spot_img
Monday, February 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတစ်ပတ်အတွင်း ငြိမ်းချမ်းရေး သုံးသပ်ချက်(၁)

    တစ်ပတ်အတွင်း ငြိမ်းချမ်းရေး သုံးသပ်ချက်(၁)

    -

    မွန်သတင်းအေဂျင်စီ (ဇူလိုင် ၁၇)

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေး လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပခဲ့သည်။

    အထူးသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ဆိုင်ရာ ဆောင်ရွက်ပေးရမည့် အစီအစဉ်၊ ဘဏ္ဍာရေးဆိုင်ရာ ကျခံဆောင်ရွက်ပေးမည့် အစီအစဉ်၊ အခမ်းအနားအစီအစဉ်၊ ဖွင့်ပွဲနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားအစီအစဉ်နှင့် Seating Plan, UPDJC , JMC နှင့် UPDJC အတွင်းရေးမှူးများ အဖွဲ့၏ အစည်းအဝေးများပြုလုပ်မှုနှင့် ကျွေးမွေးဧည့်ခံရေးဆိုင်ရာ Seating Plan၊ သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းဆိုင်ရာ၊ ရိုက်ကူးထုတ်လွှင့်မှု၊ Media များအား ဖိတ်ကြားရေး၊ တည်းခိုရေး၊ ကျွေးမွေးရေး၊ တတ်ရောက်သူအားလုံးနှင့် ဝန်ထမ်းများကိုလည်း ကျန်းမာရေးစစ်ဆေးမည့် အစီအစဉ်၊ လုံခြုံရေးဆိုင်ရာ အစီအစဉ်များအားလုံးကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

    သို့ရာတွင် လာမည့် ဩဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄ ရက်နေ့ (၂၁)ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လုပ်ငန်းစဉ်များအတိုင်း ကျင်းပခြင်း မဟုတ်သလို ကိုဗစ်ကာလနှင့် ရွေးကောက်ပွဲမတိုင်ခင်တွင် အဖြစ်သဘောလောက်သာ ကျင်းပနိုင်မည်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင် EAO နှင့် နိုင်ငံရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း လေ့လာတွေ့ရှိရသည်။  

    လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တပ်မတော်နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမှုများကို ၂၀၂၀ ပြည့်နှစ် အတွင်း ဆောင်ရွက်ရန် စိန်ခေါ်မှု များစွာ ရှိနေကြောင်း၊ “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ” ကို ၂၀၂၀ ပြည့်နှစ် အတွင်း ကျင်းပရန် လျာထားသော်လည်း ထိရောက်သည့် သဘောတူညီချက် ရရှိရေး အတွက် ကြိုတင် ပြင်ဆင် ညှိနှိုင်းရန် အချိန် လုံလောက်မှု မရရှိနိုင်သည့် အခြေအနေနှင့် ကြုံတွေ့ နေရကြောင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျု (Myanmar Institute for Peace and Security – MIPS) ဇူလိုင်လ အစီရင်ခံစာကလည်း သုံးသပ်ထားသည်။

    အဆိုပါ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် တက်ရောက်ရန်မသေချာကြောင်း ဇူလိုင်လ ၁၀-၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအပြီး ၎င်းက ပြောကြားခဲ့သည်။

    လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် တပ်မတော်၏ နယ်မြေရှင်းလင်းရေးစီမံချက်ကြောင့် RCSS/SSA နှင့် စစ်ရေးတင်းမာနေဆဲဖြစ်သည်။ 

    အလားတူ မွန်ညီညွတ်ရေးပါတီ MUP ကလည်း အဆိုပါ (၂၁)ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည်မဟုတ်ဘဲ ဗဟိုအလုပ်အမှုဆောင်ဝင်(သို့မဟုတ်) ဗဟိုကော်မတီဝင်များကိုသာ တက်ရောက်စေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

    တဖန် ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်း တပ်မတော်နှင့် KNU စစ်ရေးတင်းမာမှုရှိနေသည့်အတွက် ဒေသခံများ စားနပ်ရိက္ခာ အကြပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် လူဦးရေ ၂၀၀၀ ကျော်ရှိသည့် အီတူးထ ပြည်တွင်းစစ်ရှောင်စခန်း၌ COVID- 19 ကာလအတွင်း အသွားအလာကန့်သတ်မှုများကြောင့် ရိက္ခာပြတ်လပ်သည့် အခြေအနေနှင့် ပိုပြီး ရင်ဆိုင်ကြုံတွေ့နေကြရသည်။

    ထို့ပြင် မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်အခြေစိုက်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း နယ်စပ်ဒေသတလျှောက်တွင် တည်ငြိမ်အေးချမ်းမှုမရှိသေးကြောင်း၊ ဆယ်စုနှစ်တစ်ခုနီးပါးခန့် နယ်စပ်ဖြတ်ကျော်အကူအညီများ Cross Border Assistance အကူအညီကင်းမဲ့နေခြင်းနှင့် Peace & NCA လုပ်ငန်းအစီအစဉ်များတွင် နေရပ်ရင်းပြန်လာရေးကိစ္စ မပါဝင်ခြင်းတို့ကြောင့် နယ်စပ်ဒေသရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းအခြေချသူများ အိမ်ပြန်နိုင်ရေး သောင်မတင် ရေမကျဖြစ်နေပြီး စားဝတ်နေရေးပြဿနာများနှင့် ဆက်လက်ကြုံတွေ့နေရကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Hurfom ၏ အစီရင်ခံစာက သုံးသပ်ဖော်ပြသည်။

    ထို့အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ရှောင်ဦးရေ နှစ်သိန်း (၂၀၀,၀၀၀) နီးပါးရှိကြောင်း မကြာသေးမီက ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC သတင်းထုတ်ပြန်ခဲ့သည်။

    ၂၀၁၈ ခုနှစ်ကုန်ခန့်က စတင်ခဲ့သည့် AA နှင့် တပ်မတော်တို့ တိုက်ပွဲအကြား လက်ရှိအချိန်အထိ အရပ်သား ၁၉၄ ယောက်သေဆုံးခဲ့ပြီး ၎င်းအနက် ၂၀ ရာခိုင်နှုန်းသည် တပ်မတော်ဖမ်းဆီးထိန်းသိမ်ခံရပြီးနောက် သေဆုံးခဲ့ရသူများဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC မှ သိရသည်။

    ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုရှိ မြို့နယ်ပေါင်း ၅၀ ၌ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အရပ်သား အနည်းဆုံး ၁၅၁ ဦး သေဆုံးပြီး ၃၈၄ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း MIPS အစီရင်ခံစာက ဖော်ပြထားသည်။

    ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခအနည်းဆုံး ၁၀၈၃ ကြိမ် ဖြစ်ပွားခဲ့ရာတွင် တပ်မတော်သားနှင့် တိုင်းရင်းသား လက်နက်ကိုင် EAOs အဖွဲ့ဝင် နှစ်ဖက်ပေါင်း အနည်းဆုံး ၉၃၄ ဦးမှ အများဆုံး ၁၇၁၁ ဦးအထိ အသက်ဆုံးရှုံးမှုရှိနိုင်ကြောင်း MIPS က ခန့်မှန်း သုံးသပ်ထားသည်။

    Photo-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေး လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေး (NRPC)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks