spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဓနိကြာစံပြရွာတည်ဆောက်ရေး ဒေသခံများ သွားရောက်ကန့်ကွက်ရာတွင် မြန်မာရွှေဧကရာဇ်ကုမ္ပဏီတာဝန်ရှိသူများ အခြားနေရာသို့တိမ်းရှောင်

    ဓနိကြာစံပြရွာတည်ဆောက်ရေး ဒေသခံများ သွားရောက်ကန့်ကွက်ရာတွင် မြန်မာရွှေဧကရာဇ်ကုမ္ပဏီတာဝန်ရှိသူများ အခြားနေရာသို့တိမ်းရှောင်

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၂၁)

    မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း မကျီးကျေးရွာအုပ်စုတွင် အငြင်းပွားနေကြသော ဓနိကြာစံပြရွာတည်ဆောက်ရေးသို့ ယမန်နေ့(ဇွန် ၂၀ ရက်) နံနက်ပိုင်းက  ဒေသခံများစုဝေး၍ သွားရောက်ကန့်ကွက်ရာတွင် ခေတ္တရောက်ရှိလာသည့် မြန်မာရွှေဧကရာဇ်ကုမ္ပဏီတာဝန်ရှိသူများ မျက်နှာခြင်းဆိုင် ဖြေရှင်းခြင်းမပြုဘဲ အခြားနေရာသို့ တိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။

    ရန်ကုန်အခြေစိုက် Mainstream ပင်မမီဒီယာတိုက်များမှ သတင်းထောက်အချို့ကို မြန်မာရွှေဧကရာဇ်ကုမ္ပဏီက ဓနိကြာစံပြရွာသို့ ဘိတ်ခေါ်လာ၍ တောင်ပြိုမှုဘေးအန္တရယ်မှ လွတ်ကင်းနိုင်ရန် ယာယီရွှေ့ပြောင်းထားသော ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို သတင်းရိုက်ကူးနေစဉ် ကန့်ကွက်သူဒေသခံများစုရုံးရောက်ရှိလာသဖြင့် ကုမ္ပဏီတာဝန်ရှိသူများက သတင်းထောက်များနှင့်အတူ နေရာပြောင်းရွှေ့တိမ်းရှောင်လိုက်ရသည်ဟု သိရသည်။

    ဓနိကြာအတွင်းရွာ ဆရာတော် ဘဒ္ဒန္တ စန္ဒသာရက “အခုကိစ္စကို ပွင့်လင်းမြင်သာမှုရှိစေဖို့ ကုမ္ပဏီမန်နေဂျာဖြစ်ဖြစ် တွေ့ချင်လို့ ဒီနေရာမှာလာစောင့်နေတာပါ၊ ဘိုးဘွားအဆက်ဆက်က ဒီရွာကိုစတည်ခဲ့တာ အနှစ် ၁၅၀ ပြည့်လာပါပြီ ၃-၄ အိမ်နဲ့လယ်ယာခြံမြေလုပ်ပြီးနေခဲ့ကြတာ၊ ဒီနေရာမှာ ကျွဲနွားတွေကျောင်းဖို့ ထင်းတွေခုတ်ဖို့၊ မှိုတွေ ဟင်းချက်စရာအပင်တွေခူးဖို့ အများနဲ့ဆိုင်တဲ့နေရာလို့ ရွာသားတွေအဆက်ဆက်က ထိန်းသိမ်းပြီးနေလာခဲ့တာပါ၊ သီဟိုပင်တွေကျူးကျော်စိုက်ထားတဲ့လူတွေက သူ့အပိုင်မြေဆိုပြီး ကုမ္ပဏီနဲ့အရောင်းအဝယ်လုပ်ခဲ့ကြတယ်၊ အများနဲ့ဆိုင်တဲ့မြေဖြစ်တဲ့အတွက် ဒါကိုရွာသားတွေ လက်မခံနိုင်ဘူး” ဟု မိန့်ဆိုသည်။

    ဓနိကြာအပြင်ရွာနှင့် အတွင်းရွာအကြားတွင် ရန်ကုန်အခြေစိုက် မြန်မာရွှေဧကရာဇ်ကုမ္ပဏီက ဓနိကြာစံပြရွာအဖြစ်သတ်မှတ်ယူ၍ လက်ရှိတဲနေအိမ်အချို့တည်ဆောက်ပေးသည့်နေရာသည် အများပိုင်စားကျက်မြေနေရာဖြစ်နေသည့်အတွက် ရွာသားများလက်မခံကြောင်း၊ မကျီးကျေးရွာအုပ်စုတွင် မြန်မာရွှေဧကရာဇ်ကုမ္ပဏီ ကျောက်ထုတ်လုပ်ငန်းစတင်ဆောင်ရွက်မည့်ကိစ္စကို အစပိုင်းတွင် ဆရာတော်အနေဖြင့်လက်ခံကြိုဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဒေသခံတို့၏ ဥယာဉ်ခြံနှင့်လယ်ယာမြေများကို လက်သိပ်ထိုး၍ ဝယ်ယူနေခြင်းပေါ် လက်မခံနိုင်ဖြစ်ခဲ့ကြောင်း သိရသည်။

    ယင်းသို့ စံပြရွာအသစ်တည်ဆောက်ရန် မြန်မာရွှေဧကရာဇ်ကုမ္ပဏီမှ နေပြည်တော်သို့လျှောက်ထားဆဲဖြစ်သော်လည်း ခွင့်ပြုမိန့်မရဘဲ မြေနေရာများကို မြေတူးစက်များဖြင့် ဆောင်ရွက်နေသည့်အပေါ် သက်ဆိုင်ရာအစိုးရဌာနအဆင့်ဆင့်သို့ ရွာသား ၉၄ ဦး စုပေါင်းလက်မှတ်ရေးထိုး၍ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။  

    ဓနိကြာကျေးရွာဥက္ကဌဟောင်းဖြစ်ခဲ့သူ နိုင်ဟတွဲက “ကျနော့်အဖေ ဦးထွန်းဇင် ဒီရွာမှာသူကြီးလုပ်ခဲ့တာ အနှစ် ၄၀ လောက်ရှိပါတယ်၊ သူကွယ်လွန်ပြီး နောက်ပိုင်း ကျနော်လည်း ဆက်လုပ်ပါတယ်၊ ဒီနေရာက အများပိုင်မြေပါ၊ ရွာသားတွေလိုအပ်တဲ့ သစ်ဝါးတွေ ခုတ်တဲ့စာကျက်မြေနေရာပါ၊ အခုလို ရွာအသစ်တည်ဆောက်ဖို့လည်းမလိုဘူး၊ ရွာအသစ်တည်ဆောက်ဖို့ ဘယ်သူမှလည်း မထောက်ခံဘူး အဲဒါကြောင့် ဒီနေ့ကုမ္ပဏီနဲ့ တွေ့ဖို့လာကြတာ” ဟု ပြောသည်။  

    ယင်းသို့ မွန်တိုင်းရင်းသားဝတ်စုံအနီ စုံညီဝတ်ဆင်ထားသော ရွာသူရွာသားများ စုရုံးရောက်ရှိလာကြသည်ကို အဝေးမှလှမ်းမြင်လိုက်ရသည့်အချိန်တွင် ရန်ကုန် Mainstream မီဒီယာသတင်းထောက်များအား ကုမ္ပဏီတာဝန်ရှိပုဂ္ဂိုလ်များက ဓနိကြာကမ်းခြေဘက်သို့ ချက်ချင်းနေရာပြောင်းရွှေ့ခေါ်ဆောင်သွားခဲ့ကြောင်း ကုမ္ပဏီနှင့် အတူလိုက်ပါခဲ့သည့်သတင်းထောက်တစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    ၎င်းက “ဆရာတော်နဲ့ ကန့်ကွက်တဲ့ရွာသားတွေ ရောက်လာတာလှမ်းမြင်လိုက်တယ်ဆိုရင်ပဲ ကမ်းခြေဘက်ဆီ ကျနော်တို့ကို ခေါ်ထုတ်သွားတယ်၊ အဲဒီဖြစ်စဉ်တွေကို ဘာမှလည်း မမေးဖြစ်လိုက်ပါဘူ့း၊ ဘာမှလည်းမဗျူးဖြစ်ပါဘူး၊ ကမ်းခြေကနေ မနှစ်ကတောင်ပြိုထားတဲ့နေရာကို TV လိုက်ရိုက်တယ်၊ ပြီးတော့ ရေးမြို့ဘက်ကို ပြန်လာကြတယ်” ဟု ဆိုသည်။

    ဓနိကြာအပြင်ရွာအနီးရှိ ဗလဲ့ခပွားတောင်တွင် မြန်မာရွှေဧကရာဇ်ကုမ္ပဏီမှ လမ်းခင်းကျောက်နှင့် အလှဆင်ကျောက်အမျိုးမျိုးထုတ်လုပ်ရန် စီစဉ်ထားပြီး တောင်များဖြိုချသည့်အခါ မလွတ်ကင်းသည့်လူနေအိမ်များကို ရွှေ့ပြောင်းရန် လိုအပ်လာသည်ဟု သိရသည်။

    အဆိုပါ ဓနိကြာစံပြရွာတည်ဆောက်သည့်နေရာသည် မွန်ပြည်နယ်တောင်ပိုင်း ယခင်ခေါဇာမြို့နယ်ခွဲတဝိုက် မိထောလှာကြီးရွာမှ မကျီးကျေးရွာ၊ ဓနိကြာနှင့် မွန်ပြည်နယ်တောင်ပိုင်း နယ်စပ်အဆုံးထိမှာ မွန်ပြည်နယ်အစိုးရ သတ်မှတ်ထားသည့် သဘာဝအခြေခံခရီးသွားလုပ်ငန်းဇုန် Eco-Tourism Zone ဧရိယာအတွင်း အကြုံးဝင်နေသည်။

    ဓါတ်ပုံ-ဓနိကြာစံပြရွာတည်ဆောက်မည့်ကုမ္ပဏီကို ကန့်ကွက်ရန် ရောက်ရှိလာသည့်ရွာသားများ (Aung Naing Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks