spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ညီညွှတ်ရေးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဟိန်းပိုင်ထူးချစ်နှင့် အင်တာဗျူး

    မွန်ညီညွှတ်ရေးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဟိန်းပိုင်ထူးချစ်နှင့် အင်တာဗျူး

    -

    ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ပညာတတ်လူငယ်နှင့် အမျိုးသမီးများကို ပိုမိုနေရာပေးလာကြပြီး ၎င်းတို့ပါဝင်ရာခိုင်နှုန်းများကိုလည်း ဂုဏ်ယူစွာ ထုတ်ဖော်ပြောကြားမှုများ လုပ်လာခဲ့ကြသည်။ အထူးသဖြင့် တိုင်းရင်းသားပါတီများအနေဖြင့် လူငယ်နှင့် အမျိုးသမီးများကို နေရာပေးမှုများ ပိုမိုလုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် လူငယ်များအနေဖြင့် မည်သို့ ရည်မှန်းထားသည်၊ ရွေးကောက်ပွဲအောင်နိုင်ရေး မည်သည့်ကတိများဖြင့် ပြည်သူများကို မည်သို့ စည်းရုံးမည်စသဖြင့် သိရှိစေရန် လူငယ် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် မွန်ညီညွှတ်ရေးပါတီ ကိုယ်စားပြု၍ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာဟိန်းပိုင်ထူးချစ်အားယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

    မေး။ ။ ပထမ ဦးဆုံးပေါ့လေ နိုင်ငံရေးကို လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုစပြီး စိတ်ဝင်စားဖြစ်သွားခဲ့သလဲ။

    ဖြေ။ ။ ဆိုတော့ ကျွန်တော် ၂၀၁၄ မှာ ဆေးတက္ကသိုလ်ကနေ ဘွဲ့ရတယ်၊ ၂၀၁၅ ကျတော့ ပရဟိတလုပ်ငန်းတွေရော တခြား NGO လုပ်ငန်းတွေရောပေါ့လေ မြန်မာနိုင်ငံမှာ အရောက်အပေါက်နည်းတဲ့ ဒေသကိုသွားပြီးတော့ ဆေးကုတာတွေ လုပ်ခဲ့တယ်။ အဲ့ဒီမတိုင်ခင်တုန်းကလည်း ၂၀၁၄ တုန်းကလည်း ကျွန်တော် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်မှာ (Clinical Placement) လေ့လာရေးအနေနဲ့ပေါ့လေ ဓါတ်မှန်ဌာနမှာပေါ့နော် သွားပြီးတော့ နေခဲ့တယ်။ ဒီပြန်ရောက်လာတော့ ခုနကပြောသလို အရောက်အပေါက်နည်းတဲ့ ဒေသမှာ ကိုယ်တက်တဲ့ပညာက သုံးမရဘူး။ အထူးသဖြင့် ပိုးတွေမသတ်ထားတဲ့နေရာမှာ အလုပ်တွေလုပ်ရတယ်။ ဆေးကုတဲ့အချိန်မှာ ဆေးတွေမရှိဘူး။ တဖြေးဖြေးနဲ့ ဘာတွေ နားလည်သွားလဲဆိုတော့ ပညာတက်တယ်ဆိုတိုင်းလဲ အဲ့ဒီပညာက သုံးလို့မရဘူး။ စနစ်တွေ လိုအပ်တယ် အဲ့ချိန်ကစပြီး နိုင်ငံရေးကို စဉ်းစားလာတယ်ပေါ့နော်။ ဒီနိုင်ငံရဲ့ နိုင်ငံရေးက အရေးကြီးတယ်ဆိုတာ သဘောပေါက်လာတယ်။ သဘောပေါက်လာတော့ ၂၀၁၆ ကစပြီး လူငယ်ဖွံ့ဖြိုးရေးတွေ စလုပ်လာတယ်။ ဒီဟာက အရေးကြီးတယ်။ လုပ်ဖို့ လိုအပ်တယ်လို့ သဘောပေါက်တော့ စလုပ်ဖြစ်လာတယ်။ လုပ်နေရာကနေ လူငယ်တွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ စီးပွားရေးနဲ့ဆိုင်တဲ့ကိစ္စတွေ သင်တာပေါ့နော်။ စာလည်းသင်ရင်း သုတေသနတွေလည်း လုပ်ဖြစ်တာပေါ့။ အဲ့တော့ နိုင်ငံရေး ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သုတေသနတွေ လုပ်ဖြစ်ရင်းနဲ့ ၂၀၁၇ လောက်မှာ မော်လမြိုင်ကို ပြန်ရောက်လာတယ်။ ပြီးတော့ ဒီမှာပဲ မှတ်ပုံတင်ပြီး လူငယ်အဖွဲ့အစည်းဖြစ်သွားတယ်။ အစက စာကြည့်တိုက်ပေါ့လေ ပြီးတော့ လူငယ်အဖွဲ့အစည်း ဖြစ်လာတယ်။ အဲ့ကနေမှ လူငယ်နဲ့ပတ်သက်တဲ့ အလုပ်တွေ လုပ်ရင်းလုပ်ရင်းနဲ့မှ တဖြေးဖြေးနဲ့ လူငယ်ဖွံ့ဖြိုးဖို့အတွက် နိုင်ငံရေးစနစ်က မပြောင်းလို့မရဘူး။ နောက်တစ်ခါ အနာဂတ်အတွက် အာမခံချက်ပေးနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ နိုင်ငံစနစ်က မပြောင်းလို့မရဘူးဆိုတာ သဘောပေါက်လာတယ်။ အခါကျတော့ နိုင်ငံရေးနဲ့ ပိုပြီးတော့ ချိတ်လာတာပေါ့။ အဲ့ဒါပဲ အခု ၂၀၂၀ ရွေးကောက်ပွဲကျတော့ လူငယ်တွေကို ကိုယ်စားပြုနိုင်ဖို့ နောက်တစ်ခါ မော်လမြိုင်မြို့ကို အာမခံချက်ပေးနိုင်တဲ့ မြို့ဖြစ်လာဖို့ နောက်တစ်ခါ ခေတ်မှီတဲ့ မြို့ပြတစ်ခုဖြစ်လာဖို့ဆိုတဲ့ အကြောင်းတွေကို ဖြစ်လာတဲ့အခါကျတော့ ရွေးကောက်ပွဲကို ဝင်ပြီးယှဉ်ပြိုင်မယ်လို့ သဓိဌာန်ချဖြစ်သွားတာပေါ့။

    မေး။ ။ ဘာကြောင့် မွန်ညီညွှတ်ရေး ပါတီ(MUP)ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံ ဖြစ်သွားတာလဲ။

    ဖြေ။ ။ ဒီမိုကရေဆိုတဲ့စကားကို ပြန်ကြည့်မယ်ဆိုရင် အာဏာက တစ်ယောက် ဒါမှမဟုတ် တစ်စုထဲမှာ မရှိရဘူး။ အဲ့တော့ ဒီအာဏာကို စနစ်တကျခွဲဝေတဲ့အခါကျတော့ အာဏာရတဲ့သူတွေအတွက် အရေးကြီးတာမဟုတ်ဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပါဝင်တဲ့သူတွေ အားလုံးက သူနည်းနဲ့သူကလည်း အရေးကြီးတဲ့သူတွေဖြစ်ကြတယ်။ နိုင်ငံရေးပါတီတွေကို ပြန်ကြည့်တဲ့အခါမှာ တိုင်းရင်းသားပါတီတွေ အနေနဲ့ အားကောင်းဖို့က အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ဖြစ်တယ်။ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားပါတီတွေမှာ ဝင်ပြီးတော့ ကြိုးကြိုးစားစား လုပ်ပေးမဲ့သူတွေ လိုအပ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အသိအမြင်နဲ့ ပတ်သက်ပြီးတော့ မျှဝေမယ့်သူတွေ နောက်ပြီးတော့ တကယ် ရုန်းကန်ကြိုးစားမဲ့သူတွေက တိုင်းရင်းသားပါတီတွေထဲကို များများရောက်သင့်တယ် တကယ်တမ်းကျတော့။ ဆိုတော့ အဲ့ဟာကိုကြည့်လိုက်တော့ ကျွန်တော်အနေနဲ့ ဘယ်ဟာကိုပြေးမြင်မိလဲဆိုတော့ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပံ့ပိုးပေးသင့်တယ်။ တပြိုင်တည်းမှာ ပြန်ပြီး ကြည့်လိုက်တဲ့အခါကျတော့ မွန်ညီညွှတ်ရေးပါတီအနေနဲ့က ပြည်နယ်တစ်ခုလုံးရဲ့ ဖွံ့ဖြိုးမှုကို လုပ်မယ်ဆိုတဲ့ ကြွေးကြော်မှုတစ်ခုကို တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။ အရေးလည်း ကြီးတယ်ပေါ့နော်။ အဲ့တော့ မွန်ညီညွှတ်ရေးပါတီသည် အနာဂါတ်မှာ မွန်ပြည်နယ်အတွက် အားထားရမဲ့ပါတီဆိုတာလည်း မြင်တွေ့ရတယ်။ အဲအခါကျတော့ မွန်ညီညွှတ်ရေးပါတီနဲ့အတူပေါ့ ရွေးကောက်ပွဲမှာ လှုပ်ရှားဖို့ အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

    မေး။ ။ ခုနက အကိုပြောသွားတာတဲ့ အထဲမှာလည်း ပါတယ်။မြို့ပြအတွက် ကောင်းမွန်တဲ့ စနစ်တွေ အဲ့ဒီမှာ အကိုအနေနဲ့ ပြည်နယ်အတွက် ဘယ်အပိုင်းကနေလုပ်ဆောင်နိုင်မလဲ။ ဘာတွေကိုတော့ လုပ်ဖြစ်အောင် လုပ်မယ်လို့ ကတိပေးနိုင်မလဲ။

    ဖြေ။ ။ မွန်ပြည်နယ်မှာနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ ပထမဦးဆုံးပေါ့လေ သူ့အနေနဲ့ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်မယ်။ ကြိုးစားပြီး အလုပ်လုပ်မယ်ဆိုရင် သူ့အတွက် ဘာတွေ အာမခံချက်တွေရှိမလဲ။ မွန်ပြည်နယ်မှာနေတဲ့သူတစ်ယောက် အသက်အရွယ်ကြီးလာရင် ဘာတွေ အာမခံချက်တွေရှိမလဲ။ လူငယ်တစ်ယောက်အတွက်ဆိုရင် ပညာရေးနဲ့ပတ်သက်တဲ့ အာမခံချက်ကို ပြည်နယ်အနေနဲ့ ပေးနိုင်ရမယ်။ လူလတ်အပိုင်းကို ရောက်လာပြီဆိုလို့ရှိရင် အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အာမခံချက် လူမှုရေးနဲ့ပတ်သက်တဲ့ အာမခခံချက် ပေးနိုင်ရမယ်။ အသက်ကြီးလာတဲ့သူတွေအတွက် လူမှုရေးနဲ့ပတ်သက်တဲ့ အာမခံချက်၊ ကျန်းမာရေးအာမခံချက် ပေးနိုင်ရမယ်။ အဲလိုပေးနိုင်ဖို့ဆိုတာကလည်း ပြည်နယ်အနေနဲ့ မဟာဗျူဟာကျကျကို လှုပ်ရှားဖို့လိုအပ်တယ်။ အဲ့ဒီတော့ အာမခံချက်ပေးနိုင်ဖို့ ဘာတွေလုပ်ရမလဲ ပထမဦးဆုံး ပညာရေးနဲ့ အလုပ်အကိုင် ကျွန်တော်တို့ဆီမှာ မချိတ်ဘူး။ ပညာရေးကသက်သက်၊ အလုပ်အကိုင်က သက်သက်ဆိုတော့ ဒါနှစ်ခုက ချိတ်ဖို့လိုတယ်။ နောက်တစ်ခုက မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပြသနာတွေ ဒါတွေ ဖြေရှင်းဖို့လိုတယ်။ ပိုပြီးတော့ကောင်းတဲ့ မဟာဗျူဟာတွေနဲ့ ချဉ်းကပ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ မူးယစ်ဆေးဝါးစျေးကွက်က အရှေ့တောင်အာရှတစ်ခုလုံး ပြန်ကြည့်လိုက်ရင် ဒေါ်လာ (US) ဘီလီလျံ ၄၀ နဲ့ ၆၀ ကြားရှိတယ်။ တော်တော်ကြီးကို ကြီးတယ်။ လွယ်လွယ်ပြောလို့ရှိရင် မွန်ပြည်နယ်ရဲ့ ပြည်နယ်အခွန်ကောက်စရိတ် နှစ်တစ်သောင်းစာလောက်ရှိတယ် သူ့ရဲ့ စျေးကွက်က။ ဆိုတော့ အဲ့လောက်ကြီး စျေးကွက်ကြီးကို ချမှတ်ထားတဲ့ ဘတ်ဂျတ်သေးသေးလေးနဲ့ ဌာနသေးသေးလေးနဲ့ တိုက်လို့ မရတော့ဘူး။ တကယ့် မဟာဗျူဟာကျကျ ပေါ်လစီ အသစ်တွေ အမြင်အသစ်တွေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာတယ်။ နောက်တစ်ချက်က သဘာဝပတ်ဝန်းကျင်ကိစ္စ၊ နှစ်တိုင်းဖြစ်နေတဲ့ ပြသနာတွေ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အရေးကြီး ဖြေရှင်းဖို့လိုလာတယ်။ မြို့ပြစနစ်မှာ အဲ့ဒီ သဘာဝပတ်ဝန်းကျင်ကလည်း သိပ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍ ထည့်စဉ်းစားရမှာတွေ ပိုပြီးတော့ ကောင်းမွန်တဲ့ မြို့ပြ ဖန်တီးမယ်ဆိုလို့ရှိရင် ဒါက မထည့်သွင်းစဉ်းစားလို့မရဘူး။ ခံနိုင်ရည်ရှိတဲ့ မြို့ပြဖြစ်လာဖို့လိုတယ်။ နောက်တစ်ခုက အချက်အလက်နဲ့ ပတ်သက်တဲ့ကိစ္စတွ၊ အချက်အလက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ဥပဒေအရ ကန့်သတ်ထားတဲ့ ကိစ္စတွေ မဟုတ်ဘူးဆိုရင် နိုင်ငံသားတွေအနေနဲ့ အစိုးရဆီကနေ လွယ်လွယ်ကူကူနဲ့ တောင်းလို့ရရမယ်။ အစိုးရဌာနနဲ့ နိုင်ငံသားတွေကြားမှာ ရင်းနှီးမှုတစ်ခုတော့ ရှိရမယ်။ ပြောချင်တာက ဝေးကွာပြီးတော့ သက်သက်ကြီး ဖြစ်နေလို့ မရဘူး။ ဒီအချက်အလက်တွေ ပွင့်လင်းမြင်သာဖို့ကိစ္စကလည်း အရေးကြီးတဲ့ အကြောင်းအရာတွေ ဖြစ်တယ်။ ဒီနောက်မှာ ဘာတွေ ဘာလာလဲ ဆိုလို့ ရှိရင် အဂတိ လိုက်စားမှုတွေ အကုန်လုံး ပါလာတာပေါ့နော်။ ဒီဟာတွေ အားလုံးက တကယ်တမ်းပြောရင် ကိုင်ကွယ်ရမဲ့ ကိစ္စတွေဖြစ်တယ်။ ဒီတစ်ခုတည်းကို ကိုင်ကွယ်လို့တော့ ပြီးသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံကနေတော့ စုပေါင်းပြီး မြင်တဲ့အမြင်ကနေတော့ ဒီပြည်နယ်ရဲ့ ဖွံ့ဖြိုးမှု ငြိမ်းချမ်းမှုကို ချဉ်းကပ်ဖို့ လိုအပ်တယ်ပေါ့။ ဒါလေးကို ကျွန်တော်တို့ ကြိုးစားရမှာပေါ့နော်။

    မေး။ ။ နောက်ဆုံးအနေနဲ့ဘာများ ဖြည့်စွက်ပြီးပြောချင်ပါသလဲ။

    ဖြေ။ ။ ကျွန်တော်တို့တွေ အငြင်းပွားကြတဲ့ ကိစ္စပေါ့လေ။ ဘာကိုကြည့်မလဲပေါ့။ ကျွန်တော်တစ်ဦးတည်းအမြင်က အနာဂါတ်ကို ကြည့်သင့်တယ်။ အနာဂါတ်ကိုကြည့်လိုက် အနာဂါမှာ ရေရှည် ပိုပြီးတော့ ကောင်းမွန်တဲ့ လူဘောင်အသိုင်းအဝိုင်းကို ဖန်တီးနိုင်ဖို့ နာကြည်းမှုမရှိတော့မဲ့ လူဘောင်အသိုင်းအဝိုင်းကို ဖန်တီးနိုင်ဖို့ အနာဂါတ်မျိုးဆက်အတွက် အာမခံချက်ပေးနိုင်မယ့် လူဘောင်အသိုင်းအဝိုင်းကို ဖန်တီးနိုင်ဖို့ ဒါတွေကို ကြည့်ရမှာပေါ့။ ဒါတွေကို ကြည့်ပြီးတော့ မဲပေးတဲ့အခါကျရင် ကိုယ့်ရဲ့နှလုံးသားနဲ့ပေါ့နော် နှလုံးသားနဲ့ ကြည့်မယ်။ ဦးနှောက်နဲ့ စဉ်းစားမယ်။ တကယ်ကိုပဲ လုပ်နိုင်ကိုင်နိုင်မယ့် စွမ်းရည်ရှိတဲ့ အနေအထားရှိမယ့် သူတွေ၊ အနာဂါတ်ကို ကောင်းအောင်လုပ်နိုင်မယ့် အဖွဲ့အစည်းတွေကို မဲပေးပြီး ရွေးချယ်ဖို့ လိုအပ်မယ်ထင်တယ်။ ပြည်သူတွေအနေနဲ့ ကျတော့လည်း မဲမပေးဘူးလို့ တစ်ချို့က စဉ်းစားတယ်ပေါ့နော်။ မဲပေးရင်လည်း ဘာမှမထူးပါဘူးပေါ့။ ဒါမဲ့ ပြန်စဉ်းစားရင် ကိုယ်စားမယ့်အသီးက ဘယ်လောက် သန့်ရှင်းဖို့လိုလဲ။ ကိုယ်ရှုမယ့်လေ ဘယ်လောက် သန့်ရှင်းဖို့လိုလဲ။ အဲ့ကနေစပြီး အစိုးရနဲ့ဆိုင်တယ်။ ဒီလိုအစိုးရကို ဖန်တီးပေးဖို့ လိုအပ်တယ်။ အစိုးရတစ်ရပ်ကို ဖန်တီးပေးဖို့ ကိုယ့်မှာ စွမ်းအားရှိတယ်။ ကိုယ့်ရဲ့ ဖြစ်စေချင်တဲ့ဆန္ဒကို မပြောခဲ့ဘူးဆိုလို့ရှိရင် အဲ့ဆန္ဒအတွက် ရပ်တည်ပေးမဲ့သူက ရှားလိမ့်မယ်။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ရပ်တည်ဖို့အတွက် သွားပြီးတော့ မဲပေးရမယ်။ ရပ်တည်စေရမယ်ပေါ့။ အဲ့တော့ မဲပေးလိုက်မယ်ဆိုလို့ရှိရင် လုပ်ချင်တဲ့ လုပ်နိုင်တဲ့ လွှတ်တော်ဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင် တကယ်ထူးခြားလာပါလိမ့်မယ။ ဒါကတော့ ကျွန်တော် ပေးချင်တဲ့ message ပါ။

    ဒေါက်တာ ဟိန်းပိုင်ထူးချစ်၏ ကိုယ်ရေးအကျဉ်း

    – မော်လမြိုင်မြို့တွင် မွေးဖွားသည်။ ၂၀၀၇ တွင် အ.ထ.က (၉) မှ ၆ ဘာသာဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်တန်း အောင်ပြီး ၂၀၁၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မကွေး)မှဘွဲ့ရရှိခဲ့သည်။

    – ၂၀၁၄ ခုနှစ်မှာပင် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်နှင့် Concord ဆေးရုံကြီး ဓာတ်မှန်ဌာနတွင် မြန်မာနိုင်ငံနှင့်ပူးပေါင်းသော ပထမဆုံး Student Exchange Micro-scholarship လေ့လာရေး သွားရောက်ခဲ့သည်။

    ၂၀၂၀ တွင် Quantic School of Business and Technology မှ Online MBA ဘွဲ့ရရှိပါသည်။

    – အရောက်ပေါက်နည်းသော အစွန်အဖျားဒေသများတွင် ဆေးကုသခြင်းခြင်းနှင့် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှစတင်ကာ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သည်။

    – SEED for Myanmar အဖွဲ့ကို ၂၀၁၆ ဇူလိုင်တွင် တည်ထောင်ပြီး ၂၀၂၀ ဇူလိုင်လအထိ အမှုဆောင်ဒါရိုက် တာ အဖြစ်တာဝန်ယူခဲ့သည်။

    – ဂျာမနီနိုင်ငံ Konrad Adenauer School of Young Politicians (၂၀၁၈) နိုင်ငံရေးသင်တန်း ကျောင်းသားဟောင်းလည်းဖြစ်သည်။

    – ၎င်းသည် Advancing Young Political Leaders Fellowship (World Learning, 2016) ကိုလည်းကောင်း၊ Young Southeast Asian Leaders Initiative Regional (2016) and Economic Empowerment Professional Fellow (2018) ကိုလည်းကောင်း၊ နည်းပညာမှ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ Build Peace Fellowship (Build Up, 2018) ကိုလည်းကောင်း၊ LEAD Alliance (International Republican Institute, 2019) ကိုလည်းကောင်း၊ Generation Change Fellow (United States Institute of Peace, 2019) ကိုလည်းကောင်း ရရှိထားသည်။

    – ၂၀၁၉-၂၀၂၀ ခုနှစ် အမေရိကန်သံအမတ်လူငယ်ကောင်စီအဖွဲ့၏ ဥက္ကဌအဖြစ်လည်းကောင်း၊ မွန်ငြိမ်းချမ်းရေးမီဒီယာရပ်ဝန်းတွင် ကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ National Enlightenment Institute ဒါရိုက်တာအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့စည်းများတွင် အလွတ်တန်းပညာရှင်အဖြစ်လည်းကောင်း သုတေသန၊ စီမံကိန်းနှင့် ဟောပြောမှုများ ပြုလုပ်ခဲ့ပါသည်။

    နိုင်ငံ ၁၀ နိုင်ငံကျော်တွင် ဆွေးနွေးပွဲများတက်ရောက်ခြင်း၊ ဟောပြောခြင်းနှင့် ၎င်း၏အတွေ့အကြုံများနှင့်ပတ်သက်၍ တက္ကသိုလ်များတွင် ဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

    – မော်လမြိုင်အတွက် Inspire Mawlamyine လှုပ်ရှားမှု စတင်သူလည်း ဖြစ်သည်။

    – လက်ရှိတွင် စီမံကိန်းရေးရာ၊ သုတေသနနှင့် ပြန်လည်သုံးသပ်ခြင်းအတွက် အလွတ်တန်း အကြံပေးအဖြစ် လုပကိုင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks