spot_img
Sunday, February 1, 2026
More
    spot_img
    HomeCovid 19Covid-19 ကမ္ဘာ့ကပ်ရောဂါက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားစမ်းလိုသည့်သဘောလည်းဖြစ်နိုင်ဟု သုံးသပ်

    Covid-19 ကမ္ဘာ့ကပ်ရောဂါက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားစမ်းလိုသည့်သဘောလည်းဖြစ်နိုင်ဟု သုံးသပ်

    -

    မွန်သတင်းအေဂျင်စီ(မေ ၂၁)

    မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိကပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် သဘောထားကြီးမှုတို့အပေါ်အခြေခံသော ညီညွတ်မှုတို့ကို Covid-19 ကမ္ဘာ့ကပ်ရောဂါက အားစမ်းလိုသည့်သဘောလည်းဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးက သုံးသပ်သည်။

    Covid-19 ကမ္ဘာ့ကပ်ရောဂါနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်း မွန်သတင်းအေဂျင်စီ၏ ယမန်နေ့စကားဝိုင်းအစီအစဉ်တွင် မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက ယင်းသို့ သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။ 

    “ငြိမ်းချမ်းရေးလုပ်ငန်းအောင်မြင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ဒီဖြစ်စဉ်မှာပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးရဲ့ နားလည်မှုဘယ်လောက်ရှိကြလဲ၊ ယုံကြည်မှုဘယ်လောက်နက်နက်ရှိုင်းရှိုင်းရှိကြပါသလဲ၊ ဘယ်လောက်သဘောထားကြီးမြတ်ကြမလဲပေါ့ Covid-19 ဖြစ်လာတဲ့ကာလမှာ ကျနော်တို့အချင်းချင်းရဲ့ ညီညွတ်မှုကို အားစမ်းတဲ့သဘောလည်းဖြစ်တယ်”ဟု ၎င်းက သုံးသပ်သည်။

    အဆိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းဆောင်ရွက်နေကြသူများအနေဖြင့် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ သဘောထားကြီးမြတ်မှုများ ကိုယ်စီကိုယ်ငှမရှိကြပါက တစ်ဦးနှင့်တစ်ဦးကြား၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား အထင်အမြင်လွဲမှားမှု၊ သံသယစိတ်၊ အာဃာတများကိုအမှီပြု၍ လက်ဦးမှုနှင့် လက်တုန့်ပြန်လိုမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။

    “ကျနော်တို့မှာအင်အားရှိတိုင်းနဲ့ ကျနော်တု့ိမှာပါဝါရှိတိုင်းနဲ့ ဒီကိစ္စကိုအမြတ်ထုတ်မယ် ဒီကိစ္စကိုလက်ဦးမှုယူမယ် ဒီကိစ္စကို နေရာယူထားမယ်ဆိုရင် ဒါကဘယ်လိုမှမဖြစ်နိုင်ပါဘူး၊ ကျနော်ပြောချင်တာက ဒီပူးပေါင်းဆောင်ရွက်မှုကို စံပြယူပါ၊ ကျနော်တို့ဘယ်လောက် နားလည်မှုရှိကြမလဲ၊ အကူအညီပေးခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက်နားလည်မှု တစ်ယောက်နဲ့တစ်ယောက် သဘောထားကြီးမှုကို ပြကြပါ၊” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

    လက်ရှိ Covid-19 ကပ်ရောဂါကာလအတွင်း အဆင်းရဲဆုံးဒေသနှင့် အခက်အခဲဆုံးအနေအထားရောက်ရှိနေသော ရခိုင်ဒေသသို့ အကူအညီပေးနိုင်မှုအပေါ် ညီညွတ်ရေးကိုအကောင်အထည်ဖော်နိုင်လိမ့်မည်ဟုလည်း ၎င်းကထောက်ပြသည်။

    ထို့အတူ မွန်အမျိုးသမီးအစည်းအရုံး MWO ဥက္ကဌ မိကွန်းချမ်းနွန်က “တကယ်လိုအပ်တဲ့ဒေသမှာ ပိုမိုပြီးတော့ ထောက်ပံ့ဖို့လိုအပ်တယ်ပေါ့၊ သဘောထားကြီးကြီးနဲ့ လိုအပ်ချက်တွေကို အချင်းချင်းကူညီဖြည့်ဆည်းပေးဖို့၊ ညီတူညီမျှနဲ့လုပ်ဆောင်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုပြီးတော့ တွန်းအားပေးတယ် ပိုမိုပြီးတော့ကောင်းစေတယ်ပေါ့၊ ဒါပေမယ့် ကိုယ့်မှာအာဏာရှိတဲ့အတွက်ကြောင့် ငါလုပ်တဲ့အတိုင်းပဲ ငါကပိုပြီးတော့လုပ်နိုင်လို့ ငါ့ရဲ့ဒေသကိုပဲ ငါကပိုမိုလုပ်ဆောင်ပေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုအားကောင်းအောင်တော့ လုပ်ဆောင်ပေးနိုင်မှာမဟုတ်ဘူး” ဟု အဆိုပါငြိမ်းချမ်းရေးစကားဝိုင်းအစီအစဉ်တွင် သုံးသပ်ပြောဆိုခဲ့သည်။

    Covid-19 ကာလတွင် ငြိမ်းချမ်းရေးကိုပိုမိုအားကောင်းစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဘုံသဘောထားတူညီမှုတစ်ခုအပေါ်အခြေခံပြီး အတူတကွပူးတွဲ ထုတ်ပြန်ပေးသင့်ကြောင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်း လိုအပ်သည့်အကူအညီများကို မြန်မြန်ဆန်ဆန်ဖြည့်ဆည်းပေးခြင်းအားဖြင့် ယုံကြည်မှုကိုတည်ဆောက်နိုင်ပြီး နားလည်မှုပိုမိုရရှိလာမည်ဟု ယုံကြည်ကြောင်း မိကွန်းချမ်းနွန်က ဆိုသည်။

    “Covid ကိုအကြောင်းပြုပြီးတော့ ငြိမ်းချမ်းရေးကို ပိုမိုတည်တန့်ဖို့အတွက် ပိုမိုကောင်းမွန်လာဖို့အတွက် လုပ်ဆောင်မယ်လို့တော့ ကျမအနေနဲ့ ထင်မြင်ယူဆမိတာပေါ့၊ ဒါပေမယ့် အခြေအနေကိုကြည့်လိုက်တော့ အဲလိုတော့ဖြစ်မနေဘူး ဆိုတဲ့အခါကျတော့ သံသယတော့ ရှိတာပေါ့နော်” ဟု မိကွန်းချမ်းနွန်က ဆက်ပြောသည်။

    နိုင်ငံတော်မှအကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်  နေရာများမှအပ ကျန်နယ်မြေများ၌ ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ သြဂုတ်လ (၃၁) ရက်နေ့အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်း ကြေညာထားသည်။

    သို့ရာတွင် ကရင်ပြည်နယ် ကမမောင်းမြို့နယ်ခွဲတွင် မေ ၂၀ ရက်နေ့တစ်ရက်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံးKNU  တပ်မဟာ ၅ တို့ ၂ ကြိမ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဖာပွန်ခရိုင်အတွင်းရှိ KNU ၏ COVID- 19 ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် နှစ်ဖက်တင်းမာမှုဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

    Photo-MNA Peace Talk အစီအစဉ်တွင် နိုင်အောင်မငေးနှင့် မိကွန်းချမ်းနွန်တို့ ဆွေးနွေးခန်း(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks