Monday, March 16, 2026
More
    spot_img
    Homeသတင်းရေခမ်းခြောက်လာသည့် မော်လမြိုင်ရွှေနတ်တောင်ဆည်ရေပေးဝေမှု နှစ်ပတ်စာခန့်သာ အဆင်ပြေတော့မည်ဟုဆို

    ရေခမ်းခြောက်လာသည့် မော်လမြိုင်ရွှေနတ်တောင်ဆည်ရေပေးဝေမှု နှစ်ပတ်စာခန့်သာ အဆင်ပြေတော့မည်ဟုဆို

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မေ ၈)

    ရာသီဥတု အလွန်ပူပြင်းသောကြောင့် မော်လမြိုင်မြို့ကို အဓိကရေဝေပေးနေရသည့် ရွှေနတ်တောင်ဆည်  ရေခမ်းခြောက်မှုရှိလာပြီး နှစ်ပတ်စာခန့်သာ အဆင်ပြေတော့မည်ဟု မော်လမြိုင်စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။

    “ပူပြင်းတော့ ရွှေနတ်တော်ဆည်ရေကို တစ်ရက်ကို ဂါလံသိန်း ၄၀ လောက် ထုတ်နေတယ်၊ အတ္တရံက တစ်ရက်ကို ဂါလံ ၁၅ သိန်းလောက် ထုတ်နေရတယ်၊ ပြသနာဖြစ်နေတာက ရွှေနတ်တောင်ကနေ ထုတ်တဲ့ ရေက ကျွန်တော်တို့ ခန့်မှန်းတာဆိုလိုရှိရင် နောက်ထပ် ၂ ပတ်စာလောက်ကိုပဲ ရေယူလို့ အဆင်ပြေတော့မယ့် အနေအထားမျိုးတွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

    လက်ရှိမှာ အတ္တရံမြစ်ရေကို အစားထိုးရေသုံးစွဲနိုင်ရန် စီစဉ်နေပြီး ပြည်သူတွေအနေဖြင့် ရေသုံးစွဲမှုများနေသည့်အတွက် ရေကိုချွေတာသုံးစွဲနိုင်ရန် သတိပေးမှုများ ပြုလုပ်ထားရသည်ဟု ၎င်းကဆိုသည်။

    ထို့အတူ မွန်ပြည်နယ်ရေရှားမှုအန္တရာယ်နှင့် ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် ရန်ပုံငွေ ၁ ဘီလီလျံမှ အသုံးပြု၍ ဖြေရှင်းပေးနေသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြီးခဲ့သည့်မတ်လလယ်တွင် သတင်းထောက်များကို ပြောသည်။

    “ရေရှားပါးမှုနှင့် ပတ်သက်ပြီး အစိုးရက ဦးစားပေး ပထမဦးဆုံးထဲမှာပါတယ် ကျေးရွာတစ်ရွာရေရှားပြီးဟေ့ဆိုရင် သောက်ရေ မဖြစ်မနေ လုပ်ပေးရတယ် မလုပ်ပေးတာ တစ်ခုမှ မရှိဘူး၊ တော်တော်များများကျေးရွာတွေလည်း နှစ်ပေါင်းများစွာ ရေမရရှိခဲ့တာတွေ  အခုသောက်သုံးရေ အပြည့်အဝရနေတာ အများကြီးပဲ” ဟု ၎င်းက ဆိုသည်။

    သို့ရာတွင် ပြည်နယ်တွင်းရေရှားပါးမှု ၇၅ %ကို  ပြည်နယ်အစိုးရဖြေရှင်းပေးနိုင်ထားပြီးဟု ဆိုသော်လည်း မြို့နယ်တိုင်းတွင် ကျေးရွာများပါမကျန် မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းများနှင့် ပရဟိတအသင်းအဖွဲ့များက နေ့စဉ်ရေအလှူဝေပေးနေရကြောင်း လူမှုကွန်ယက်များမှတဆင့် တွေ့ရှိရသည်။

    အထူးသဖြင့် ချောင်းဆုံနှင့် ပေါင်မြို့နယ်ဘက်မှာ အဓိက ရေရှားပါးမှုများ ဖြစ်ပေါ်နေသည်ဟု မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက ပြောသည်။

    “ဒီနှစ်မော်လမြိုင်မှာတောင် တော်တော်ဆိုးဆိုးရွားရွားဖြစ်နေတာ၊  ကျွန်တော်တို့ ရေအများဆုံး သွားလှူရတာက ချောင်းဆုံဘက် ပေါင်မြို့နယ် အလှပ်ဘက်တို့ ပေါင်မြို့နယ် ဘက်ခြမ်း တော်တော်များများက အဓိက ရေလုံးဝရှားပါးတယ် အဲ့နေရာတွေကို အဓိကထာပြီး သွားလှူနေရတယ်” ဟု ၎င်းကဆိုသည်။

    အကယ်၍ သောက်သုံးရေပြတ်လပ်ပြီး ရေအခက်အခဲဖြစ်ပေါ်လာပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးဌာနသို့ အကူ အညီတောင်းခံနိုင်သလို သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ထားကြောင်း ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

    Photo- ရွှေနတ်တောင်ဆည် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks