spot_img
Monday, February 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရွေးကောက်ပွဲမတိုင်ခင် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ NLD အစိုးရ ဘာကြောင့် “လော” နေရသလဲ- ဦးမောင်မောင်စိုးနှင့် ဆက်သွယ်မေးမြန်းချက်

    ရွေးကောက်ပွဲမတိုင်ခင် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ NLD အစိုးရ ဘာကြောင့် “လော” နေရသလဲ- ဦးမောင်မောင်စိုးနှင့် ဆက်သွယ်မေးမြန်းချက်

    -

    ဗညားအောင် (ဇွန်-၁)

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့်ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပရန် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း NCA-S EAOs များအား အစိုးရအဆိုပြုထားသည့်အပေါ်  မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကို မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် ဆက်သွယ်မေးမြန်းသည်။

    မေး- ဆရာ ဦးမောင်မောင်စိုးခင်ဗျာ၊ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် လာမယ့်ဇူလိုင်လမှာ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပဖို့ အစိုးရ “လော” နေတာလို့ သိရပါတယ်။ နောက်ပြီး ခုလို Covid-19 ရောဂါနဲ့ လူတွေအားလုံး ရှုပ်ထွေးနေချိန်လည်းဖြစ်နေပါတယ်၊ ညီလာခံကျင်းပဖို့ကော အဖက်ဖက်က အဆင်သင့်ဖြစ်နေကြပြီလား၊ ဆရာ့အနေနဲ့ သုံးသပ်အကြံပြုပေးပါလား?

    ဖြေ- သူတို့ “လော” နေတဲ့အချက်က ဘာကိုလည်းဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ အစိုးရအပြောင်းအလဲ၊ တပ်မတော်တွင်း အပြောင်းအလဲရှိလာနိုင်တဲ့အချိန်မှာ တစုံတရာအာမခံချက်ရှိတဲ့ နောက်အစိုးရလက်ထက်မှာ ဆက်လက်သယ်ဆောင်သွားနိုင်မယ့် သဘောတူညီချက်မျိုးရယူချင်တဲ့ဘက်ကို သူတို့ “လော” နေမယ်လို့ထင်တယ်။

    လောနေတဲ့အတွက်ကြောင့် ဒီဇူလိုင်လထဲမှာ အကျဉ်းရုန်းပြီးတော့ စတုတ္တအကြိမ်ညီလာခံ  ဆိုတာကို ကျင်းပဖို့ပြင်ဆင်နေတယ်လို့ ထင်ပါတယ်၊ အကျယ်အနေဖြင့် အမျိုးသားအဆင့်ညီလာခံတို့ အမျိုးသားအဆင့်ဆွေးနွေးပွဲတို့ဘာတို့ဟာ လုပ်လို့ရမယ့်အနေအထားမျိုး မရှိပါဘူး၊ အကျဉ်းရုန်းပဲ လုပ်မယ့်အနေအထားပါ။

    ဒါပေမယ့် အဲဒီမှာကျနော်တစ်ခုတွေ့ရတာ ဘာလဲဆိုတော့ အစိုးရဘက်က ”လော” တယ်ဆိုရင် ဘာအချက်လဲဆိုတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ NLD အစိုးရအနေနဲ့ ပင်လုံညီလာခံ စတုတ္ထအကြိမ်ကျင်းပပြီးတော့ သဘောတူညီချက်တွေ ဘယ်လိုဆက်ယူထားနိုင်တယ်ဆိုတာကို ဒီရွေးကောက်ပွဲမှာ ပြည်သူကိုချပြပေးချင်လို့ ထင်ပါတယ်။

    ဒါကလည်း သိပ်ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကလည်း သမ္မတဦးသိန်းစိန်က ရွေးကောက်ပွဲမတိုင်ခင်မှာ NCA မဖြစ်မနေ ရအောင်ထိုးခဲ့ပြီပဲ ငြိမ်းချမ်းရေးရလဒ်တစ်ခုရခဲ့တယ်ဆိုတာ ပြည်သူကိုချပြခဲ့သလိုပဲ အဲလို “လော” နေတယ်လို့ ထင်ပါတယ်။

    တကယ်တမ်းကျတော့ ကျနော်တို့ နိုဝင်ဘာ ဒီဇင်ဘာ ရွေးကောက်ပွဲပြီးလို့ရှိရင် အစိုးရသစ်ကိုမလွှဲခင် ၂၀၂၁ ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ၃ လအချိန်ရပါတယ်၊ ဒီ ၃ လအတွင်းမှာ ညီလာခံကျင်းပရင်တော့ တကယ်တမ်းကျတော့ ပိုကောင်းတယ်ဗျ၊ ဘာဖြစ်လဲဆိုတော့ ရွေးကောက်ပွဲရလဒ်လည်းသိပြီ နောက်အစိုးရအပြောင်းအလဲ ဘယ်လိုရှိမလဲဆိုတာ ခန့်မှန်းလို့ရပြီ။ တပ်မတော်ခေါင်းဆောင်အပြောင်းအလဲနဲ့ပတ်သက်ပြီး ခန့်မှန်းလို့ရတဲ့အချိန်မှာ  ဒီနောက်ဆက် Carry လုပ်မယ့် ဆုံးဖြတ်ချက်က ဘာတွေချမှတ်သင့်တယ်ဆိုတာက လက်ရှိ ဒီအစိုးရဘက်အပိုင်းကရော တိုင်းရင်းသားတွေဘက်အပိုင်းကပါ ပိုပြီးတော့သင့်တော်မယ်လို့ ထင်ပါတယ် ဒါကအစိုးရဘက်အပိုင်းမှာ။

    တိုင်းရင်းသားဘက်အပိုင်းပြောမယ်ဆိုရင် တကယ်တန်းက အခုချိန်မှာလုပ်တာထက်စာလို့ရှိရင်တော့ ခုနကျနော်ပြောသလိုပေါ့ ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ၂၀၂၁ အဲဒီကာလမှာလုပ်ရင် ပိုကောင်းပါတယ်၊ ဘာဖြစ်လို့လဲဆိုင်ရင် အပြောင်းအလဲတွေကို မြင်နေရတဲ့အချိန်မှာ ဘယ်လိုမျိုးသဘောတူညီချက်တွေယူရင် ပိုပြီးသင့်တော်မလဲဆိုတာ တိုင်းရင်းသားတွေ EAOs တွေဘက်က ပိုပြီးဆုံးဖြတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

    ဒါ့အပြင် EAOs အဖို့ပြောမယ်ဆိုရင် နောက်တက်လာမယ့်အစိုးရအပြောင်းအလဲရှိရင် ဆက်သယ်ဆောင်ရမယ့်မူဝါဒတွေနဲ့ပတ်သက်လာရင် ချမှတ်ဖို့လိုအပ်တယ်လို့ ယူဆတာမှန်ကန်ပေမယ့် EAOs တွေအနေနဲ့ တကယ်တမ်းပြင်ဆင်ဖို့လိုတာကတော့ အပြောင်းအလဲတွေရှိလာရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြိုတင်ပြင်ဆင်ထားတာ ပိုပြီးလိုအပ်လိမ့်မယ်လို့ထင်ပါတယ်။

    မေး- ကျေးဇူးတင်ပါတယ်။

    Photo- မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး (Mg Mg Soe)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks