spot_img
Monday, May 6, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးအရပ်သားများအားပစ်မှတ်ထားသည့် လက်သည်မပေါ်မြေမြှုပ်မိုင်းအရေး ကိုင်တွယ်ဖြေရှင်းပေးသင့်ပြီ

    အရပ်သားများအားပစ်မှတ်ထားသည့် လက်သည်မပေါ်မြေမြှုပ်မိုင်းအရေး ကိုင်တွယ်ဖြေရှင်းပေးသင့်ပြီ

    -

    ဗညားအောင်

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး နယ်နိမိတ်အစပ်ကြားတွင် နေထိုင်လျက်ရှိကြသည့် ဒေသခံ မွန်တိုင်းရင်းသားများ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် နေရာများ၌ မြေမြှုပ်မိုင်းနင်းမိကာ ထိခိုက် ဒဏ်ရာများ ရရှိနေကြသည်။

    ထိုမြေမြှုပ်မိုင်း ပေါက်ကွဲမှုသည် မွန်ပြည်သစ်ပါတီ(NMSP)နှင့် အစိုးရကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နောက်ပိုင်း ယနေ့ထိဆိုလျှင် မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၁၅ ကြိမ်ထက်မနည်း ရှိခဲ့သည်။

    မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ကာ မွန်တိုင်းရင်းသားများ ထိခိုက်နစ်နာနေသော ဒေသများတွင် NCA ထိုးထား ကြသည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်ဖွဲ့ဝင်များသာ သွားလာလှုပ်ရှားလျက်ရှိသည်။

    ထို့ကြောင့် မြေမြှုပ်မိုင်းဖြင့် ပစ်မှတ်အထားခံနေကြရသည့် မွန်တိုင်းရင်းသားများက KNU လုပ်သည်ဟု စွပ်စွဲလေ့ရှိသည်။သို့ သော် KNU ဘက်ကလည်း မိမိတို့ မဟုတ်ကြောင်း ပြန်လည် ငြင်းဆိုသည်။

    ဒေသခံ အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက “အဲဒီနေရာမှာ ကျနော်တို့ မွန်တွေပဲ ခြံတွေစိုက်ပြီး လုပ်ကိုင်နေကြတော့ မွန်ပြည်သစ်ပါတီကနေ မွန်လူထုကို အကာအကွယ် ပေးနေတာပေါ့လေ၊ ဒါပေမယ့် မိုင်း ပေါက်ကွဲတဲ့ဟာ ကရင်အဖွဲ့လို့ ပြောရင်လည်း ဘာအထောက်အထားနဲ့ ပြမှာလဲ၊ KNU ကလည်း ဒီလိုမျိုး မိုင်းထောင်တာ သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်” ဟု ဆိုသည်။

    ယခုလို တရားခံမပေါ်သော မြေမြှုပ်မိုင်း ပေါက်ကွဲများ၏ နောက်ကွယ်က တရားခံအစစ်အမှန်မှာ မည်သည့် အဖွဲ့အစည်း (သို့မဟုတ်) မည်သူဖြစ်သနည်းမှာ စိတ်ဝင်စားစရာကောင်းလှပြီး သေချာအကဲခတ်ရန် လိုအပ်လာသည်။

    ဤမြေမြှုပ်မိုင်း မဖြစ်ခင် ၂၀၁၈ ခုနှစ်က မွန်ပြည်သစ်ပါတီ NCA ထိုးပြီးနောက် မကြာခင်မှာဘဲ မွန်ပြည်သစ်ပါတီ ထိန်းချုပ် ဧရိယာထဲတွင် KNU မဟုတ်သော ကရင်လက်နက်ကိုင် သစ်ခိုးဂိုဏ်းတစ်ခုက သစ်များ ခိုးထုတ်နေ ခြင်းကို မွန်ပြည်သစ်ပါတီ ဝင်ရောက် ဖြိုခွင်းမှု ရှိခဲ့သည်။ ဖမ်းဆီးမိသူများကို KNU သို့လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားလာခဲ့ခြင်းက စဉ်းစားစရာဖြစ်နေသည်။

    ထိုကဲ့သို့ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြ၍ အရေးယူပေးနိုင်ရေး ကြိုး ပမ်းခဲ့သော်လည်း အစိုးရအာဏာပိုင်များသည် ဖြေရှင်းပေးခြင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်း က ရှင်းပြသည်။

    ထိုဖြစ်စဉ်အပေါ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသခံ တပ်မတော်အာဏာပိုင်များ၊ တိုင်းဒေသကြီး အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ စသည့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြခဲ့ကြသော်လည်း ယနေ့ချိန် ဖြေရှင်းပေး ခြင်းမရှိသည့်အတွက် မွန်တိုင်းရင်းသားများကတော့ မြေမြှုပ်မိုင်းဒဏ်ကို ခါးစည်းခံနေရဆဲပင်။

    ပြီးခဲ့သည့် ၁၂ လတာကာလအတွင်း မြေမြှုပ်မိုင်းနင်းမိသည့်အတွက် ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသူ ၉ ဦးရှိကြောင်း မွန်လူမှုအဖွဲ့အစည်းများကွန်ရက်မှ မေလ ၈ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

    ပြီးခဲ့သည့် မတ်လအတွင်းက ရေးချောင်းဖျား ဘက်မှာလည်း ခြံသမားတစ်ဦး ငါးသွားရှာရင်း မြေမြှုပ်မိုင်း နင်းမိသည့်အတွက် အသက် ဆုံးရှုံးခဲ့ရခြင်းကြောင့် မွန်ပြည်သစ်ပါတီ NCA ထိုးပြီးနောက်မှ ဖြစ်ပေါ်လာသော မြေမြှုပ်မိုင်း အန္တရာယ် အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့သည်။

    အရပ်ဖက် မွန်လူမှုအဖွဲ့အစည်းများကွန်ရက်မှပြောခွင့်ရပုဂ္ဂိုလ် မိကွန်းချမ်းနွန်က “ ဒီမြေမြှုပ်မိုင်းတွေ ပေါက်ကွဲတဲ့ နေရာဟာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ပဲ လှုပ်ရှားနေတာ ဖြစ်တဲ့အတွက် မိုင်းလက်သည် တရားခံကို JMC အနေနဲ့ ကြားဝင်ပြီး ရှာဖွေ ဖော်ထုတ် ပေးသင့်တယ်၊ အခုကိစ္စမှာက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်းကိစ္စ ဖြစ်နေလို့ပါ။ အရပ်သားတွေလည်း တော်တော်လေး ထိခိုက် ခံနေရပြီ” ဟု ဆိုသည်။

    အရပ်သားများကို အဓိကထား၍ မြေမြှုပ်မိုင်း ထောင်သည့်လုပ်ရပ်မှာ သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ကြောင်း အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများကွန်ရက်က ကြေညာချက် တစ်စောင်ထုတ်ပြန် ကာ ရှုတ်ချလိုက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၊ KNU, NMSP, တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်- ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S  အဖွဲ့အစည်း အသီးသီးထံသို့လည်း စာရေးသားပေးပို့ခဲ့သည်ဟု ဆိုသည်။

    မိကွန်းချမ်းနွန်က “အခုဖြစ်ပေါ်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေ ကိစ္စဟာ စစ်မြေပြင်မှာလည်း မဟုတ်သလို တိုက်ပွဲတွေ ဖြစ်တဲ့ နေရာလည်း မဟုတ်ပါဘူး၊ အေးအေးဆေးဆေး ခြံစိုက်ပျိုးရေးလုပ်နေတဲ့ အရပ်သားတွေပဲ ခံနေရတယ်၊ မသန်စွမ်းဘဝနဲ့ ဒုက္ခရောက်ကြရတယ်၊ ဒါကြောင့် အခုမြေမြှုပ်မိုင်းတွေ ထောင်နေတဲ့ ကိစ္စတွေကို အမြန်ဆုံး ရပ်တန့်ဖို့၊ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေ အနေနဲ့ ဒါကို စုံစမ်းရှာဖွေ ဖော်ထုတ်ပေးဖို့ ကြေငြာချက် ထုတ်ပြန်ပြီး ကျမတို့ တောင်းဆိုတာဖြစ်တယ်” ဟု ပြောသည်။

    Photo- မိုင်းပေါက်ကွဲနေသည့် ကြောင်လျှာကွင်းဒေသမြေပုံ (Google Map)

    မွန်တိုင်းရင်းသားများသည် ယခင် ၁၉၉၅ ခုနှစ် အပစ်ရပ် သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ ထားဝယ် ခရိုင်ဌာနချုပ်ရုံးအတွက် တပ်တည်နေရာအဖြစ် ခွင့်ပြုထားသည့် “ရေဖြူမြို့နယ်၊ ကင်းချောင်းဖျားဒေသ မြေပုံ အညွှန်း ခန့်မှန်း J-180545”ကို အခြေပြု၍ ကြောင်လျှာကွင်းဒေသမှာ ကွမ်းသီး၊ ဒူးရင်း၊ မင်းဂွတ်နှင့် ရာဘာခြံ များ အပါအဝင် ပျမ်းမျှ ၅ ဧက အကျယ်ရှိ ဥယျာဉ်ခြံပေါင်း ၄၀၀ ကျော် စိုက်ပျိုး လုပ်ကိုင်လျက် ရှိသည်။

    ယခုအခါ စိုက်ပျိုး သီးနှံပင်များ အောင်မြင် ဖြစ်ထွန်းနေသည့်အတွက် ခြံတစ်ခြံ၏ ကာလတန်ဖိုးမှာ ငွေကျပ် သိန်း ၄၀၀ အထက်မှာ ရှိနေသည်။

    သို့သော် မိုင်းများ မကြာခဏ ပေါက်ကွဲနေခြင်းကြောင့် ဒေသခံမွန်တိုင်းရင်းသားများ ဥယျာဉ်ခြံသို့ မသွားရဲဘဲ ဖြစ်နေကြသည်ကို ဖြေရှင်းပေးရန် လိုအပ်နေပါသည်။

    မကြာခဏ မိုင်းပေါက်ကွဲနေသည့်ကိစ္စသည် မွန်ပြည်သစ်နှင့် KNU တို့ကြား ဖြစ်ပေါ်နေသည့် ပြဿနာဖြစ်၍ အချင်းချင်း ငြိမ်းချမ်းရေးရရှိရန် လိုအပ်နေပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ နားလည်မှုများရှိရန် လိုအပ်သလို နှစ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်း အဖြေရှာသွားဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက တိုက်တွန်းခဲ့ဖူးသည်။

    ဗိုလ်မှူးကြီး နေထွဋ်ဦးက “နှစ်ဖွဲ့ မျက်နှာချင်းဆိုင် တွေ့နေတဲ့ကိစ္စပဲ မရှင်းနိုင်စရာ အကြောင်းမရှိဘူး။ ရှင်းတတ် ဖို့ပဲ လိုတယ်။ စားပွဲပေါ် မှာ ထိုင်ပြီး ဆွေးနွေးဖို့ပဲ လိုတယ်။ ဆွေးနွေးပြီးတော့မှ အောက်ခြေကလည်း သိဖို့ လိုတယ်။ အပေါ်က လူကြီး တွေ ဆွေးနွေးပြီးတော့ အောက်ခြေက မသိရင်လည်း အဆင်မပြေဘူး။ အဲဒီတော့ ကိုယ့်အဖွဲ့အစည်းကို ပိုင်ပိုင်နိုင်နိုင်လေးနဲ့ အောက်ခြေအထိ သိအောင်လုပ်ရမယ်”ဟု ပြောခဲ့ဖူးသည်။

    ထို့ကြောင့် အဆိုပါလက်သည်မပေါ် မြေမြှုပ်မိုင်းအရေးကို သက်ဆိုင်သူများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် လက်တွေ့ ကျသော ကွင်းဆင်း လေ့လာမှုများနှင့် တွေ့ဆုံဆွေးနွေးမှုများဖြင့် ပြည်သူ့မျက်နှာမူ၍ အချိန်မဆွဲပဲ ဖြေရှင်းပေးရန်နှင့် အရပ်သားများကို ပစ်မှတ်ထားသည့်မြေမြှုပ်မိုင်းလက်သည်တရားခံကိုလည်း စုံစမ်းရှာဖွေဖော်ထုတ်၍ ကိုင်တွယ်ဖြေရှင်းသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

    Photo- မြေမြှုပ်မိုင်းထိခိုက်ခံစားရသူများ (MNA)

    မိုင်းပေါက်ကွဲထိခိုက်မှုဖြစ်စဉ်များ

    ၁။ နိုင်ထွန်း (မေ ၄-၂၀၂၀) ခြေထောက်တစ်ဖက်ဖြတ်။

    ၂။ နိုင်လော့ (မတ် ၁၈-၂၀၂၀) ခြေတစ်ဖက်ပြတ်၍သေဆုံး။

    ၃။ နိုင်ဗိုင်    (မတ် ၁၁-၂၀၂၀) ခြေထောက်တစ်ဖက်ဖြတ်။

    ၄။ နိုင်ဝင်းလှိုင် (မတ် ၁၁-၂၀၂၀) ခြေထောက်တစ်ဖက်ဖြတ်။  

    ၅။  ရွာသားတစ်ဦး (ဖေဖော် ၂၉-၂၀၂၀) လက်ထိခိုက်ဒဏ်ရာ။

    ၆။ နိုင်မွန်ချမ်း (အောက်တိုဘာ ၈-၂၀၁၉) ခြေထောက်အရိုးကျိုး။

    ၇။ ဒေါ်နှင်းဆီ (ဧပြီ ၂၃-၂၀၁၉) ခြေထောက်အရိုးကျိုး။

    ၈။ နိုင်ကွန်းဘလိုင် (နိုင်ဝင်ဘာ ၂၉-၂၀၁၈) ခြေထောက်အရိုးကျိုး။

    ၉။ မင်းမွန်ချမ်း(နိုင်ဝင်ဘာ ၁၀-၂၀၁၈) ခြေထောက်တစ်ဖက်ဖြတ်။

    ၁၀။ မင်းအတစ်-(အောက်တိုဘာ ၁၈-၂၀၁၈) ဆိုင်ကယ်ပျက်ဆီး။

    ၁၁။ မွန်ပြည်သစ်ရဲဘော်တစ်ဦး(အောက်တိုဘာ ၁၅-၂၀၁၈) ခြေတစ်ဖက်ဖြတ်။

    မှတ်ချက်။   ။ ထိခိုက်သူများ ကျန်ရှိပါသေးက ထပ်မံဖြည့်စွက်ပါရန်။

    ကိုးကားချက်များ

    -မွန်သတင်းအေဂျင်စီ

    -အင်တာဗျူးများ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts