spot_img
Monday, February 23, 2026
More
    spot_img
    HomeCovid 19မည်သည့်အဖွဲ့အစည်းကိုမှချန်လှပ်မထားဘဲ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲပေးသင့်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌတိုက်တွန်း

    မည်သည့်အဖွဲ့အစည်းကိုမှချန်လှပ်မထားဘဲ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲပေးသင့်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌတိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (မေ ၁၁) 

    တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ကောင်းမွန်သောဆောင်ရွက်ချက်ဟု မိမိတို့ရှုမြင်သလို တပ်မတော်အနေဖြင့် သဘောထားကြီးစွာထား၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကြေငြာပေးသင့်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ တိုက်တွန်းလိုက်သည်။

    မြန်မာနိုင်ငံတွင် COVID-19 ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်းအ

    တိုင်း နိုင်ငံတော်မှအကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်  နေရာများမှအပ ကျန်နယ်မြေများ၌ ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ သြဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့ခြင်း ဖြစ်သည်။

    နိုင်ဟံသာက “ဒီကပ်ရောဂါက အန္တရယ်တော်တော်ကြီးမားပါတယ်၊ အားလုံးအတူတကွဝိုင်းဝန်းကာကွယ်ကြမှ ဖြစ်မယ်၊ ဒါပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေရင်တော့ ရောဂါကာကွယ်ရေးအပိုင်းတွေမှာ အခက်အခဲဖြစ်နေပါလိမ့်မယ်၊ နေရာတိုင်းအားလုံးမှာ ပစ်ခတ်တိုက်ခိုက်တာတွေကို ရပ်စဲထားသင့်တယ်၊ အချို့အဖွဲ့အစည်းတွေနဲ့ရပ်စဲပြီး အချို့အဖွဲ့အစည်းနဲ့ တိုက်ပွဲဆက်ဖြစ်နေတာကတော့ မဖြစ်သင့်ဘူးလေ၊ ဒါကြောင့် တပ်မတော်အနေနဲ့ သဘောထားကြီးကြီးထားပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပေးပါလို့ တိုက်တွန်းပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးမှာ မိမိတို့နိုင်ငံသားများပင် ဖြစ်ကြပါကြောင်း၊ တချို့အဖွဲ့အစည်းများနှင့် အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေးရယူခြင်းမရှိသေးသည့် အဖွဲ့အစည်းအား တိုက်ခိုက်နေသည်မှာလည်း မဖြစ်သင့်ကြောင်း၊ အကယ်၍ တပ်မတော်သာအပစ်ရပ်စဲမှုကြေငြာပါက အပစ်မရပ်ဖြစ်သေးသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း လက်ခံကြိုဆိုလိမ့်မည်ဟု ယူဆကြောင်း နိုင်ဟံသာက ဆိုသည်။    

    မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar ဒါရိုက်တာ ဦးအောင်သူငြိမ်းက “ကမ္ဘာ့စီးပွားရေး ထိခိုက်လာတဲ့အနေအထားမှာ ဒီလိုအရင်းအမြစ်တွေ ရှားပါးလာတဲ့အနေအထားမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဒီလိုအခွန်ငွေကောက်တာကစလို့ အရင်းမြစ်တွေ ရှားပါးလာနိုင်တဲ့ပြဿနာမျိုးရှိတယ်၊ အဲလိုအရင်းမြစ်တွေရှားပါးလာရင် လူသားတွေမှာ လုယက်တတ်တဲ့ သဘောရှိတယ်ခင်ဗျ၊ အချင်းချင်းလည်း ပြဿနာပဋိပက္ခ ပိုကြီးလာနိုင်တဲ့အနေအထားမျိုးလည်း ရှိတတ်တယ်၊

     အဲလိုအနေထားမျိုးမှာ ကျနော်မြင်တာက အစိုးရအနေနဲ့လည်း EAOs တွေအတွက် တချို့ကိစ္စတွေကို ဖြည့်ဆည်းပေးဖို့ လိုလိမ့်မယ်လို့ ကျနော်ယူဆတယ်၊ ဥပမာ အခြေခံစားသောက်ကုန်တွေပေါ့” ဟု ပြောသည်။

    ယင်းသို့အကောင်အထည်ဖော်မှုအပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဦးဆောင်လိမ့်မည်ဟု ယူဆရကြောင်း၊ လက်ရှိ NRPC ဖွဲ့စည်းပုံအရ ဆက်ဆံရေး ဆက်သွယ်ရေးကိစ္စရပ်များအပြင် ထောက်ပံ့ရေးကိစ္စများလည်း ပါဝင်လာမည်ဖြစ်သည့်အတွက် လူအင်အားတိုးချဲ့ပြီး လေးလေးနက်နက် အကောင်အထည်ဖော်သင့်ကြောင်း ၎င်းက တိုက်တွန်းလိုက်သည်။

    သို့ရာတွင် ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ(၆) ရပ်အနက်မှ ဖော်ပြပါ(၄)ချက်ဖြစ်သည့် (က) သဘောတူစာချုပ်များအတိုင်းကတိတည်ရန်။ (ခ ) ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်။ (ဂ ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်။ (ဃ) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို အလေးအနက်ထား လိုက်နာရန် လိုအပ်ကြောင်း တပ်မတော်၏ကြေငြာချက်တွင် ဖော်ပြသည်။

    ထို့အပြင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ထိခိုက်မှုမဖြစ်စေရန် တာဝန်ယူ ရမည်ဖြစ်ပြီး အထက်ပါ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက တပ်မတော်အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

    မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထားသည့် ၁၀ ဖွဲ့၊ လက်မှတ်မထိုးဘဲ NCA ပြင်ပကလျှောက်လှမ်းမည်ဆိုသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC, ပြည်နယ်အဆင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် KNPP(ကရင်နီ)၊ NSCN-K (နာဂအဖွဲ့) တို့ရှိပြီး ရက္ခိုင့်တပ်တော် AA အပြင် အာဆာ ARSA အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရသတ်မှတ်ထားသည်။

    Photo- ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း ထွက်ပြေးလာသည့်ရွာသားများ (DMG)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks