spot_img
Sunday, February 1, 2026
More
    spot_img
    HomeCovid 19Covid 19 ကာလ မွန်ပြည်နယ်ငါးဖမ်းကွက်အထူးတင်ဒါ တတိယအကြိမ် ပိုက်ချက် ၄၀ ကျော်သာရောင်းရ

    Covid 19 ကာလ မွန်ပြည်နယ်ငါးဖမ်းကွက်အထူးတင်ဒါ တတိယအကြိမ် ပိုက်ချက် ၄၀ ကျော်သာရောင်းရ

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဩဂုတ် ၁၉)

    လက်ရှိ Covid 19 ကပ်ရောဂါကာလတွင် မွန်ပြည်နယ် ငါးလုပ်ငန်းရာသီ (၂၀၂၀- ၂၀၂၁) ခုနှစ် အထူးတင်ဒါငါးဖမ်းကွက်များ ယမန်နေ့ (သြဂုတ် ၁၈ ) တတိယအကြိမ် ပိုက်ချက် (၄၀)  ရောင်းရငွေကျပ်သိန်းပေါင်း (၂၂၀၀) သာ ရရှိထားကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးအရာရှိ ဦးအောင်တိုးက ပြောသည်။

    ငါးဖမ်းကွက် အထူးတင်ဒါရောင်းချမှုကို ဩဂုတ် ၁၁ ရက်၊ ၁၃ ရက်နှင့် ၁၈ ရက်နေ့များတွင် ရောင်းချထားပြီး မွန်ပြည်နယ် ရေချိုငါးဥပဒေအရ ဩဂုတ်တစ်လ အတွင်း တင်ဒါရောင်းချမှုကို (၅) ကြိမ် ပြုလုပ်သွားမည်ဖြစ်သည်။

    “ပထမအကြိမ်ရောင်းတယ် နည်းနည်းပဲ ရောင်းရတယ် ဒုတိယအကြိမ်ရောင်းတယ် နည်းနည်းလေးပဲ ရောင်းရတယ် ခုထိ ရောင်းပြီးတာက အချက် ၄၀ သိန်းပေါင်းကတော့ ၂၂၀၀ နီးပါး အရင်နှစ်နဲ့ ယှဉ်ရင်တော့ တော်တော်လေး နည်းသွားတာပေါ့” ဟု ဦးအောင်တိုးက ဆိုသည်။

    လက်ရှိဖြစ်ပေါ်နေသည့် COVID 19 ကြောင့် တရုတ်နိုင်ငံသို့ ငါးများ တင်ပို့မှုမရရှိသည့်အတွက်ဖြစ်သည်ဟု ၎င်းကဆိုသည်။

    “တင်ဒါကတော့ ဒီနေ့(ဩဂုတ်လ ၁၈ ရက်) ပါဆိုရင် သုံးကြိမ်ရှိသွားပြီ လေးကြိမ်မြောက် ငါးကြိမ်မြောက်ဆိုရင် ထိုက်သင့်တဲ့ ဈေးနှုန်း ပေးတာမျိုး ပေါ့နော် တင်ဒါပိုက်ချက်တွေ ရောင်းထွက်သွားမယ် ထင်ပါတယ် အရင်နှစ်က ဈေးမျိုးတို့ ပြီးခဲ့တဲ့နှစ်က ဈေးမျိုးတို့ တင်ဒါအရ ပြန်ရဖို့က မလွယ်ပါဘူး” ဟု မွန်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သက်ဌေးက ပြောသည်။

    လက်ရှိမှာ ပြည်ပသို့ တင်ပို့တာ မရှိဘဲ ပြည်တွင်းဈေးကွက်ကိုသာ ရောင်းချနေရတာကြောင့် ပြီးခဲ့သည့် နှစ်များက ဈေးနှုန်းများ အတိုင်း တင်ဒါရောင်းချမှု ရရှိနိုင်မည်မဟုတ်ကြောင်း ဦးအောင်သက်ဌေးက ယူဆသည်။

    မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရောနှင့် မုဒုံ မြို့နယ်များတွင် အထူးတင်ဒါ ပိုက်ချက် ၁၃၀ ကျော်ရှိပြီး ၂၀၁၉ ခုနှစ်က အထူးတင်ဒါ ပိုက်ချက် တတိယ အကြိမ် အထိရောင်းချမှုတွင် ပိုက်ချက် (၉၀) အတွက် ရောင်းရငွေ သိန်းပေါင်း (၆၀၀၀) ကျော် ရရှိထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks