spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူလမ်းကြောင်းမှ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး ထိုင်းဘတ်ငွေ ၂ ဘီလီယံနီးပါးတန်ဖိုးခန့် ကန်ချနပူရီပြည်နယ်တွင် စံချိန်တင်ဖမ်းဆီးရမိ

    ဘုရားသုံးဆူလမ်းကြောင်းမှ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး ထိုင်းဘတ်ငွေ ၂ ဘီလီယံနီးပါးတန်ဖိုးခန့် ကန်ချနပူရီပြည်နယ်တွင် စံချိန်တင်ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၂၅)

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူလမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာသော ICE, ဘိန်းဖြူနှင့် Ketamine မူးယစ်ဆေးဝါး စုစုပေါင်းဘတ်ငွေ ၂ ဘီလီယံနီးပါးတန်ဖိုးခန့်အား ကန်ချနပူရီပြည်နယ် ထောင်ဖာဖွန်မြို့ Thong Pha Phum လမ်းဆုံစစ်ဆေးရေးဂိတ်၌ သြဂုတ် ၂၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

    ယခုဖြစ်စဉ်သည် ကန်ချနပူရီပြည်နယ်တွင် စံချိန်တင်လောက်သည့် မူးယစ်ဆေးဝါးအများဆုံးဖမ်းဆီးရမိသည့်အရေအတွက်ပင် ဖြစ်ကြောင်း၊ Hino အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်ကြမ်းပြင်၌ အထူးလျှို့ဝှက်သိုလှောင်ရေးအခန်းတစ်ခုအဖြစ်ပြုပြင်ဖန်တီးထားပြီး လက်ဖက်အိတ်များဖြင့် ထုပ်ပိုးထားသော ICE ၁,၃၈၅ ထုပ် စုစုပေါင်းအလေးချိန် ၁,၃၈၅ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၀ ထုပ် ၇၇ ကီလိုဂရမ်နှင့် Ketamine ၅၀၀ ကီလိုဂရမ်တို့ကို လျှို့ဝှက်ထည့်သွင်းထားကြောင်း၊  ထောင်ဖာဖွန်မြို့ Thong Pha Phum လမ်းဆုံစစ်ဆေးရေးဂိတ်အရောက်တွင် မသင်္ကာဖွယ် သယ်ဆောင်လာသူ မော်တော်ယဉ်မောင်း Mr. Sakchai Grod အသက် (၅၉ နှစ်) နှင့်အတူ ထိုင်းလုံခြုံရေးတပ်ဖွဲ့တို့က မော်တော်တာဉ်ကို စစ်ဆေးဖော်ထုတ်ကာ အဆိုပါ မူးယစ်ဆေးဝါးများကိုလည်း တစ်ပါတည်း လက်ရဖမ်းဆီးရမိကြောင်း သိရသည်။ 

    “အခုဖမ်းဆီးမိထားတဲ့လူက ဒီတရားမဝင်မူးယစ်ဆေးဝါးတွေကို ဒီမော်တော်ယာဉ်နဲ့ အငှားမောင်းလာတာလို့ ထွက်ဆိုခဲ့တယ်၊ သူ့ရဲ့ထွက်ဆိုချက်အရ ဒီမူးယစ်ဆေးပိုင်ရှင်ဟာ ဘုရားသုံးဆူမြို့မှာနေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်၊ သူ့ကို မြန်မာအာဏာပိုင်တွေဖက်က ဖမ်းဆီးပေးဖို့ နယ်ခြားကော်မတီကနေတဆင့် ကျနော်တို့အကြောင်းကြားထားပြီးပြီ” ဟု အမည်ဖော်ပြခွင့်မရှိသည့် ထိုင်းလုံခြုံရေးအရာရှိတစ်ဦးက ဆိုသည်။

    အဆိုပါ မော်တော်ယာဉ်အငှားမောင်းနှင်ပေးရန် ဘုရားသုံးဆူမြို့(မြန်မာနိုင်ငံ) နေ လုပ်ငန်းရှင်က ဘတ်ငွေတစ်သိန်းခွဲဖြင့် ၎င်းအားငှားရမ်းခဲ့ကြောင်း ရဲစခန်းတွင် Mr. Sakchai Grod က ထွက်ဆိုထားသည်။ 

    ထို့အတူ သြဂုတ် ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ဘုရားသုံးဆူရွာ(ထိုင်းနိုင်ငံ)မှ စံခလပူရီ Sangkhlaburi အကြား နန်းပကိတ်အဖွဲ့စုံဂိတ်၌ ထိုင်းနိုင်ငံသား Si Chan (၄၉ နှစ်) မောင်းနှင်လာသော ပစ်ကပ်ထရပ်ကားတစ်စီးပေါ်မှ ပလတ်စတစ်အိတ်ဖြင့်ထုပ်ပိုးထားသော မက်သာဖက်တမင်း ၇၀ ထုပ်နှင့် ICE မူးယစ်ဆေးတို့ကို ဖမ်းဆီးရမိခဲ့သည်။

    ဆက်လက်၍ ဘုရားသုံးဆူရွာရှိ ၎င်းနေအိမ်သို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှာဖွေရာတွင် မူးယစ်ဆေးဝါးအချို့ကို ထပ်မံဖမ်းဆီးရမိသဖြင့် စုစုပေါင်း မက်သာဖက်တမင်းဆေး ၁၄၁,၈၀၀ ပြားနှင့် ICE ၆ ဒဿမ ၇ ဂရမ်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ထိုင်းနိုင်ငံသားသည် ဘုရားသုံးဆူရွာတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သူဖြစ်ပြီး Covid ကာလ၌ စီးပွားရေးအခြေအနေမကောင်းသည့်အတွက် ဘတ်ငွေ ၅ သောင်းဖြင့် Tha Muang ခရိုင်သို့ အဆိုပါမူးယစ်ဆေးဝါးများကို မော်တော်ယာဉ်အငှားမောင်းနှင်၍ ပို့ဆောင်ပေးသည်ဟု ထွက်ဆိုထားကြောင်း အမည်မဖော်လိုသော ထိုင်းလုံခြုံရေးအရာရှိတစ်ဦးထံမှ သိရသည်။  

    ထို့အတူ ကရင်ပြည်နယ် မြဝတီမြို့အနီး မြန်မာနယ်စပ်တွင် ပြီးခဲ့သည့် သြဂုတ် ၂၁ ရက်နေ့က  မြန်မာနိုင်ငံသား ၄ ဦး ကုန်တင်ကားနှင့်သယ်ဆောင်လာသော ICE မူးယစ်ဆေးဝါးးနှင့် ဘိန်းဖြူ စုစုပေါင်း ကီလို ၁,၈၀၀ ခန့် (ထိုင်းဘတ်ငွေ သန်းပေါင်း ၁,၂၀၀ ကျော်)ကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ဖမ်းဆီး၍ မြန်မာအာဏာပိုင်များထံအပ်နှံလိုက်ပြီးနောက် ကရင်ပြည်နယ်နှင့် ထိစပ်လျက်ရှိသော နယ်စပ်တလျှောက်တွင် ထိုင်းဖက်က လုံခြုံရေးပိုမိုတင်းကြပ်ထားကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks