spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းတရားရုံးအမိန့်မချရသေးသည့် ဖမ်းဆီးသစ်များကို မွန်ပြည်နယ်အစိုးရရောင်းချခဲ့ခြင်းသည် ဥပဒေနှင့်ကိုက်ညီမှုမရှိ၊ ထိုသို့ရောင်းချရာတွင် နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခဲ့ကြောင်း မွန်လွှတ်တော်တွင် ထောက်ပြ

    တရားရုံးအမိန့်မချရသေးသည့် ဖမ်းဆီးသစ်များကို မွန်ပြည်နယ်အစိုးရရောင်းချခဲ့ခြင်းသည် ဥပဒေနှင့်ကိုက်ညီမှုမရှိ၊ ထိုသို့ရောင်းချရာတွင် နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခဲ့ကြောင်း မွန်လွှတ်တော်တွင် ထောက်ပြ

    -

    ဝံသမွန်- (မွန်လွှတ်တော် ၊  သြဂုတ် ၂၅)

    မွန်ပြည်နယ် ကျိုက္ခမီမြို့မှ အာဏာပိုင်များဖမ်းဆီးခဲ့သည့်သစ်မာများ ကာလတန်ဖိုးကျပ်သိန်း ၅၀၀ ကျော် အမှုရင်ဆိုင်နေဆဲ တရားရုံးအမိန့်မချမှတ်ရသေးမီကာလ၌ မွန်ပြည်နယ်အစိုးရအဖွဲ့ ရောင်းချခဲ့ခြင်းသည် ဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း၊ ထိုသို့ရောင်းချရာတွင် နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက် ၁/၂၀၁၇ ကိုလည်း လိုက်နာမှုမရှိကြောင်း ယမန်နေ့က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး၌  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက တင်ပြသည်။ 

    ဒေါက်တာအောင်နိုင်ဦးက “တရားရုံးက အမိန့်မချရသေးခင်မှာ ပြည်ထောင်စုရဲ့ ညွှန်ကြားချက် သဘောထားမှတ်ချက်နဲ့ ဒီလိုမျိုးရောင်းချခွင့်ပြုခဲ့တာဟာ ဥပဒေနဲ့ကိုက်ညီမှုမရှိဘူးလို့ ကျနော်ထင်မြင်သုံးသပ်မိပါတယ်” ဟု ဆိုသည်။ 

    ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်သည့် သစ်တောဥပဒေ ပုဒ်မ ၄၇-က အရ ပြစ်မှုနှင့်ဆိုင်သော သစ်တောထွက်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် သက်ဆိုင်ရာတရားရုံးက အမိန့်ချမှတ်ရမည်ဟု အတိအလင်းပါရှိကြောင်း၊ သို့သော် သက်ဆိုင်ရာတရားရုံးမှ အမိန့်မချရသေးခင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပိုင်ခွင့် မရောက်သေးသည့်အနေအထားတွင် ရောင်းချခွင့်ပြုခဲ့သော သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး၏ သဘောထားမှတ်ချက်၊ ညွှန်ကြားချက်သည်  ဥပဒေနှင့်ညီညွတ်မှုရှိမရှိ ထောက်ပြဖို့အချိန်တန်ပြီဟု ဆိုသည်။   

    ထို့အပြင် ကာလပေါက်ဈေးတန်ဘိုး ကျပ်သိန်း ၅၀၀ ကျော်ရှိ အဆိုပါသစ်မာတန်ချိန်တစ်ရာကျော်ကို လေလံမတင်ဘဲ အသင်းအဖွဲ့တစ်ခုသို့ ရောင်းချခဲ့ခြင်းသည် နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက် ၁/၂၀၁၇ အစိုးရဌာနအဖွဲ့အစည်းများ လိုက်နာဆောင်ရွက်ရမည့် တင်ဒါလုပ်ထုံးလုပ်နည်းနှင့်လည်း ကိုက်ညီမှုမရှိကြောင်း ၎င်းက ဆက်လက်ထောက်ပြသည်။ 

    “ဒီလိုမျိုးရောင်းချခဲ့တဲ့ကိစ္စမှာ တနည်းအားဖြင့် ၁/၂၀၁၇ ကျနော်တို့ ပြန်ကြည့်ဖို့ လိုပါတယ် တစ်ဖွဲ့တစ်စုကိုပဲ ရွေးချယ်အတည်ပြုပြီးတော့ ပေးလိုက်ခြင်းဟာ ဒါထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်နဲ့ ကိုက်ညီခြင်းမရှိဘူးလို့ ဒီအချက်ကိုလည်း ကျနော်တွေ့မြင်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးတို့ အစိုးရအဖွဲ့အနေနဲ့ ဒါကိုဘယ်လိုသုံးသပ်ပြီးတော့ ပြန်စဉ်းစားပေးမလဲဆိုတာ မေးမြန်းလိုပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက တင်ပြခဲ့ခြင်း ဖြစ်သည်။   

    သို့ရာတွင် တရားရုံးမှအမိန့်မချမီ ပြည်ထောင်စုဝန်ကြီး၏သဘောထားမှတ်ချက်ဖြင့် သစ်များရောင်းချခဲ့သည့်ဖြစ်စဉ်ကို ဥပဒေနှင့်ညီမညီဆိုသည့်အပိုင်းကို ပြည်ထောင်စုဥပဒေချုပ်ရုံးသို့ မွန်ပြည်နယ်လွှတ်တော်အနေဖြင့် ဆက်လက်တင်ပြပေးသင့်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက မေးခွန်းများကိုပြန်လည်ဖြေကြား ခဲ့သည်။

    ဒေါက်တာမင်းကြည်ဝင်းက “ဒီဥစ္စာ ဒီလိုရောင်းချတာကို ဥပဒေကြောင်းအရ ကွဲလွဲတယ် ဆန့်ကျင်တယ် ဆိုတဲ့အပိုင်းကျတော့ ကျနော်ထင်ပါတယ် ဒီဥစ္စာက ပြည်ထောင်စုဥပဒေချုပ် ရုံးနဲ့သာ သက်ဆိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ခုနက ကျနော်တို့ ဒီ–တွေက ကျနော်တို့ကျင့်သုံးလာတဲ့ကိစ္စဖြစ်ပါတယ်၊ ဆိုတော့ကာ ဒီဥစ္စာကို ကျနော့်အနေနဲ့ ဥပဒေနဲ့ညီမညီ ပြန်လည်စိစစ်ပေးဖို့ဆိုတာ နည်းနည်းခက်ခဲပါလိမ့်မယ် ကျနော်ထင်ပါတယ် အဲဒီတော့ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီလွှတ်တော်ကနေပြီးတော့ကာ ဥပဒေကြောင်းအရ ကျနော်တို့ဆောင်ရွက်ထားမှုအခြေအနေဟာ ကိုက်ညီမှုရှိမရှိ ပြည်ထောင်စုလွှတ်တော် ရုံးချုပ်ကို တင်ပြပေးနိုင်ရင်တော့ ပိုပြီးတော့သင့်တော်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ ကျနော့် ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ကတော့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်ဖို့ ခက်ခဲမယ်လို့ ကျနော်ယူဆတယ်” ဟု ပြောသည်။

    သို့သော် လွှတ်တော်မှ တစ်စုံတစ်ရာတိကျစွာ ဆုံးဖြတ်ချက်မချတော့ဘဲ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက အစိုးရအုပ်ချုပ်ရေးလမ်းကြောင်းမှ သမ္မတရုံးအထိ ဆောင်ရွက်၍ရပါကြောင်းဟု ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။  

    ဒေါ်တင်အိက “ဝန်ကြီး ဆိုလိုတာက ကျွန်မတို့လွှတ်တော်ကပဲ တာဝန်ရှိသလို တာဝန်ပေးတယ်ပေါ့ ကျွန်မတို့က ဆက်လက်တင်ပြဖို့ ဝန်ကြီးဆွေးနွေးပါတယ်၊ ကျွန်မတို့အနေနဲ့ကလည်း ဒီလိုမျိုးဝန်ကြီးတို့ရဲ့ ဆောင်ရွက်ချက်ကို ဝန်ကြီးတို့မှာရှိသော ဥပဒေချုပ်နဲ့ဆွေးနွေးပြီးတော့မှ ဝန်ကြီးတို့ကလည်း ဝန်ကြီးတို့လမ်းကြောင်းဖြစ်တဲ့ အုပ်ချုပ်ရေး သမ္မတရုံးအထိကိုဖြစ်ဖြစ် ဝန်ကြီးတို့လည်း ဆက်လက်ဆောင်ရွက်လို့ရပါတယ်လို့ ကျမဆွေးနွေးပါတယ်”က ဆိုသည်။ 

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့(သြဂုတ် ၂၅ ရက်) တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

    အဆိုပါသစ်များမှာ ငါးဖမ်းရာသီပိတ်ချိန်တွင် လှေများပြုပြင်မွမ်းမံရေးအတွက် ကျိုက်ခမီမြို့ခံသစ်ဆိုင်များ ရောင်းချရန်သိုလှောင်ထားသည်ကို တရားမဝင်သစ်အဖြစ် အာဏာပိုင်တို့သတ်မှတ်ဖမ်းဆီးသိမ်းဆည်းခဲ့နောက် တရားရုံးသို့ တင်ပြထားစဉ် ကျိုက်ခမီရေလုပ်ငန်းအသင်းကို ပြည်နယ်အစိုးရက တဆင့်ပြန်လည်ရောင်းချခဲ့ဖြစ်စဉ်ဖြစ်ကြောင်း မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

    Photo-ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး မေးခွန်းမေးမြန်းစဉ်(Mon State Parliament)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks