spot_img
Sunday, February 1, 2026
More
    spot_img
    HomeCovid 19မွန်ပြည်သစ်ပါတီသထုံခရိုင်မှ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးပြစ်မှုများတွင် အမျိုးသမီး ၂၅% ကျော်ပါဝင်နေ

    မွန်ပြည်သစ်ပါတီသထုံခရိုင်မှ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးပြစ်မှုများတွင် အမျိုးသမီး ၂၅% ကျော်ပါဝင်နေ

    -

    မွန်သတင်းအေဂျင်စီ (မေ ၂၅)

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်း-မင်းရွာအနီး၌ အခြေစိုက်လျက်ရှိသော မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ် ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးပြစ်မှုများတွင် အမျိုးသမီး ၂၅% ကျော်ပါဝင်နေကြောင်း တွေ့ရှိရသည်။

    ယခင်က ဖမ်းဆီးထိန်းသိမ်းထားသူများအပါအဝင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ခဲ့သည့် မတ်လမှ မေလပထမပတ်အတွင်း မူးယစ်ဆေးဝါးရောင်းချ/သုံးစွဲသူ ၂၅ ဦး ထပ်မံဖမ်းဆီးရမိသဖြင့် လက်ရှိ ပြစ်မှုကျူးလွန်သူစုစုပေါင်း ၅၀ ခန့် ဖမ်းဆီးသိမ်းထားကြောင်း၊ အဆိုပါ ဖမ်းဆီးထားသူများတွင်သွေးတိုး၊ ဆီချိုးရောဂါအခံရှိသူ သက်ကြီးပိုင်းအမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်များလည်း ပါဝင်နေကြောင်း မွန်ပြည်သစ်ပါတီ သထုံခရိုင် အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ဇော်မင်းဦးက ပြောသည်။ 

    နိုင်ဇော်မင်းဦးက “လက်ရှိ ကျနော်တို့ထိန်းသိမ်းထားတဲ့အထဲမှာ အမျိုးသမီးဦးရေက ၂၅ ရာခိုင်နှုန်းကျော် ပါဝင်နေတယ်။ ဒီအမျိုးသမီးတွေဟာ မူးယစ်ဆေးကို သုံးစွဲတာတစ်ခုတည်းနဲ့မဟုတ်ဘူး။ ရောင်းဝယ်တာလည်း ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေပါ။ အစပိုင်းတွေမှာ မူးယစ်ဆေးဝါးကို တဆင့်ခံရောင်းချရာကနေ နောက်ပိုင်း သုံးစွဲတဲ့အဆင့်အထိ ရောက်သွားကြတယ်”ဟု ဆိုသည်။

    အထူးအဖြင့် Covid-19 ရောဂါကာကွယ် ထိန်းချုပ်သည့်ကာလများအတွင်း လူအများခရီးသွားလာမှုနည်းပါးခြင်း၊ သင်္ကြန်ပွဲတော်ပိတ်ထားခြင်းကြောင့် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသူများကို ပိုမိုဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ ဘိန်းဇာရွက်၊ ICE အပြင် WY ဆေးပြား ၉၀၀၀ ခန့် ဖမ်းဆည်းရမိထားကြောင်း သိရသည်။

    “အမျိုးသမီးတွေဖြစ်တဲ့အတွက် အမျိုးသားတွေလို ချုပ်ထားလို့လည်း မသင့်တော်ဘူး။  ပြီးတော့ ပြစ်ဒဏ်ကျခံနေရတဲ့ အမျိုးသားတွေနဲ့ နီးနီးကပ်ကပ် ထားလို့လည်း မဖြစ်ပြန်ဘူး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်း ဒီစခန်းမှာပဲ ကလေးမွေးဖွားခဲ့ရတယ်။ ပြီးတော့ တချို့ အမျိုးသမီးတွေဟာ သူတို့ခလေးငယ်နဲ့အတူ ဒီစခန်းမှာ ထိမ်းသိမ်းထားရတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ယင်းသို့ ဖမ်းဆီးထိန်းသိမ်းခံ အမျိုးသမီးများအတွက် လိုအပ်သည့် ကျန်းမာရေးပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် အမျိုးသမီးအခွင့်အရေးအကြောင်း ဟောပြောပို့ချခြင်းတို့အပြင်  လိုအပ်သောအကူအညီများကို  အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများက ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

    မူးယစ်ဆေးဝါးပြစ်ဒဏ်ဖြင့် ထိန်းသိမ်းခံထားရသူ မိမွန်(နာမည်လွှဲ)က “ရွာမှာရှိတဲ့သူငယ်ချင်းတွေကို မှာလိုက်ချင်တာက မူးယစ်ဆေးဝါးသုံးစွဲတာကို ရပ်တန်းက ရပ်လိုက်ကြပါ။ ကျမတော့ ခံခဲ့ရပြီပြီး။ ကျမလိုမျိုးအဖြစ်မခံကြပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီမူးယစ်ဆေးတွေဟာ  ဘယ်နေရာမှာမှကောင်းကျိုးပေးတာမရှိဘူး။ လူကြားထဲမှာလည်း မျက်နှာငယ်ရမယ်။ ဒီဘဝက မကောင်းတော့ပါဘူး။ ကျမတို့ဘဝလိုမျိုး မကြုံတွေ့ပါစေနဲ့။ မူးယစ်ဆေးဝါးနဲ့ ခပ်ကင်းကင်းနေကြပါ”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ မူးယစ်ဆေးဝါးပြစ်ဒဏ်ကျခံနေရသူများနှင့် ဆေးဖြတ်သူများအတွက် စားနပ်ရိက္ခာမလုံလောက်မှုများရှိလာပြီး ဆေးဝါးပစ္စည်းများလည်း လိုအပ်လာကြောင်း မွန်ပြည်သစ်ပါတီ သထုံခရိုင်မှ သိရသည်။

    မူးယစ်ဆေးဝါးအန္တရာယ်သည် အမျိုးသားရေးရန်သူအဖြစ် မွန်ပြည်သစ်ပါတီသတ်မှတ်ထားပြီး ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်း ရှာဖွေဖမ်းဆီးအရေးယူခြင်း၊ ပညာပေးခြင်းနှင့် ဆေးစွဲသူများပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နှင့် ထားဝယ်ခရိုင်တို့အသီးသီးတွင်လည်း အလားတူဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

    Photo- NMSP သထုံခရိုင်အတွင်း မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အချို့(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks