spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘဏ္ဍာရေးစည်းမျဉ်းလုပ်ထုံးနှင့်မညီသော ဌာနများကို သက်ဆိုင်ရာမှ လမ်းညွှန်မှုမရှိခဲ့ဟု မွန်ပြည်နယ်စာရင်းစစ်ချုပ်က လွှတ်တော်သို့တင်ပြ

    ဘဏ္ဍာရေးစည်းမျဉ်းလုပ်ထုံးနှင့်မညီသော ဌာနများကို သက်ဆိုင်ရာမှ လမ်းညွှန်မှုမရှိခဲ့ဟု မွန်ပြည်နယ်စာရင်းစစ်ချုပ်က လွှတ်တော်သို့တင်ပြ

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဩဂုတ် ၂၄)

    ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်  မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်အရ ဘဏ္ဍာရေးစည်းမျဉ်းလုပ်ထုံးနှင့် မညီသည့် ဌာနများကို လိုအပ်သလို ပြုပြင်သွားရန် အကြောင်းကြားစာများ ပေးပို့ခဲ့သော်လည်း သက်ဆိုင်ရာမှ လမ်းညွှန်ဆောင်ရွက်မှု မရှိခဲ့ကြောင်း ယနေ့ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး၌ စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက တင်ပြခဲ့သည်။

    ပြည်နယ် တရားလွှတ်တော်ကို ၁ စောင်၊ စည်ပင်သာယာရေးကို ၂ စောင် ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနကို ၂ စောင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကို ၅ စောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကို ၂ စောင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနကို ၃ စောင်၊ ပညာရေး ဝန်ကြီးဌာနကို ၁ စောင်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနကို ၃ စောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို ၁ စောင် နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ၁ စောင် ကို ပြည်နယ် စာရင်းစစ်ချုပ်က အကြောင်းကြားစာ (ML) များ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

    ဒေါ်သိန်းသိန်းဦးက “ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံး လုပ်နည်းတို့နဲ့ ညီညွှတ်မှုမရှိခြင်း ဌာန၏ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို အချိန်မှီပြုပြင် လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန် စီမံခန့်ခွဲမှု အကြောင်းကြားစာ (ML) သက်ဆိုင်ရာ ဌာန အကြီးအကဲကို လိမ်မူပြီး ပြည်နယ် ဝန်ကြီးများသို့ မိတ္တူ ပေးပို့ခဲ့ပါကြောင်း အကြောင်းကြားစာ ရရှိပြီး အရေးယူ ဆောင်ရွက်မှု မရှိပါ” ဟု ဆိုသည်။

    ယင်းအပြင် ကျပ်သန်း ၁၀ သန်းအထက် အစိုးရလုပ်ငန်းများကိုလည်း သမ္မတ ညွှန်ကြားချက် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ထားခြင်း မရှိကြောင်း ပြည်နယ် စာရင်းစစ်ချုပ် အစီရင်ခံတွင် ဖော်ပြထားသည်။

    ထို့အတူ ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု အားနည်းသည့် အတွက် ပြည်သူ့ဘဏ္ဍာနစ်နာနေရသည်ဟုလည်း ပြည်နယ် စာရင်းစစ်ချုပ်က ထောက်ပြထားသည်။

    ယနေ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်း(၅) ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ မွန်ပြည်နယ်အစိုးရ အဖွဲ့၏  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှမတ်လအထိ (၆)လပတ်အစီရင်ခံစာ တင်ပြခဲ့ကြောင်း တွေ့ရှိရသည်။ 

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ယနေ့ (၂၄.၈.၂ဝ၂၀)ရက်၊ တနင်္လာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁) ဦးအနက် (၃၀) ဦး တက်ရောက်ခဲ့သည်။

    Photo- မွန်ပြည်နယ် စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက လွှတ်တော်သို့ တင်ပြစဉ် (Mon State Parliament)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks