spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ်မော်တော်ယာဉ်များ ခရီးသည်ထက်ဝက်လျှော့ချ၍ ယာဉ်စီးခနှစ်ဆနှုန်းခွင့်ပြုထား

    မွန်ပြည်နယ်မော်တော်ယာဉ်များ ခရီးသည်ထက်ဝက်လျှော့ချ၍ ယာဉ်စီးခနှစ်ဆနှုန်းခွင့်ပြုထား

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဧပြီ ၃၀)

    မွန်ပြည်နယ်မှ မြန်မာနိုင်ငံအတွင်း မြို့ကြီးများသို့ ပြေးဆွဲနေသော ခရီးသည်ယာဉ်များကို တင်ဆောင်နိုင်သည့် ဦးရေ ထက်ဝက်နှင့် ယာဉ်စီးခ နှစ်ဆနှုန်းဖြင့် ပြေးဆွဲရန် ခွင့်ပြုထားကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

    “Social distancing အရ ခွင့်ပြုထားတယ် လူဦးရေက ထက်ွက်ပေါ့ ဥပမာ ၄၀ ဆို ၂၀ ပေါ့ ယာဉ်စီးခက နှစ်ဆတက်သွားမယ် စီးပွားရေးအရ ဆွဲနေတာပဲ ယာဉ်စီးခတော့ တက်မှာပေါ့ ဒါမဟုတ် ဘယ်သူက စိုက်မှာလဲ  ”  ဟု ၎င်းကဆိုသည်။

    သို့ရာတွင် ပြည်နယ်အစိုးရ အနေဖြင့် ယာဉ်စီးခနှင့် ပတ်သက်ပြီး ယာဉ်လိုင်းများနှင့် ညှိနှိုင်းရန် အစီအစဉ် မရှိသေးကြောင်း ဒေါက်တာ အေးဇံက ပြောသည်။

    လက်ရှိကာလမှ ယာဉ်လိုင်း ၁၀ လိုင်းမှ ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေပြီး  ပုံမှန်ဈေးနှုန်းသာ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများလည်း ရှိသည်ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ဆိုသည်။

    “ခရီးသည် တစ်ဝက်ပဲ တင်ရမယ်ဆိုတော့ ယာဉ်စီးခ နှစ်ဆကောက်မှပဲ အဆင်ပြေမှာပေါ့ တစ်ချို့ မကောက်တဲ့ ယာဉ်လိုင်းတွေလည်း ရှိတယ် အဲ့အပေါ်မှာ ကျွန်တော်တို့က ကောက်ရမယ်လို့ မသတ်မှတ်ထားဘူး ကောက်နိုင်တယ် ဆိုပြီး သူတို့ဘက်ကလည်း အဆင်ပြေအောင်ပြောထားတာပေါ့ တစ်ချို့ ယာဉ်လိုင်းကျလည်း နှစ်ဆ အပြည့်မကောက်ဘူး ၆ထောင် နေရာမှာ တစ်သောင်းကောက်တာရှိတယ် နှစ်ဆ မဖြစ်ဘူးပေါ့” ဟု ၎င်းကဆိုသည်။

    ယင်းအပြင် ခရီးသည်နှင့် ယာဉ်မောင်းများ Mask တပ်ရန်နှင့် ကားများတွင် လက်သန့်ဆေး ထားရန် ညွှန်ကြားထားပြီး ခရီးသည်အပိုတင်ဆောင်မှု မရှိစေရန် အတွက် တိုးဂိတ်များတွင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဦးကျော်ဝင်းမောင်က ဆိုသည်။

    စက်သုံးဆီဈေးများ ကျနေသည်ဆိုသော်လည်း လမ်းတံတား ကြေးများ ကြောင့် ယာဉ်စီးခ နှစ်ဆ ကောက်ခံနေရတာဖြစ်သည်ဟု မော်လမြိုင် ရန်ကုန် ပြေးဆွဲပေးနေသည့် အောင်ကျော်မိုး ယာဉ်လိုင်းပိုင်ရှင် မစုမြတ်လှိုင်က ပြောသည်။

    “ကားသမားဘက်ကလည်း သူတို့မောင်းလာတဲ့ လမ်းဖိုး ဆီဖိုးတို့ကလည်း ၂ သိန်းခွဲလောက်ရှိနေတယ် တစ်ခြမ်းက လေး၊ ငါးသောင်းနဲ့   နောက်တစ်ခြမ်းကလည်း ၁ သိန်းနဲ့ ရတယ်ဆိုရင်တော့ အဆင်မပြေဘူး ခရီးသည်ကိုတော့အတတ်နိုင်ဆုံး အဆင်ပြေအောင်ပြောတယ် နှစ်ခုံကိုတော့ ဖြတ်ရမယ် အဆင်ပြေမလား တစ်ချို့ကလည်း အဆင်ပြေတယ် တစ်ချို့ကလည်း နှစ်ခုံ ဆိုတော့ ၁၂၀၀၀ ပေါ့နော် မဖြတ်နိုင်ဘူး ကျွန်မတို့က အဆင်ပြေအောင်လုပ်ပေးမယ် ကြားထဲမှာ ကုန်တွေနဲ့ ခြားလိုက်တာပေါ့ သူတို့က နှစ်ခုံစာ ဖြတ်ဖို့ မလိုတော့ဘူးပေါ့” ၎င်းကဆိုသည်။

    မွန်ပြည်နယ်မှ မြန်မာနိုင်ငံ ရှိ မြို့များသို့ ယာဉ်လိုင်း ၇၀ ကျော်ဖြင့် ပြေးဆွဲနေသော်လည်း လက်ရှိ COVID ကာလတွင် ယာဉ်လိုင်း ၁၀ ကျော်သာ ရန်ကုန် မော်လမြိုင် လမ်းကြောင်းအတိုင်း ပြေးဆွဲနေတာလည်းဖြစ်သည်။

    ယင်းအပြင် COVID ကာလတွင် မွန်ပြည်နယ် အစိုးရမှ ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ညွှန်ကြားချက်များကို မေလ ၁၅ ရက်နေ့အထိ တိုးမြင့်ထားကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောကြားထားသည်။

    Photo- မော်လမြိုင် မြေနီကုန်းအဝေးပြေးကွင်း (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks