆိုတော့ အလုပ်သမားခတို့ စားဝတ်နေရေးတို့ကတော့ ခက်ခဲဖြစ်တာပေါ့နော်။ အလုပ်ကလည်းအဆင်မပြေတော့ ခုကအသစ်ပြန်ရင်းဖို့က အခက်ခဲဖြစ်တယ်၊ ဒါပေမယ့် ရှိသလောက်နဲ့ ပြန်လုပ်ရတာပေါ့ ငွေရေးကြေးရေးကတော့ တအားခက်ခဲဖြစ်တာပေါ့” ဟု ၎င်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အတူ စက်တင်ဘာလ ၂၀၊ နံနက် ၄ နာရီခန့်၌ ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စု တောင်ပိုင်းကျေးရွာတွင်  ပင်လယ်ဒီရေတိုက်စားမှုကြောင့် ပင်လယ်ရေတားတမံတစ်ခုနှင့် လူနေအိမ် ၄ လုံးပျက်စီးသွားကြောင်း သိရသည်။

    အလားတူ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေ၊ မြအဏ္ဏဝါ စားသောက်ဆိုင် ဝင်းရှေ့တွင် စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တစ်ပင် ပြိုလဲကျခဲ့သဖြင့် အမျိုးသမီးတစ်ဦး သစ်ပင်ပိ၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့၊ ကုလားဂုတ်ကျွန်း အပေါ်ဆိပ်အနီး (ပသျှူးချောင်း) ၌လည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၄၀) ကျော်ပျက်စီးခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုး သိန်း (၁) ထောင်ကျော်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks