spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အစိုးရအဖွဲ့ လွှတ်တော်တွင် ဖြေကြားထားသည့်အတိုင်း မိန်ဗလာတောင်ကို မူလအတိုင်းထားရှိပေးရန်လိုလား

    မွန်ပြည်နယ်အစိုးရအဖွဲ့ လွှတ်တော်တွင် ဖြေကြားထားသည့်အတိုင်း မိန်ဗလာတောင်ကို မူလအတိုင်းထားရှိပေးရန်လိုလား

    -

    ရန်လင်းအောင် (သံဖြူဇရပ် ၊ ဇွန် ၂၁)

    မွန်ပြည်နယ်အစိုးရ အဖွဲ့ အနေဖြင့် မွန်ပြည်နယ် လွှတ်တော်တွင် ဖြေကြားထားသည့် အတိုင်း မိန်ဗလာတောင် စမ်းသပ်တူးဖော်မှုတွင် ရလဒ်ကောင်းများ မထွက်သည့် အတွက် မူလအတိုင်း မြေဖို့ ထားရှိပေးရန် လိုလားသည်ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

    “ကနေဦး လေ့လာဆန်းစစ်ချက် အဖြေကောင်းမပေါ်ရင် မူလ အနေအထားတိုင်း ထားရှိမယ် ဆိုပြီးတော့ လွှတ်တော်မှာ ဖြေထားတဲ့ အတိုင်း တကယ်တမ်း လက်တွေ့မှာ မဖြစ်လာဘူး၊ ဆိုတော့ ဒီအတိုင်း ဒီချိုင့်တွေ ဒီခွက်တွေ ဒီအတိုင်းရှိနေတယ် ကျွန်တော်တို့ ရောက်သွားတော့ တစ်ချို့နေရာမှာ မြေပြိုမှာတောင် စိတ်ပူရတယ် ဒီအတိုင်း ဆက်ထားရင်တော့ အန္တရာယ်တော့ ဆက်ရှိမှာပဲ တာဝန်ယူမှု တာဝန်ခံမှုအရ အစိုးရမှာတော့ လုံးဝရှိတယ်လို့ပဲ ကျွန်တော်ယူဆတယ်” ဟု ၎င်းကဆိုသည်။

    Royal Eagle Myanmar Development Group Co., Ltd အား မိန်ဗလာတောင် ကနဦးစူးစမ်းလေ့လာခွင့်ကို ပိတ်သိမ်းရန်၊ မြေပြင်တွင် ဆောင်ရွက်ထားရှိမှုများအား မူလအတိုင်းဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအတွက် သစ်ပင်များပြန်လည်စိုက်ပျိုးသွားရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်းကြားထားပြီးဖြစ်ပါကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ကျင်းပသည့် ၁၅ ကြိမ်မြောက်မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး၌ မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် မိန်ဗလာတောင်စစ်ကျန်ပစ္စည်း စမ်းသပ်တူးဖော်ခဲ့သည့် နေရာ၌ မူလအတိုင်းမြေဖို့ထားခြင်း မရှိသည့်အတွက် ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဘုန်းတော်ကြီးကျောင်းမှ ကပ္ပိယအမျိုးသမီးကြီးတစ်ဦးနှင့် မွန်စာပေလာရောက်သင်ကြားနေသော ကျောင်းသူမိန်းခလေး ၃ ဦးတို့သည် ရေနစ်သေဆုံးခဲ့ရသည်။

    ရေနစ် သေဆုံးရာတွင် ကူညီဆယ်ယူခဲ့သည့် သံဖြူဇရပ်မြို့နယ် ပိုင်ရှင်မဲ့ လူမှုကူညီရေး အသင်း ဒုတိယ ဥက္ကဋ္ဌ ကိုထွန်းထွန်းက “ဆယ်ဖို့ လုပ်ကြမယ် ဆိုတော့ ဆင်းတော့ အုပ်ချုပ်ရေးမှူးက ကျွန်တော်ကို တားတယ် ကိုထွန်းတဲ့ မဆင်းနဲ့တဲ့ အဲ့ဒီမှာ ၂၁ တောင်လောက်ရှိတဲ့ ဘတ်ဟိုးနဲ့ နှိုက်ထားတာတဲ့ တွင်းကြီး တွေတဲ့ ကိုကလည်း နည်းနည်းလန့်သွားတယ် ပေါ့နော် အဲ့ဒီ ကြိုးကို တစ်ယောက်သွားယူနေတယ် လက်ကို တစ်ယောက်တစ်ဆင့်နဲ့ ဆင်းသွားရတယ်” ဟု ပြောသည်။

    ထိုအတူ အန္တရာယ်ရှိသည့် တွင်းကြီး ရှိနေသည့် အတွက်  တွင်းများကို မြေဖို့ ပေးရန် ဒေသခံများကလည်း လိုလားနေကြသည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် ဂျပန် စစ်လက်ကျန်ပစ္စည်း ရှာဖွေဖော်ထုတ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဖြင့် ရှာဖွေမှုများ ပြုလုပ်သော်လည်း ထူးခြားမှုမရှိခဲ့သည့်အတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ရပ်ဆိုင်းခဲ့ရသည်။

    ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်စခန်းဖြစ်ခဲ့သော မိန်ဗလာတောင်တွင် ဂျပန်စစ်လက်နက်များ၊ ရွှေချောင်းနှင့် အဖိုးတန် ပတ္တမြား၊ စိန်၊ ရွှေရတနာပစ္စည်းများ ဂျပန်တို့မြှပ်နှံထားသည်ဟု ယူဆနေသူများက ၂၀၁၈ ခုနှစ် ဧပြီလမှစတင်၍ ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် စမ်းသပ်တူးဖော်မှုများ ပြုလုပ်ခဲ့သည်။

    Photo- ၁၅ ကြိမ်မြောက်မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မွန်စည်ပင်သာယာရေးဝန်ကြီး
    (ညာဘက်ပုဂ္ဂိုလ်) ဖြေကြားခဲ့စဉ်- (မွန်လွှတ်တော်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks