ဗညားမွန်
ယနေ့ကမ္ဘာ့ကြီးသည် မမျှော်လင့်သည့်ခြိမ်းခြောက်မှုတစ်ခုအဖြစ် (COVID-၁၉) ကပ်ရောဂါကို ရင်ဆိုင်တိုက်ခိုက်နေရသည်။ တရုတ်ပြည်ဝူဟန်ပြည်နယ်မှ စတင်ဖြစ်ပွားသော ဤရောဂါသည် ယခုအခါ နိုင်ငံနှင့်ဒေသ၂၁၆ ခုတို့တွင် လူ ၇ သန်း ကျော်ကူးစက်ခံရပြီး လူ ၄ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအစိုးရများသည် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်တိုက်ဖျက်နိုင်ရေးနှင့်ရောဂါကြောင့် ထိခိုက်သွားသည့် စီးပွားရေးများ ပြန်လည်ဦးမော့လာစေရေးအတွက် ကိုဗစ်ရောဂါကြောင့် ထိခိုက်နစ်နာသည့် ဟောတယ်များနှင့်ခရီးသွားလုပ်ငန်းများအပေါ် မှီခို နေရသည့်ကုမ္ပဏီများအား ချေးငွေများထုတ်ပေးခြင်း၊ အလုပ်သမားများ အလုပ်ဆုံးရှုံးမှုများမှ ကာကွယ်နိုင်စေရန် ဧရာမအခြေခံ အဆောက်အဦးစီမံကိန်းသစ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖန်တီးပေးခြင်း၊ ကိုဗစ်ရောဂါကြောင့် ကုမ္ပဏီများ နှင့်ချေးငှားသူများက ချေးငွေများပြန်မဆပ်နိုင်ခြင်းကြောင့် ထိခိုက်ခံရသော ပုဂ္ဂလိကဘဏ်များ ဆက်လက်လည်ပတ်နိုင်ရန် ပံ့ပိုး ပေးခြင်းဖြင့် ဘဏ်များရှိ သာမန်ပြည်သူများ၏စုဆောင်းငွေများကို အကာအကွယ်ပေးပြီး ချေးငွေအသစ်များ ထုတ်ချေးနိုင်သည့်အခြေအနေကို ဖန်တီးပေးပါသည်။
သို့ရာတွင် ဒီမိုကရေစီအသားကျသည့်နိုင်ငံများကပင်လျင် အဆိုပါ “ကိုဗစ်စီးပွားရေးကုစားမှုအစီအစဉ်များ” အပေါ် နိုင်ငံရေးအရ ငြင်းခုန်မှုများ ရှိနေသည်။ ယင်းမှာ မျှတမှုနှင့်ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့်အခက်အခဲဖြစ်နေသူမျာထံ အကူအညီ တိုက်ရိုက်ရောက်ရှိရန်၊ လူထုများကို အလုပ်အများဆုံးပေးထားသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများထံ အထောက်အပံ့ အမှန်တကယ် ရောက်ရှိစေရန်နှင့် ဘဏ္ဍာရေးတောင့်တင်းခိုင်မာပြီး ထိုအကူအညီများမလိုအပ်သော ဧရာမကုမ္ပဏီများသို့ မရောက်ရှိစေရန် ဖြစ်သည်။ ဥပမာ- အမေရိကန်ပြည်ထောင်စု၏ ကိုဗစ်အကူအညီပေးမှုများသည် “တရားမဝင်နှင့်အထောက်အထားမရှိသော အခွန်ထမ်းအလုပ်သမားများကို ဖယ်ထုတ်ထားမည်ကို စိုးရိမ်ကြသည်။ ယင်းတွင် လုံလောက်သော ပြည်သူလူထု၏ကြီးကြပ်မှုမရှိခြင်းကြောင့် ဧရာမကုမ္ပဏီကြီးများအား လူထုဘဏ္ဍာအကူအညီ ဒေါ်လာဘီလီယံ များစွာ ပေးခဲ့သည်။” ဒီမိုကရေစီရှိပြီး ပွင့်လင်းမြင် သာသော အုပ်ချုပ်ရေးစနစ်ရှိသည့်နိုင်ငံများတွင်ပင်လျှင် ကိုဗစ်စီးပွားရေးအကူအညီများကို အမှန်တကယ်လိုအပ်သော ပြည်သူ များထံရောက်ရှိစေရန်နှင့်ချမ်းသာကြွယ်ဝသူများ၏ပုဂ္ဂလိကအကျိုးစီးပွားအတွက် အခွင့်အလမ်းဖြစ်မသွားစေရန် အကြီးအကျယ် ဆွေးနွေးငြင်းခုန်ကြရသည်။
မြန်မာနိုင်ငံ၏ စီပွားရေးထိခိုက်မှုသက်သာရေးကုစားမှုစီမံချက်(CERP)
မြန်မာနိုင်ငံအစိုးရသည် ကိုဗစ်ရောဂါကို ကာကွယ်ထိန်းချုပ်တိုက်ဖျက်နိုင်ရေးအတွက် (COVID-၁၉)ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၊ကိုဗစ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့်စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်ပြီး အခြားနိုင်ငံများကဲ့သို့ပင်(COVID-၁၉) စီပွားရေးထိခိုက်မှုသက်သာရေးကုစားမှု စီမံချက် (CERP) ကို ကြေညာခဲ့ပါသည်။
CERP တွင် ရည်မှန်းချက်ပန်းတိုင် ၇ ခု မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်းအစီအစဉ် ၃၆ ခုနှင့် ဆောင်ရွက်မှု ၇၆ ခု ပါဝင်သည်။ ၎င်းအစီအစဉ်တွင်အသေးစားမက်ခရိုစီးပွားရေး၊ ရင်းနှီးမြှပ်နှံမှု၊ကုန်သွယ်မှုနှင့်ဘဏ်လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက် ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်မှုဖြေလျှော့ပေးခြင်း၊ အလုပ်သမားများနှင့် အိမ်ထောင်စုများသက်ရောက်မှု လျှော့ပါး စေခြင်း၊ ကျန်းမာရေးစနစ်ပိုမိုအားကောင်းခိုင်မာလာရေးနှင့် ကိုဗစ်ရောဂါကြောင့်ထိခိုက်သည့်လုပ်ငန်းများ ငွေကြေးပံ့ပိုးမှုတို့ ပါဝင်သည်။
ယင်းသည်ပုဂ္ဂလိကဘဏ်များ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ စွမ်းအင်နှင့်အခြေခံအဆောက်အဦးစီမံကိန်းများ လုပ်ဆောင်နေသော ကုမ္ပဏီများပံ့ပိုးခြင်း၊ အသေးစားအလတ်စား စီးပွားရေးပြန်လည်လည်ပတ်စေနိုင်ခြင်း၊ ကျမ်းမာရေးစောင့်ရှောက်မှုစနစ်မြှတင်ခြင်းတို့တွင် စီးပွားရေးကုစားမှုရံပုံငွေများဖြင့် ကူညီရန် ဖြစ်သည်။ CERP အစီအစဉ်တစ်ခုလုံးအတွက် နိုင်ငံတကာမှ ဒေါ်လာသန်း ၂ ဘီလီယံ ချေးငှားရန် မျှော်မှန်းထားပြီး စီမံ/ဘဏ္ဍာ ဒုဝန်ကြီးအဆိုအရ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံခန့်ရှိသည့် နိုင်ငံ GDP ၅ ရာခိုင်နှုန်းအထိ အသုံးပြုနိုင်ပါသည်။
မြန်မာ CERP အပေါ် စိုးရိမ်ချက်များ။
ဤသို့ ချေးငွေများအမြောက်အမြားနှင့် CERP လုပ်ငန်းအစီအစဉ်အသေးအစိတ် ရှင်းရှင်းလင်းလင်းမရှိသည့်အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လာပါသည်။ CERP စီမံချက်နှင့်ပတ်သက်ပြီး လွတ်တော်တွင် ရှင်းလင်းပေးရန် လွတ်တော်ကိုယ်စားလှယ်များ တင်ပြ တောင်းဆိုလာပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ချေးငွေနှင့်ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ကြောင်း လေ့လာသူနဲ့လွှတ် တော်ကိုယ်စားလှယ်တွေက ထောက်ပြကြပါသည်။
CERP အစီအစဉ်တွင် ပုဂ္ဂလိကကဏ္ဍအပေါ်သက်ရောက်မှုနည်းပါးစေရန်အတွက် ပုဂ္ဂလိကဘဏ်များကို အတိုးနှုန်းလျှော့ပေးခြင်း၊ ချေးငွေအသစ်ထောက်ပံံ့ခြင်း၊ အရံငွေလိုအပ်ချက်နှင့်ဘဏ်များအပေါ်ထိန်းချုပ်မှုလျှော့ချမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ဘဏ်များတွင် “ပြန်မဆပ်နိုင်သောအကြွေး Non Performance Loan- NPL” ပြဿနာများစွာ ရှိနေသည်။ မြန်မာနိုင် ငံ၏ပုဂ္ဂလိကဘဏ်များတွင် ထိုသို့ပြန်မဆပ်နိုင်သောအကြွေးများ၏ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိမည်ဟု ခန့် မှန်း ထားပါသည်။ ၂၀၂၀ ခုနှစ်တွင် အီးယူနှင့်ဘဏ္ဍာရေးအထူးလုပ်ငန်းအဖွဲ့(FATF) နှစ်ခုစလုံးက မြန်မာနိုင်ငံကို ၎င်းတို့၏ ငွေကြေး ခဝါချမှုအမည်ပျက်စာရင်းတွင်ထည့်သွင်းခဲ့သည်။ စီမံခန့်ခွဲမှုနှင့်ကြီးကြပ်မှုအားနည်းခြင်းသည် မြန်မာ့ဘဏ္ဍာရေးစနစ်အတွင်းသို့ တရားမဝင်ကျောက်စိမ်း၊ ပယင်း နှင့်မူးယစ်ဆေးဝါးကုန်သွယ်မှုကဲ့သိုသော တရားမဝင်လုပ်ငန်းများမှအကျိုးအမြတ်များကို ခဝါချ ဝင်ရောက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၎င်းအပြင် မြန်မာနိုင်ငံသည် သဘာဝသယံဇာတစီမံခန့်ခွဲမှုတွင် ကမ္ဘာပေါ်တွင် သတ္တမမြောက်အဆိုးဆုံးနိုင်ငံဖြစ်ပြီး “သဘာ၀ သယံဇာတတူးဖော်ထုတ်လုပ်ခြင်းမှ လူ့အဖွဲ့အစည်းအား အကျိုးကျေးဇူးရရှိစေရေး အာမခံချက်ဖြစ်ရန် စီမံခန့်ခွဲမှုမူဘောင် ကင်း မဲ့သောနိုင်ငံအဆင့်˝သို့ ကျလာနေခြင်းကို ညွှန်ပြနေပြီး အကျိုးခံစားခွင့်များမှာ အချို့သောကုမ္ပဏီများနှင့်အခွင့်ထူးခံလွှာအချို့ အတွက်သာ ပိုများစေပါသည်။ ၂၀၁၄ ခု တစ်နှစ်ထဲမှာပင် ကျောက်စိမ်းကုန်သွယ်မှုမှရရှိသော အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ခန့်သည် ဒေသခံပြည်သူများနှင့်အစိုးရများကို အကျိုးခံစားခွင့်မရှိစေပဲ မြန်မာစစ်တပ်အရာရှိများနှင့်၎င်းတို့၏ခရိုနီများထံ ရောက်ရှိ သွားသည်ဟု ခန့် မှန်းခဲ့ကြသည်။
ဤသို့ဘဏ်လုပ်ငန်းများ၏ပွင့်လင်းမြင်သာမှုနည်းပါးခြင်း၊စီမံခန့်ခွဲမှုအားနည်းခြင်းနှင့်အမည်ပျက်စာရင်းထည့်သွင်းထားသော ပုဂ္ဂလိကဘဏ်လုပ်ငန်းကဏ္ဍသို့ ပြည်သူ့အခွန်ဘဏ္ဍငွေများနှင့်ပြည်သူများက တာဝန်ခံပြန်ဆပ်ရသည့်ချေးငွေများ ထပ်ဖြည့်ပေး ခြင်းသည် သာမန်ပြည်သူလူထုများနှင့် ပုဂ္ဂလိကကဏ္ဍအပေါ်သက်ရောက်မှုနည်းပါးစေသည့် အစိုးရ၏မျှော်မှန်းချက် အထမြောက် အောင်မြင်နိုင်မလားဆိုသည့်မေးခွန်း ဖြစ်ပေါ်စေပါသည်။
မြန်မာ CERP အပေါ် စိုးရိမ်ချက်များ။
ကိုဗစ်ရောဂါကြောင့် အခြားဒေသများနည်းတူ ပြည်နယ်များ၏စီးပွားရေးကိုလည်း ထိခိုက်ခဲ့ပါသည်။ အထူးသဖြင့် စစ်ဘေးဒဏ်သင့် တိုင်းရင်းသားဒေသများတွင် ပိုမိုထိခိုက်ပါသည်။ CERP အစီအစဉ်၏၂.၁.၇၊ ၃.၁.၂ နှင့် ၄.၁.၂ တို့တွင် တောင်သူလယ်သမား များ အသေးစားသီးနှံစိုက်ပျိုးထုတ်လုပ်သူများပံ့ပိုးပေး ခြင်း၊ နိုင်ငံခြားပြန်ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်နားလိုက်ရသောလုပ်သားများအတွက် အလုပ်အကိုင်ဖန်တီးပေးသည့်စီမံကိန်းများဆောင်ရွက်ခြင်း၊ ထိခိုက်လွယ်သည့်အိမ်ထောင်စုများနှင့် ပြည်သူများအတွက် ငွေကြေးနှင့်စားသောက်ကုန်ပစ္စည်းများ ပံ့ပိုးကူညီခြင်းတို့ ပါဝင်သည်။
မြန်မာနိုင်ငံပုဂ္ဂလိကဘဏ်ချေးငွေများ၏ ၈၈% ကျော်မှာ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနှင့်ဝန်ဆောင်မှုကဏ္ဍများတွင် ဖြစ်ပြီး အ သေးစားအလတ်စားလုပ်ငန်းများတွင် ၄.၇% နှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ၂.၃% သာရှိပါသည်။ ပုဂ္ဂလိကဘဏ်များ၏ချေးငွေ ၈၀% မှာ ရန်ကုန်အခြေစိုက်လုပ်ငန်းရှင်များအတွက် ဖြစ်ပြီး ၁၂% မှာ မန္တလေးတိုင်းလုပ်ငန်းရှင်များအတွက် ဖြစ်သည်။
CERP ရံပုံငွေမှ ပြည်နယ်နှင့်တိုင်းများအတွက် မည်မျှအသုံးပြုမည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိသဖြင့် လက်ရှိဘဏ်လုပ် ငန်းများ၏ဝန်ဆောင်မှုကဏ္ဍနှင့် ပထဝီဒေသအရကြည့်ပါက CERP ရံပုံငွေထောက်ပံ့ရေးအစီအစဉ်သည် အသေးစားအလတ် စားလုပ်ငန်းများထက် ဧရာမကုမ္ပဏီကြီးများ၊ ရန်ကုန်နှင့်မြို့ပြအတွက်သာ ပိုဖြစ်နိုင်ပါသည်။
CERP နှင့် ပဋိပက္ခဖြစ်နိုင်ခြေများ။
CERP အစီအစဉ် ၂.၃ တွင် လက်ရှိကြန့်ကြာနေသော ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား ပွင့်လင်းမြင်သာစွာနှင့် မြန်ဆန်စွာ ခွင့်ပြု နိုင်ရေးနှင့် ၂၀၂၀ မတိုင်ခင် အနည်းဆုံးရင်းနှီးမြှပ်နှံကြီး ၅ ခုကို ခွင့်ပြုရန် ဖြစ်သည်။ အစိုးရက စီမံကိန်းတစ်ခုကို အလျင်အမြန် လုပ်ဆောင်ရန် ပုံမှန်လုပ်ဆောင်နေကျ လူထုစီစစ်မှုများနှင့်ဆွေးနွေးတိုင်ပင်မှုများကို ရပ်ဆိုင်းလိုက်သည်ဟု နားလည်ရပါသည်။ စီးပွားရေးအမြန်မြှင်တင်ရန်အတွက်ဆိုပြီး EIA သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း၊ SIA လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း ကဲ့သို့သော ပြည်သူ့သဘောထားများကို ကောက်ယူစရာမလိုဟု အကြောင်းပြချက်ပေးနိုင်ပါသည်။
ဒေသခံပြည်သူများ၏အသက်မွေးဝမ်းကျောင်းနှင့်ယဉ်ကျေးမှုများကို ပျက်စီးစေသည့် အစိုးရ၏ဧရာမစီမံကိန်းများ အကောင် အထည်ဖော်မှုသမိုင်းကြောင်းပေါ် အခြေခံပြီး CERP က ခွင့်ပြုသော စီမံကိန်းသစ်များသည် လက်ရှိတိုက်ပွဲများမရှိသည့် နေရာ များတွင်ပင်လျှင် ပဋိပက္ခများတိုးပွားစေနိုင်ပါသည်။ CERP အစီအစဉ်၏ ပြည်လည်ဖြည့်တင်းနိုင်သည့် စွမ်းအင်စီမံကိန်းများတွင် ရေအားလျှပ်စစ်စီမံကိန်းလည်းပါဝင်နိုင်ပြီး မြစ်ဆုံ(သို့မဟုတ်) မိုင်းတုံဆည်များကဲ့သို့ ဧရာမစီမံကိန်းများကို အလျင်အမြန် အကောင်အထည်ဖော်ပါက ဒေသခံများနှင့်ပဋိပက္ခများ ပိုတိုးစေနိုင်ပါသည်။
ဇွန်လအစောပိုင်းတွင် စစ်ကိုင်းတိုင်းရှိ ဝန်သိုတောင်တန်းဒေမှ မြေဧက ၁၈၅,၀၀၀ တွင် ကြေးနီနှင့်ရွေတူးဖော်ရန် တရုတ်နိုင်ငံ ပိုင်သြစတြေးလျအခြေစိုက် Guangdong Rising H.K Ltd အား လုပ်ပိုင်ခွင့်ချပေးလိုက်ခြင်းသည့်အပေါ် ဒေသခံများက လက် မခံနိုင်ဟုဆိုပါသည်။ ကရင်နီအရပ်ဖက်အဖွဲ့အစည်းကလည်းအပစ်ရပ်ကာလမှာအကြီးစားစီမံကိန်းကို မလုပ်သေးဘို့ သဘောတူ ကြသော်လည်း ကိုဗစ်ကာလမှာ အစိုးရဘက်က ဆောင်ရွက်လျှက်ရှိနေသည်ဟု ထောက်ပြနေကြပါသည်။
နိဂုံး
လွန်ကဲသည့်ဗဟိုချုပ်ကိုင်မှုစနစ်၊မြေယာနှင့်သဘာဝသယံဇာတ ထိန်းချုပ်ရေးပြသနာသည် မြန်မာနိုင်ငံပြည်တွင်းစစ်၏ အဓိက အကြောင်းရင်းတစ်ခုဟုဆိုနိုင်ပါသည်။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးသည့် စနစ်ပြုပြင်ပြောင်းလဲမှု၊ ပြသနာဖြစ်ပွားစေသည့်မြေယာနှင့် သဘာဝသံယံဇာတခွဲဝေသုံးစွဲမှုများကို အလျှင်ဖြေရှင်းနိုင်မှသာလျှင် တိုင်းပြည်၏ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့ကို ဖြစ်ပေါ် နိုင်ပြီး ဤမှတစ်ဆင့် ကိုဗစ်အကြပ်အတည်းကို နိုင်ငံ၏စုစည်းမှုအားဖြင့် ရင်ဆိုင်နိုင်မည်ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ကိုဗစ် ၁၉ အကြပ်အတည်းကို ကျယ်ပြန့်သည့်ပေါင်းစပ်ညှိနှိင်းမှုနှင့် စုပေါင်း တုံ့ပြန်ရမှာဖြစ်ပြီး မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်လာရေးမှာလည်း တစ်နိုင်ငံလုံးပူးပေါင်းပါဝင်သည့်တုံ့ပြန်မှု (Coordinated Whole of Nation Response) ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါသည်။ သို့သော်လည်း CERP လုပ်ငန်း အကောင်ထည်မှုတစ်ခုလုံးကိုကြည့်ပါက ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဗဟိုမှချပေးသောလုပ်ငန်းသာ ဖြစ်နေသည်။ ပြည်နယ်တိုင်းများနှင့်ညှိနှိင်းလုပ်ဆောင်သည့်အပိုင်းမတွေ့ရသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့စည်းများနှင့် ညှိနှိင်းပါဝင်နိုင်သည့် အခန်းကဏ္ဍကိုလည်း မတွေ့ရသေးပါ။
ကိုဗစ်ကပ်ရောဂါသည် နိုင်ငံအများစုကို အကြပ်အတည်း ဖြစ်စေသလို အခွင့်အရေးလည်း ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုပါသည်။ ကိုဗစ်ကြောင့် နိုင်ငံတွင် ဖြစ်ရှိနေသည့်အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ခွင့်ရသည်ဟု ဆိုပါသည်။ ကိုဗစ်အကြပ်အတည်းသည် မြန်မာနိုင်ငံအတွက် လားရာအသစ်ကို ဖန်တီးပေးနိုင်သည်ဟု ဆိုပါသည်။ ကိုဗစ်သည် နိမ့်ကျနေသောကျန်းမာရေးစနစ်ကို အသွင်သစ်မြှင့်တင်နိုင်သောအခွင့်အရေးနှင့် ချည့်နဲ့လွန်းသော လူမှုဖူလုံရေးပိုက်ကွန်စနစ်ကို အသစ်တဖန် တည်ဆောက်နိုင်သည့် အခြေအနေ ပေါ်ပေါက်နေသည်ဟုဆိုပါသည်။ ကိုဗစ်ခြိမ်းခြောက်မှုှ ပဋိပက္ခဖြေရှင်းရေးနှင့်ဆက်စပ်ပြီး ပြည်ထောင်စုလက္ခဏာသစ် တည်ဆောက်ရေးအထိ ဦးတည်ပေးနိုင်မည်ဆိုပါက ဤကပ်ရောဂါကို အကြောင်းပြပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအရှိန်ကို စတင်နိုင်လိမ့်မည်ဟုဆိုသည်။ သို့ဖြင့် အစိုးရ၏ CERP သည် အထက်ပါမျှော်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မှာလား သို့တည်းမဟုတ် ပဋိပက္ခ ပိုမိုကြီးထွားလာမည့် ပိုမိုတင်းကြပ်သည့်ဗဟိုချုပ်ကိုင်မှုဘက်ဆီသို့ ဦးတည်သွားမည်လားဆိုတာ စောင့်ကြည့်ရဦးမည် ဖြစ်သည်။
*နိုင်ဗညားမွန်သည် ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီစင်တာ၏ ပရိုဂရမ်ဒါရိုက်တာဖြစ်သည်။
ကိုးကားချက်များ
–https://www.hrw.org/news/2020/03/30/us-economic-relief-package-shortchanges-workers
– https://www.moi.gov.mm/moi:eng/?q=news/28/04/2020/id-21511
–https://www.mmtimes.com/news/government-expects-2-billion-international-aid-covid-19-response-plan.html
–https://burma.irrawaddy.com/news/2020/05/26/223396.html
–https://burma.irrawaddy.com/news/2020/05/27/223475.html
–https://www.rfa.org/burmese/program_2/china-loan-crisis-06092020064610.html?fbclid=IwAR2xmVAsaPhaXNNyl4uUvNJQ5au0LC5dKEMnQrVHClp2ukiYaDWSKtKdErg#.XuAkZn0HD_A.facebook
–https://www.krungsri.com/bank/getmedia/a51f8424-fba9-4cad-b8b4 0c55eeb66cbe/RI_Myanmar_Banking_Stability_191118_EN.aspx
-https://www.mmtimes.com/news/eu-puts-myanmar-money-laundering-blacklist.html
-https://resourcegovernance.org/sites/default/files/documents/2017-resource-governance-index.pdf
-https://www.globalwitness.org/en/campaigns/oil-gas-and-mining/myanmarjade/
-https://www.krungsri.com/bank/getmedia/a51f8424–‐fba9–‐4cad–‐b8b4–‐0c55eeb66cbe/RI_Myanmar_Banking_Stability_191118_EN.aspx-https://burma.irrawaddy.com/business/2020/06/04/224000.html–https://www.bnionline.net/mm/news-73289?fbclid=IwAR3gcZ7qOhLDDqaCYrnMcZ1A9PsZq2750YyY6cZTJN5EGb3prGRILJKodaE
-အောင်သူငြိမ်း- ကိုဗစ် ၁၉ ကူစက်ကပ်ဘေးမှ ပြောင်းလဲလာနေသော နိုင်ငံတော်၏အခန်းကဏ္ဍဆောင်းပါးမှ