spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းကိုဗစ်ဒုတိယလှိုင်းကာလအတွင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ နေရပ်မပြန်သင့်ဟု မွန်ပြည်သစ်ပါတီ တိုက်တွန်း

    ကိုဗစ်ဒုတိယလှိုင်းကာလအတွင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ နေရပ်မပြန်သင့်ဟု မွန်ပြည်သစ်ပါတီ တိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၅)

    လတ်တလောဖြစ်ပေါ်နေသော ကိုဗစ်ဒုတိယလှိုင်းကာလအတွင်း မြန်မာနိုင်တဝန်းရှိ Covid-19 ပိုးတွေ့လူနာအရေအတွက်သည် အိမ်နီးချင်းထိုင်းနိုင်ငံထက် ပိုမိုများပြားလာသည့်အနေအထားတွင်ရှိနေသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများ ယခုအခါနေရပ်မပြန်သင့်ကြောင်း မွန်ပြည်သစ်ပါတီက တိုက်တွန်းလိုက်သည်။

    သို့ရာတွင် မိမိနေရပ်သို့ မဖြစ်မနေပြန်လာရမည့်အရေးကိစ္စပေါ်ပေါက်လာပါက ထိုင်း-မြန်မာ တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ်များမှတဆင့် သက်ဆိုင်ရာဒေသအာဏာပိုင်များ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) ဥက္ကဌ နိုင်ဗညားလယ်က ပြောသည်။

    “အခုလိုကာလမှာ နေရပ်ပြန်ဖို့မသင့်သေးဘူး ထိုင်းနိုင်ငံက မိမိတို့လုပ်ငန်းခွင်မှာ ဆက်လက်နေထိုင်ရပ်တည်သွားတာက အကောင်းဆုံးပါပဲ၊ ဒါပေမယ့် မဖြစ်မနေပြန်လာရမယ်ဆိုရင်လည်း မဲဆောက်-မြဝတီ တရားဝင်ဂိတ်တွေကတဆင့် ပြန်လာစေချင်တယ်” ဟု နိုင်ဗညားလယ်က ဆိုသည်။

    သို့ရာတွင် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံ ပထဝီနယ်မြေတစ်ဆက်စပ်တည်းဖြစ်နေသည့် ဘုရားသုံးဆူဒေသ၌ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုကို အာဏာပိုင်များ မည်သို့ပင် တားဆီးဆောင်ရွက်နေစေကာမူ နေရပ်ပြန်လိုသူများက လူသယ်ပို့ပွဲစားများအစီအစဉ်ဖြင့် လှို့ဝှက်လမ်းသွယ်များစွာထဲမှ ဖြတ်ကျော်ဝင်ရောက်လာနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

    နိုင်ဗညားလယ်က “ဘုရားသုံးဆူလမ်းကြောင်းကနေ ပြန်လာတဲ့လူတွေ တရားမဝင် လူသယ်ပို့ပေးနေတဲ့ပွဲစားတွေကိုလည်း ကျနော်တို့ဖော်ထုတ် ဖမ်းဆီးအရေးယူသွားမယ်၊ ဒါပေမယ့် ထိုင်းပြန်တွေအနေနဲ့ ရောက်ရှိတဲ့နေရာတွေမှာ မဖြစ်မနေ Quarantine ဝင်ရမယ်၊ လမ်းတစ်ဝက်မှာ မတွေ့ဘူး အိမ်ပြန်ရောက်တဲ့အခါ ပတ်ဝန်းကျင်ကဖြစ်ဖြစ် အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် အကြောင်းကြားလာရင်တော့ ကျနော်တို့ ဖမ်းဆီးပြီး Quarantine ထည့်မယ့်အစီအစဉ်လုပ်ထားပါတယ်” ဟု ဆိုသည်။  

    ထို့ပြင် နိုင်ငံခြားမှပြန်လာသူများ၊ Stay at Home  ဒေသမှပြန်ရောက်လာသူများ မိမိရပ်ကွက်ကျေးရွာအတွင်းရောက်ရှိလာပါက သက်ဆိုင်ရာကျေးရွာအကြီးအကဲများထံသို့သတင်းပေးပို့သွားရန်နှင့် သတ်မှတ်ထားသည့် Quarantine စခန်းတွင် ၁၄ ရက်နေထိုင်ရန်၊ ရွာတစ်ရွာမှတစ်ရွာသို့သွားရောက်သည့်အခါ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံချက်နှင့် မြို့နယ်ကျော်လွန်သွားရောက်သူများ သက်ဆိုင်ရာမြို့နယ်၏ ထောက်ခံချက်ပါရှိရန်လိုအပ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) က စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။

    ထို့အတူ မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) ဥက္ကဌ နိုင်ဗညားလယ်နှင့်အဖွဲ့ က မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်ထံသို့ စက်တင်ဘာ ၁၃ ရက်နေ့က Covid-19 လူနာများကုသရာတွင် အသုံးပြုပစ္စည်း/ငွေသားကျပ် ၂၁,၂၀၀,၀၀၀ ကို လှူဒါန်းပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

    စက်တင်ဘာ ၁၄ ရက် တစ်နေ့အတွင်း စုစုပေါင်း (၄,၄၅၈) ခုအား  စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၈၄) ဦး တွေ့ရှိကြောင်း၊ ၎င်းအနက် မွန်ပြည်နယ်မှ ၅ ဦးပါဝင်ပြီး မွန်ပြည်နယ်တွင် စုစုပေါင်းပိုးတွေ့လူနာ ၆၉ ဦးရှိကြောင်း စက်တင်ဘာ ၁၅ ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၂၉၉)ဦးရှိကြောင်း၊ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ (၃၂) ဦး ရှိကြောင်း သိရသည်။

    COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် ထိုင်းနိုင်ငံ၌ ပိုးတွေ့လူနာစုစုပေါင်း ၃၄၇၅ ဦး၊ သေဆုံးသူ ၅၈ ဦးရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပိုးတွေ့လူနာ ၂၉,၁၅၀,၉၇၄ ဦးရှိပြီး သေဆုံးဿူစုစုပေါင်း ၉၂၆,၇၂၀ ဦးရှိကြောင်း ထိုင်းနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် (Covid-19) သတင်းအချက်အလက် စင်တာက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks