spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) သည် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် အရေးကြီးသည့်အစပျိုးမှုတစ်ခုအဖြစ်မှတ်ယူကြောင်း ဦးဆောင်သဘာပတိ နိုင်ဟံသာ မိန့်ခွန်းပြောကြား

    ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) သည် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် အရေးကြီးသည့်အစပျိုးမှုတစ်ခုအဖြစ်မှတ်ယူကြောင်း ဦးဆောင်သဘာပတိ နိုင်ဟံသာ မိန့်ခွန်းပြောကြား

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၂၁ )

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးက ရရှိခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ ဦးတည်ချက်သည် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် အရေးကြီးသည့်အစပျိုးမှုတစ်ခုအဖြစ်မှတ်ယူကြောင်း ယနေ့ (သြဂုတ် ၂၁ ရက်နေ့) ကျင်းပသော ညီလာခံပိတ်ပွဲတွင် ဦးဆောင်သဘာပတိ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက မိန့်ခွန်းပြောကြားခဲ့သည်။

    “ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ရဲ့ ဦးတည်ချက်ဟာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် အရေးကြီးတဲ့အစပျိုးမှုတစ်ခုလို့ မှတ်ယူပါတယ်၊ တစ်ချိန်တည်းမှာပဲ ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိနေခဲ့တဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စနဲ့ လွှတ်တော်ပိုင်းဆိုင်ရာကဏ္ဍများကိုလည်း ကျနော်တို့ အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆက်လက်အဖြေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု နိုင်ဟံသာက ပြောသည်။

    အဆိုပါ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ အပိုင်း (၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွန်အခြေခံမူ (၅) ချက်တွင် သီးခြားလွတ်လပ်သော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအပါအဝင် ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်များအကြား အာဏာ၊ သယံဇာတ၊ အခွန်အကောက်၊ ဘဏ္ဍာရေးခွဲဝေမှု စသည့်အချက်များ ပါဝင်လာသည်ကို တွေ့ရသည်။  

    ထို့အတူ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ (၃) ရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများသို့ ခွဲဝေအပ်နှင်းခြင်း၊ နိုင်ငံသားတို့၏ မူလအခွင့်အရေးများ (Fundamental Rights) နှင့် တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေများကို ပြဌာန်းပေးရမည် ဆိုသည့်အချက်များလည်း ပါဝင်သည်။    

    သို့ရာတွင် “တိုင်းဒေသကြီး/ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ” ဝေါဟာရအမည်နာမသတ်မှတ်နှင့်ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား သဘောတူညီမှုမရရှိသေးပေ။  

    အဆိုပါ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အသိသက်သေများလက်မှတ်ရေးထိုးကြပြီး အစိုးရအစုအဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း၊ NCA-S EAO အစုအဖွဲ့ခေါင်းဆောင် ဒေါက်တာဆလိုင်းလျန်မုန်း ဆာခေါင်း နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ခေါင်း ဦးသုဝေတို့က ညီလာခံ၏ ဦးဆောင်သဘာပတိ နိုင်ဟံသာထံ အပ်နှံလိုက်ကြောင်း တွေ့ရှိရသည်။ 

    ထို့ပြင် ညီလာခံဦးဆောင်သဘောပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “ဒီကနေ့ ကျနော်တို့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျနော်တို့နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလွန်ကို ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ် ဒီအစိတ်အပိုင်း(၃) မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျနော်တို့ ရှေ့ဆက်ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကို ကျနော်တို့သဘောတူနိုင်ခဲ့တာဖြစ်ပါတယ် NCA ကို ဘယ်လိုအကောင်အထည်ဖော်သွားမယ်ဆိုတဲ့အချက်တွေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို ပုံဖော်မယ့် အဆင့်လိုက်လုပ်ငန်းစဉ်တွေ အဆင့်လိုက်အကောင်ထည်ဖော်မှုတွေကို ၂၀၂၀ အလွန်မှာ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်နိုင်မယ့် အခင်းအကျင်းတစ်ခုကို ကျနော်တို့ နှစ်ဖက်ကြားမှာ သဘောတူနိုင်ခဲ့တာဖြစ်ပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ကြောင့် မည်ကဲ့သို့သော အကြောင်းအရာနှင့်မျှ ဆွေးနွေးပွဲကနေ ထွက်ခွာမသွားသင့်ဟု မိမိအနေဖြင့်အကြံပြုလိုကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကြောင့် ဆွေးနွေးမှုများရပ်တန့်မသွားစေရန် အချိန်ဇယားသတ်မှတ်ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    နေပြည်တော် MICC-2 ၌ ယနေ့ကျင်းပသည့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေး ပိတ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်စုကြည် ဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်၊ တပ်မတော်၊ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO, နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များနှင့် တိုင်းရင်းသားကိုယ်စားလှယ် ကျား ၂၄၁ ဦး၊ မ ၄၄ စုစုပေါင်း ၂၈၅ ဦးတက်ရောက်ခဲ့ကြောင်း ညီလာခံမှတ်တမ်းအရ သိရသည်။

    Photo- အစုအဖွဲ့ခေါင်းဆောင် ၃ ဦးက ဦးဆောင်သဘာပတိထံ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အပ်နှံစဉ် (UPC)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks