spot_img
Thursday, February 12, 2026
More
    spot_img
    Homeဆောင်းပါးမိန်ဗလာတောင်မှာ ကြွေလွှင့်ခဲ့သော အသက်များ

    မိန်ဗလာတောင်မှာ ကြွေလွှင့်ခဲ့သော အသက်များ

    -

    ဗညားအောင် (ဇွန် ၁၉-၂၀၂၀)

    ဒဏ္ဍာရီဆန်သော သံဖြူဇရပ်မြို့ မိန်ဗလာတောင်နှင့်ပတ်သက်၍ ဒေသခံများ စိုးရိမ်နေသည့်ကြားကပင် ဇွန်လ ၁၇ ရက် ညနေပိုင်းက လေးလောင်ပြိုင် ရေနစ်သေဆုံးမှုကို ရင်နင့်စရာ အဖြစ်အပျက် တစ်ခုအနေဖြင့် စွဲကျန်ရစ်နေသည်။

    ထိုရင်နင့်စရာ အဖြစ်အပျက်ကတော့ ဘုန်းတော်ကြီးကျောင်းနှင့် မလှမ်းမကမ်းတွင် ရေကန်အသစ် ဖြစ်ပေါ် လာသည့်နေရာသို့ ၁၁-၁၂ အရွယ်ကျောင်းသူ သုံးဦးသည် ကိုယ်လက်သန့်စင်ရန် သွားရောက်ကြရာ ကလေး ငယ်များကို စိတ်မချ၍ ကပ္ပိယအဖွားအို တစ်ဦးလည်းမှာ နောက်က လိုက်သွားခဲ့သည်။

    သို့သော် လေးဦးစလုံးသည် ကံအကြောင်းမလှဘဲ အသက်များ ဆုံးရှုံးသွားခဲ့ရသည်။

    မိန်ဗလာတောင်မှာ ဂျပန်ခေတ် စစ်ကျန်ပစ္စည်း စမ်းသပ်တူးဖော်ခွင့်ရသည့် ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့် နှစ်ဆန်းပိုင်းတွင် စီမံကိန်း ရပ်နားလိုက်ရပြီးနောက် ဘက်ဟိုး မြေတူးစက်ကြီးများဖြင့် တူးဖော်ထားသည့် တွင်းနေရာများကို မူလအတိုင်း ပြန်မဖုံးခဲ့ပေ။

    အဆိုပါ အကျိုးသက်ရောက်မှု၏ နောက်ဆက်တွဲအဖြစ် ၁၀ နှစ်ကျော်အရွယ် ကျောင်းသူလေး သုံးဦးနှင့် ကပ္ပိယ အဖွားအို တစ်ဦးတို့ ရေနစ်ကာ သေဆုံးခဲ့ကြရသော အဖြစ်အပျက် ပေါ်ပေါက်ခဲ့ရသည်။

    တူးဖော်ထားသည့် တွင်းနေရာများကို မူလအတိုင်း ပြန်ဖြစ်အောင် မွန်ပြည်နယ်အစိုးရက ၎င်းတို့ ခွင့်ပြုချက် ပေးထားခဲ့သော ဒေသအခေါ်-စစ်ကျန်သိုက်တူးကုမ္ပဏီအား အကြောင်းကြား ထားပြီဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမင်းကျော်လွင်က အတိအလင်း ပြောခဲ့သေးသည်။

    Photo–ရေနစ်မြုပ်ခဲ့သော နေရာ (Nay Min)

    ဤကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်တွင် အမြဲလိုလို ဝေဖန်ထောက်ပြလေ့ရှိသူ ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာအောင်နိုင်ဦးက မေးခွန်း မေးမြန်းခဲ့ရာမှာ အဆိုပါဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။ 

    ဝန်ကြီး ဦးမင်းကျော်လွင်က “အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၁၈)၊ ဆုံဖြတ်ချက် အပိုဒ် (၂၆)အရ Royal Eagle Myanmar Development Group Co., Ltd အား ခွင့်ပြုခဲ့သည် ကနဦး စူးစမ်းလေ့လာခွင့်ကို ပိတ်သိမ်းရန်၊ မြေပြင်တွင် ဆောင်ရွက် ထားရှိမှုများအား မူလအတိုင်းဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုအတွက် သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားရန် သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း” ဟုလည်း လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းကို ဤသို့ ပြန်လည် ဖြေဆိုထားသည်။

    မွန်ပြည်နယ်အစိုးရ၏ ဆောင်ရွက်မှု အားနည်းချက်ကြောင့် ကလေးငယ် သုံးဦးနှင့်အဖွားအို တစ်ဦးတို့ အသက် ဆုံးရှုံးသွားသည့်အပေါ် မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက စိတ်မကောင်းစွာဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။

    “လွှတ်တော်မှာ ဖြေကြားခဲ့တဲ့အတိုင်း အတိအကျ ဆောင်ရွက်ခဲ့ရင် ကိုယ့်မွန်လူမျိုး လေးဦးရဲ့အသက် သေစရာ အကြောင်းမရှိဘူး” ဟု သူက ဆိုသည်။

    ဒုတိယကမ္ဘာစစ်အတွင်းက မြေအောက်လှိုင်ခေါင်း ဂျပန်စစ် စခန်းအဖြစ် ရှိခဲ့သော မိန်ဗလာတောင်ကို စတင် တူးဖော်နေစဉ်တွင်  မြေမြှုပ်မိုင်းများ ပေါက်ကွဲမည့် အရေးနှင့် တောင်ပြိုနိုင်သည့် ကိစ္စများကို အနီးအနား တဝိုက်ရှိ ဒူးရင်း၊ ရာဘာခြံစိုက်ထားသည့် ဒေသခံများ တွေးကြောက်နေခဲ့ကြရသေးသည်။  

    ထို့အတူ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း မိန်ဗလာတောင်ရှိ ဂျပန်စစ်ကျန်ပစ္စည်းများ မတွေ့ရှိပါက လက်ရှိ တူးဖော်သည့် နေရာကို မူလအနေအထားအတိုင်း ပြုလုပ်ပေးရမည် ဖြစ်ကြောင်း၊ တားမြစ်နေရာ သတ်မှတ်ထားပြီး စက်ယန္တရားများဖြင့် တူးဖော်နေမှုအပေါ် ဒေသခံများအနေဖြင့် မိုင်းပေါက် ကွဲမည်ကို စိုးရိမ်စရာ အခြေအနေ မရှိကြောင်း၊ ပြည်သူများ စိုးရိမ်ရသည့် အလုပ်ကိုလည်း ပြုလုပ်မည် မဟုတ်ကြောင်း ၂၀၁၈ ခုနှစ်၊ မေလအတွင်းတုန်းက မွန်ပြည်နယ်ရှိ သတင်းထောက်များကို ပြောထားဖူးသည်။

    ဝန်ကြီးချုပ်က “Feasibility Study (ကနဦး စူးစမ်းလေ့လာခွင့်)ကို အလွန်ဆုံး ၃ လပဲ၊ ၃ လပြည့်တာနဲ့ သူတို့ ရပ်ရမယ်၊ ဒီပစ္စည်းတွေ အကုန်လုံးကို သူတို့စမ်းသပ်တာ ဘာမှ မတွေ့ဘူးဆိုရင် နဂိုအတိုင်း ပြန်လုပ်၊ သစ်ပင် တွေ ပြန်စိုက်ရမယ်” ဟု ပြောသည်။

    လက်ရှိတွင် ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ်အစိုးရ ဝန်ကြီးတို့ ပြောစကားများသည် စကားအဖြစ်သာ ကျန်ရစ်ခဲ့ပြီး ၁၀ နှစ်အရွယ် ကျောင်းသူလေး သုံးဦးနှင့်အဖွားအို တစ်ဦးတို့ကမူ အသက်များ ဆုံးရှုံးသွားခဲ့ရရှာပေပြီ။

    အလောင်းများကို ဆယ်ယူခဲ့သည့် သံဖြူဇရပ်မြို့နယ် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဒုဥက္ကဋ္ဌ ကိုထွန်းထွန်းက သူ၏ အလောင်းဆယ်ယူရာမှာ တွေ့ကြုံခဲ့ရသော အခြေအနေကို အောက်ပါအတိုင်း ပြန်ပြောပြသည်။

    “ကျနော်ကြည့်လိုက်တော့ ဟာ ရေနစ်သေတာပဲ ရက်စက်လိုက်တာ ဘယ်လို တောင်ခံစားရမှာလည်း မသိဘူး၊ ကဲ- ဆယ်ဖို့ ကျနော်ဆင်းရော အောင်ကုသိုလ် အုပ်ချုပ်ရေးမှူးက ကျနော့်ကို အပေါ်ကနေ တားတယ် ကိုထွန်း မဆင်းနဲ့၊ အဲမှာ ၂၁ တောင်လောက် နက်တဲ့ ဘက်ဟိုးနဲ့ လှမ်းနှိုက်တူးထားတဲ့ တွင်းတွေ။ အဲတော့ ကိုယ်လည်း လန့်သွားတယ်” ဟု ၎င်းက ဆိုသည်။

    အဆိုပါ သေမှုသေခင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သံဖြူဇရပ်မြို့ ရဲတပ်ဖွဲ့၏ အစီရင်ခံစာတွင် မိန်ဗလာတောင်အနီး Myanmar Eagle Co;Ltd. မှ တူးဖော်ထားရှိသော  “ရေတွင်းပျက်အတွင်း” ၌ သေဆုံးလျှက် တွေ့ရှိရကြောင်း ဖော်ပြချက်အပေါ်မှာ ဝေဖန်မှုများလည်းရှိ နေကြသည်။

    ယခု မိန်ဗလာတောင် ဖြစ်စဉ်သည် ဒဏ္ဍာရီများမှလာသော ကျိန်စာကြောင့် မဟုတ်ဘဲ လူသားတို့၏ တာဝန် မကျေပွန်မှုကြောင့် ဘာမှ မသိနားမလည်သေးသော ၁၀ နှစ်အရွယ် ကျောင်းသူလေး သုံးဦးနှင့် အဖွားအို တစ်ဦးတို့၏ အသက်များ ဆုံးရှုံးခဲ့ရ ရှာလေသည်။

    ဤ အဖြစ်အပျက်အပေါ် ပြည်နယ်အစိုးရမှ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိဖြင့် ဖြေရှင်းရန် လိုအပ်မည်။ ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုပ်ငန်းခွင် ပေါ့ဆသော တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်ရန် လိုအပ်ပါ သည်။

    ထို့ကြောင့် ပြည်သူ့အစိုးရ၊ အရပ်သားအစိုးရဆိုသော ကြွေးကြော်သံများနှင့်အညီ ပြည်သူ့အစိုးရ တာဝန် အတိုင်း ပြည်သူနစ်နာမှုများနှင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်ပါစေ။

    Photo- ရေနစ်သေဆုံးသူများ အသုဘအခမ်းအနား (Wonsa Mon)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks