spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းဒေါက်တာ မင်းနွယ်စိုး ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြောင်းမှတ်တမ်းတင်ခြင်း

    ဒေါက်တာ မင်းနွယ်စိုး ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြောင်းမှတ်တမ်းတင်ခြင်း

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၅)

    မွန်ညီညွတ်ရေးပါတီ MUP အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး အသက် (၇၂) နှစ်သည် စက်တင်ဘာလ (၁၄) ရက် ည (ရး၄၀) အချိန်တွင် ဇာတိဖြစ်သည့် မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာ၌ ကွယ်လွန်အနိစ္စရောက်ခဲ့သဖြင့် မွန်အမျိုးတစ်ရပ်လုံးအတွက် အစားထိုး၍မရနိုင်သော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည့်အတွက် မွန်သတင်းအေဂျင်စီမှ အထူးဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်။

    မွန်အမျိုးသားရေးရာကိစ္စရပ်များဖြစ်သော စာပေ၊ ရိုးရာယဉ်ကျေးမှု၊ သမိုင်းသုတေသန၊ လူမှုရေး၊ နိုင်ငံရေး စသည့်နယ်ပယ်အသီးသီးတွင် တက္ကသိုလ်ကျောင်းသားဘဝမှ ကွယ်လွန်သည်အထိ စဉ်ဆက်မပြတ် ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည့်အတွက် မွန်လောကအသိုင်းအဝိုင်းတွင် စံပြုကြသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ 

    မွန်-ဗမာ စာပေအရေးအသားကျွမ်းကျင်ပြီး မွန်သမိုင်းဆိုင်ရာ သုတေသနပြုစုခြင်း၊ ဆောင်းပါးများ ရေးသားခြင်း၊ စာအုပ်ထုတ်ဝေခြင်းလုပ်ငန်း၊ အစိုးရစာသင်ကျောင်းများတွင် မွန်စာပေတရားဝင်သင်ကြားနိုင်ရေး စသည့် မွန်အမျိုးသားရေးဆိုင်ရာလုပ်ငန်းများတွင် ဘဝတစ်ခုလုံးမြှုပ်နှံပြီး အချိန်ပေးဆက်နိုင်ခဲ့သူ ဖြစ်ပါသည်။   

    ၁၉၈၈ မတိုင်မီ မဆလတစ်ပါတီအာဏာရှင်လက်ထက်ကတည်းကပင် မွန်အမျိုးသားနေ့ ဗဟို/မြို့နယ်အခမ်းအနားများတွင်လည်းကောင်း၊ မွန်စာပေယဉ်ကျေးမှုကော်မတီ  ဥက္ကဌ/အတွင်းရေးမှူးအဖြစ်လည်းကောင်း မွန်အမျိုးသားရေးဆိုင်ရာကိစ္စရပ်များတွင်လည်းကောင်း အဓိကနေရာများမှ အကြိမ်ကြိမ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။

    ပြည်သူ့ကျန်းမာရေးဌာနတွင် အဆင့်ဆင့်သောတာဝန်များထမ်းဆောင်ခဲ့ပြီး ကယားပြည်နယ်ကျန်းမာရေးဌာန ဦးစီးမှူးအဖြစ်မှ သက်ပြည့်ပင်စင်အငြိမ်းစားယူခဲ့သည်။

    ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တစ်ခုတည်းသောမွန်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကို အထွေထွေအတွင်းရေးမှူးအဖြစ် ဦးဆောင်၍ ရွေးကောက်ပွဲဝင်ခဲ့ပြီး နောက်ပိုင်းပြန်လည်ပေါ်ပေါက်လာသော မွန်အမျိုးသားပါတီ MNP နှင့် ၂၀၁၈ ခုနှစ်တွင် ပေါင်းစည်း၍ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော မွန်ညီညွတ်ရေးပါတီတွင် MUP အထွေထွေအတွင်းရေးမှူးနေရာမှ ဆက်လက်ဦးဆောင်လာခဲ့သည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

    ထို့အပြင် NLD အစိုးရလက်ထက် ငြိမ်းချမ်ရေးဖော်ဆောင်မှုတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (မွန်)၏ အရပ်သားကိုယ်စားလှယ်နှင့် ဒုဥက္ကဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။

    နိုင်ငံရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်များကို ကမ္ဘောဒီးယား၊ တူရကီ၊ ဆွီဒင်နိုင်ငံများ၌လည်းကောင်း၊ ရွေးကောက်ပွဲပညာ၊ ပါလီမန်စနစ်၊ လွှတ်တော်ပညာရပ်များကို ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်းကောင်း သွားရောက်လေ့လာသင်ယူခဲ့သူ ဖြစ်သည်။

    အထက်တန်းပညာကို မုဒုံမြို့ အထက(၁)၊ ဆေးတက္ကသိုလ် (၁)နှင့် (၂)တွင် ဆေးပညာကို သင်ယူခဲ့သူဖြစ်ပြီး M.B.B.S ဆရာဝန်၊ D.H.A ဆေးပညာဆိုင်ရာ အုပ်ချုပ်ရေးပညာ ဒီပလိုမာဘွဲ့၊ အစ္စရေးတွင် AIDS နှင့် ပတ်သက်၍ နိုင်ငံတော်မှစေလွှတ်ပြီး ပညာတော်သင်ယူခဲ့သည်။

    ငယ်နာမည် မောင်ထွန်းရီ ဖြစ်ပြီး ၁၉၄၈ ခုနှစ်၊ မေလ(၂)ရက်နေ့တွင် မုဒုံမြို့နယ်၊ တော်ကူးကျေးရွာ၌ အဖ နိုင်ရွှေ၊ အမိ မိစောပုတို့မှ မွေးဖွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks