spot_img
Sunday, February 1, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အမတ်များပါဝင်သော ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ပါက ငြိမ်းချမ်းရေးပို၍ဖြစ်လာနိုင်မည်ဟု မွန်ပြည်သစ်ပါတီဥက္ကဌသုံးသပ်

    တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အမတ်များပါဝင်သော ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ပါက ငြိမ်းချမ်းရေးပို၍ဖြစ်လာနိုင်မည်ဟု မွန်ပြည်သစ်ပါတီဥက္ကဌသုံးသပ်

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၁၉)

    လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အမတ်များ ပိုမိုရရှိလာပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ပါက ငြိမ်းချမ်းရေးပို၍ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္တအစည်းအဝေးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ သုံးသပ်ပြောကြားလိုက်သည်။

    နိုင်ဟံသာက “ကြည့်ရတာ NLD က အရင်ကလို သောင်ပြိုကမ်းပြို အဆင့်မျိုးတော့ မနိုင်တော့ဘူးဗျ၊ တိုင်းရင်းသားတွေလည်း အများကြီး လွှတ်တော်ထဲမှာ ပိုလာမယ်လို့ ကျနော်တို့မြင်တယ်၊ ညွန့်ပေါင်းဆိုရင်တော့ ငြိမ်းချမ်းရေးက ပိုပြီးတော့ဖြစ်လာနိုင်တယ်လို့ ကျနော်တို့မြင်တယ်” ဟု ဆိုသည်။

    ထို့အပြင် တိုင်းရင်းသားများ၏ တန်းတူညှီမျှရေးအခွင့်အရေး မရရှိမချင်း လက်နက်ကိုင်တောင်းဆိုမှု တော်လှန်ရေးတိုက်ပွဲများ ပြီးဆုံးသွားမည်မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

    “ဥပမာပေါ့ဗျာ ၁၉၅၈ မှာ ရခိုင် မွန် ပအိုဝ်းရယ် အားလုံးလက်နက်စွန့်ပြီး ဒီမိုကရေစီဘောင်ထဲ ဝင်သွားခဲ့တယ် ဒါပေမယ့် သူတို့တိုင်းရင်းသားအခွင့်အရေးမရတော့ တော်လှန်ရေးက နောက်ထပ်ပေါ်လာတာပဲဗျ၊ ၂၀၀၅ မှာ ပလောင်အဖွဲ့ကို လက်နက်အားလုံးသိမ်းလိုက်တယ် ဒါပေမယ့် သူတို့အခွင့်အရေးမရတော့ နောက်ထပ်ပေါ်လာတာပဲဗျ၊ တန်းတူညှီမျှရေးအခွင့်အရေးမရမချင်းတော့ တိုင်းရင်းသားတွေနောက်ထပ်ရုန်းကန်နေရမှာပဲလေ” ဟု နိုင်ဟံသာက ပြောသည်။    

    ထို့အတူ တိုင်းရင်းသားလူမျိုးစုများ လိုလားနေကြသည်မှာ တန်းတူညှီမျှရေးလောက်သာဖြစ်ကြောင်း၊ ဒါလောက်လေးတောင်းတာတောင် မအောင်မမြင်ဖြစ်လာသည့်အတွက် တောင်းဆိုမှုများ တစ်ဖြည်းဖြည်းကြီးထွားလာရသည်ဟု မြင်မိကြောင်း၊ တန်းတူအခွင့်အရေးလောက်ကို စဉ်းစားပေးရုံနှင့်လည်း မိမိအထဲက ဘာမှလျော့ကျသွားစရာမရှိကြောင်း၊ စိတ်စေတနာကောင်း ရှိနေဖို့သာ လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုတိယဥက္ကဌ(၁) စိုင်းညွန့်လွင်က ယနေ့ကျင်းပသည့် (၂၁) ရာစုပင် စတုတ္တအစည်းအဝေး အခမ်းအနားမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

    စိုင်းညွန့်လွင်က “အခု ငြိမ်းချမ်းရေးညီလာခံဟာ ၁၉၄၇ ခုနှစ် ပင်လုံမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ အချက်တွေကို ပြည့်ပြည့်ဝဝအသက်ဝင်အောင် အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတဲ့ ညီလာခံလို့သာ မှတ်ယူချင်ပါတယ် အချို့သောပုဂ္ဂိုလ်တွေ စိုးရိမ်နေသလို ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို လွှမ်းမိုးပယ်ဖျက်ဖို့ ထပ်မံလုပ်ဆောင်နေတဲ့ ညီလာခံတစ်ရပ် မဖြစ်စေချင်ပါဘူး မဖြစ်ရလေအောင် သတိပြုပေးကြဖို့ကိုလည်း အလေးအနက်ထား တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

    ထို့အပြင် Covid 19 ကြောင့် သက်ရောက်လာမည့် စီးပွားရေးနှောင့်နှေးမှုကြီးတင်မကဘဲ ပထဝီနိုင်ငံရေးအရ အင်အားကြီး (နှစ်) ခု၏ အားပြိုင်မှုအကြား မိမိတို့နိုင်ငံကျရောက်နေရသည့်အနေအထားကို အားလုံးသိထားကြပြီးဖြစ်သည့်အတိုင်း ပဋိပက္ခများလွန်းနေသည့် မိမိတို့ပြည်ထောင်စုနိုင်ငံအတွက် စိုးရိမ်စရာအခြေအနေဖြစ်နေကြောင်း၊ ထို့ကြောင့် အမျိုးသားညီညွတ်ရေးကို အမြန်ဆုံးတည်ဆောက်ကြဖို့ဆိုချင်ပါကြောင်း စိုင်းညွန့်လွင်က မိန့်ခွန်းတွင် နိဂုံးချုပ်ပြောကြားခဲ့သည်။

    နေပြည်တော် MICC-2 ၌ ယနေ့စတင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင် စတုတ္တအစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စား ရှမ်းပြည်ပြန်လည်ထူထောင်ရေးဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များကိုယ်စား စိုင်းညွန့်လွင်တို့က မိန့်ခွန်းအသီးသီးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

    Photo- အကြီးအကဲပုဂ္ဂိုလ် ၂၃ ဦးတို့၏ အမှတ်တရဓါတ်ပုံ
    (Union Peace Conference – 21st Century Panglong)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks